နောက်ခံသမိုင်း
မြန်မာနိုင်ငံကို ဗြိတိသျှကိုလိုနီစံနစ်အောက်မှ လွတ်လပ်ရေးရရှိရန် ကြိုးပမ်းမှုကို ဦးရွက်ပြုလုပ်နေသော ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ ရှမ်းပြည် ပင်လုံမြို့လေးတွင် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် လွတ်လပ်ရေးကို အတူတကွ ယူပါမည်ဆိုသည့် ပင်လုံစာချုပ်ကို လက်မှတ် ရေးထိုးခဲ့ကြသည်။
၁၉၄၇ ခုနှစ် ဇန်န၀ါရီလ (၄) ရက်နေ့တွင် မြန်မာပြည်လွတ်လပ်ရေးရရှိခဲ့သည့်အခါ ၁၉၄၇ အခြေခံဥပဒေသည် ပြည်ထောင်စုစံနစ် အုပ်ချုပ်ပုံမဟုတ်ဘဲ တပြည်ထောင်စံနစ်သာ ဖြစ်သည်ဟု ရှမ်းခေါင်းဆောင်များက ဦးဆောင်တင်ပြလာခဲ့ပြီး အခြေခံဥပဒေကို ပြင်ဆင် ရေးဆွဲရေးကို တောင်းဆိုလာခဲ့ကြသည်။ လွတ်လပ်ရေးရရှိပြီးနောက် ပြည်တွင်းလက်ဝဲ ကွန်မြူနစ်များက ပုန်ကန်ထကြွခဲ့ပြီး၊ ကရင်တပ်များကလည်း ကေအင်ဒီအို (KNDO) Karen National Deface Organization က ဦးဆောင်ပြီး ပုန်ကန်ခဲ့ကြသဖြင့် လွတ်လပ်ခါစနိုင်ငံ သည် ပြည်တွင်းစစ်မီးများကြားတွင် ကျရောက်ခဲ့ရသည်။ ထိုအခါ ပြည်သူများက သူပုန်များကို နှိမ်နှင်းနေသည့် တပ်မတော်ကို အားကိုးလာခဲ့ကြပြီး တပ်မတော်၏ အခန်းကဏ္ဍသည် မြန်မာနိုင်ငံရေးတွင် အရေးပါလာခဲ့သလို ပြည်တွင်းစစ်ကို ရင်ဆိုင်ရင်း သြဇာအာဏာ ကြီးမားလာခဲ့ရသည်။ တပ်မတော်ဗိုလ်ချုပ်ကြီး နေ၀င်းကို အားကိုးလာခဲ့ကြသည်။
ပြည်တွင်းစစ်ဖြစ်ရခြင်းမှာ မြန်မာပြည်ကွန်မြူနစ်ပါတီမှ အာဏာရယူရန်အတွက် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ခြင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက မြန်မာပြည်မှ ခွဲထွက်၍ မိမိကိုယ်ပိုင်နိုင်ငံထူထောင်လိုခြင်းနှင့် အုပ်ချုပ်နေသော အစိုးရမှ စစ်မှန်သော ဖယ်ဒရယ်အခြေခံဥပဒေကို မရေးဆွဲနိုင်ခြင်းကြောင့်ဟု ယေဘုယျသုံးသပ်နိုင် ပါသည်။ လက်ဝဲ လက်ယာနိုင်ငံရေးအဖွဲ့အစည်းများမှ ကိုယ်လိုရာဆွဲရေးသည့် သမိုင်းက လည်းရှိသဖြင့် အဓိက ပြည်တွင်းစစ်ဖြစ်ရခြင်း (၃) ချက်ကို အကျဉ်းရုံး၍ တင်ပြခြင်းဖြစ် ပါသည်။
ယနေ့မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စံနစ် ဖြစ်ထွန်းလာခြင်းမှာ ပင်လုံညီလာခံတွင် ပါသည့် ခွဲထွက်လိုက ခွဲထွက်ပိုင်ခွင့် ဆိုသည့် စာပိုဒ်သည် အဓိကအကြောင်းအရာ ဖြစ်နေသည်ဟုထင်သည်။ မြန်မာတနိုင်ငံလုံး လွတ်လပ်ရေးရရှိရန်အတွက် တိုင်းရင်းသား ခေါင်းဆောင်များနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ ပင်လုံမြို့တွင် ဆွေးနွေးခဲ့ကြစဉ် တန်းတူညီမျှရေး နှင့် အကယ်၍ မကျေနပ်လျှင် နောင် (၁၀) နှစ်အကြာတွင် ခွဲထွက်လိုက ခွဲထွက်ပိုင်ခွင့် ရှိစေရမည်ဆိုသည့် သဘောတူစာချုပ်ကို လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ကြသည်။ ဗိုလ်ချုပ် အောင်ဆန်းက ထိုစဉ်အခါက ဗြိတိသျှတို့က ပြည်မနှင့် တောင်တန်းဒေသဟူ၍ အုပ်ချုပ် ထားခြင်းကြောင့် အကယ်၍ ဤအချက်ကို လက်မခံပါက တိုင်းရင်းခေါင်းဆောင်များက ပြည်မနှင့်အတူ မပူးပေါင်းဘဲ ကျန်ရစ်ခဲ့မည်ကို စိုးရိမ်သည့်အတွက် လက်မှတ်ရေးထိုးပေးခဲ့ သည်ဟု ယူဆရသည်။

တချို့သော လက်ဝဲနိုင်ငံရေးသမားများက “အောင်ဆန်းအသုံးမကျလို့ လက်မှတ်ထိုး ခဲ့တာ၊ အောင်ဆန်းဟာတရားခံ” ဟု စွပ်စွဲခဲ့ကြသည်။ ထိုစဉ်က ခွဲထွက်ပိုင်ခွင့်ကို ဗိုလ်ချုပ် အောင်ဆန်းက လက်မှတ်မထိုးခဲ့လျှင် မြန်မာရာဇ၀င်သည် တမျိုးတဖုံပြောင်းလဲ သွားလိမ့်မည် ဖြစ်သည်။ လက်မှတ်မထိုးသဖြင့် သဘောတူညီချက်မရဘဲ တိုင်းရင်းသားများက ဗြိတိသျှ အင်ပါယာဓနသဟာယထဲတွင် ကျန်ရစ်ခဲ့ပြီး မြန်မာနိုင်ငံသည် ပြည်မနှင့်သာ လွတ်လပ်ရေးရ လာစရာအကြောင်းရှိသည်။ ရှမ်းပြည်၊ ကယားပြည်၊ ချင်းပြည်၊ ကချင်ပြည်နယ်တို့ ဗြိတိသျှ လက်အောက်မှ မည်သည့်အခါတွင် လွတ်လပ်ရေးရမည် မပြောနိုင်သော်လည်း အကယ်၍ သီးခြားလွတ်လပ်ရေးရရှိပါကလည်း ရှမ်းပြည်သည် ပတ်လည်တွင် ကုန်းလမ်းပိတ် (Land Lock) နိုင်ငံအဖြစ်ပေါ်ထွက်လာပြီး ပင်လယ်ထွက်ပေါက်အဖြစ် မြန်မာနိုင်ငံ၊ ယိုးဒယားနိုင်ငံ တို့ကို အားကိုးရမည့် အနေအထားဖြစ်ပေလိမ့်မည်။ ထို့အပြင် ရှမ်းပြည်သည် ယိုးဒယား ပြည်နှင့် ပူးပေါင်းကောင်း ပူးပေါင်းသွားနိုင်ချေရှိသည်။ ဥပမာ SSA ခေါင်းဆောင် ခွန်ဆာ၏ ဋ္ဌာနချုပ်တွင် ထိုင်းဘုရင်နှင့် မိဖုရားဓါတ်ပုံကြီးများ ချိတ်ဆွဲထားပြီး ခွန်ဆာက ၎င်း၏ ဘုရင်နှင့် မိဖုရားဟု ဆိုခဲ့သည့် သာဓကရှိသည်။ သို့မဟုတ် နိုင်ငံကြီးဖြစ်သည့် ယိုးဒယားသို့မဟုတ် ဗမာက ၀င်ရောက်သိမ်းပိုက်နိုင်သည်။ ထို့အတူ ကချင်နိုင်ငံငယ်လေးသည်လည်း ရှမ်းအလား ကုန်းပိတ်နိုင်ငံဖြစ်၍ မြန်မာနှင့် တရုတ်ကို အားကိုရပေလိမ့်မည်။ တရုတ်က တိဗက်ပြည်ကို ၀င်သိမ်းသလို သိမ်းယူသွားနိုင်ချေရှိသလို မြန်မာနိုင်ငံကလည်း မိမိပိုင် နယ်မြေအဖြစ် တောင်းယူသိမ်းပိုက်ခံရဘွယ်လည်းရှိနိုင်သည်။ ထိုနည်းတူ ချင်းနိုင်ငံအဖြစ် ထွက်ပေါ်လာမည် ဆိုပါက ပြည်မကိုပင် အားကိုးရမည့်အသွင်ရှိသည်။ သို့မဟုတ် ကုလားနှင့် ပေါင်း၍ မီဇိုရမ် ပြည်နယ်ထဲတွင် ပါဝင်သွားနိုင်သည်။
ဗိုလ်ချုပ်အောင်ဆန်း အမျှော်အမြင်ရှိသည့်အတွက်ကြောင့် ယနေ့အထိ မြန်မာနိုင်ငံ ဟူ၍ တိုင်းရင်းသားများအားလုံး စုစည်းထားသည့် အနေအထားသို့ ရှိနေခဲ့သည်ဟုဆိုလျှင် မမှားနိုင်ပါ။ သို့ရာတွင် ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ တိုင်းရင်းသားခေါင်းဆောင်များ ယုံကြည် ကိုးစားသည့် ပုဂ္ဂိုလ်ကို မသမာသူတစုက လုပ်ကြံသတ်ဖြတ်လိုက်ပြီးနောက် တိုင်းရင်းသား များ၏ ရပိုင်ခွင့်များ၊ တန်းတူညီမျှရေးဆိုသည့် ကတိများကို နောင်တက်လာသည့် ခေါင်း ဆောင်များက ပျက်ကွက်ခဲ့ကြသည်။
ဝန်ကြီးချုပ်ဦးနုကို ၁၉၆၁ ခုနှစ် ဂျွန်လတွင် ကရင်၊ ကရင်နီ၊ ကချင်၊ ရှမ်း၊ မွန်နှင့် ရခိုင်တိုင်းရင်းသားခေါင်းဆောင် ၂၀၀ ကျော် တက်ရောက်သည့် တောင်ကြီးမြို့ ညီလာခံမှ အခြေခံဥပဒေပြင်ဆင်ရေးကို တောင်းဆိုခဲ့ကြသည်။ ထို့ကြောင့် ထိုကိစ္စကို ဖြေရှင်းရန် ဦးနုက ၁၉၆၂ ခုနှစ် ဖေဖေါ်ဝါရီလ၌ ရန်ကုန်မြို့တွင် “အမျိုးသားနှီးနှောဖလှယ်ပွဲကို ကျင်းပပြုလုပ် ပေးခဲ့သည်။ တိုင်းရင်းသားခေါင်းဆောင်များ၊ အစိုးရကိုယ်စားလှယ်တော်များနှင့် နိုင်ငံရေးပါတီ များမှ ခေါင်းဆောင်များတက်ရောက်ခဲ့ကြသည်။ ရှမ်းပြည်နယ် ဥက္ကဋ္ဌ ၀န်ကြီး စပ်ခွန်ချိုက အစည်းအဝေးတွင် ပြည်မကို ပြည်နယ်တနယ်အဖြစ် သတ်မှတ်ဖွဲ့စည်းရေး၊ လွှတ်တော် (၂) ရပ် အာဏာတူရေး၊ လူမျိုးစုလွှတ်တော်သို့ ပြည်နယ်များက တူညီသည့် ကိုယ်စားလှယ် အရေအတွက်ပေးရေး၊ ပြည်နယ်များမှ မိမိဆန္ဒအလျှောက်လွဲအပ်သော အာဏာကိုသာ ပြည်ထောင်စု ဗဟိုအစိုးရမှ ရရှိနိုင်ရေး၊ ကျန်အာဏာကို ပြည်နယ်များတွင် ထားရှိရေး တို့ဖြစ်သည်။
၎င်းအကျိုးဆက်သည် နောက်တလအကြာ မတ်လ (၂) ရက်နေ့ ၁၉၆၂ နှစ်တွင် ဗိုလ်နေ၀င်းက တိုင်းပြည်ပြိုကွဲတော့မည်ဆိုသည့် အကြောင်းပြချက်ကို အသုံးချ၍ စစ်တပ်ကို ခုတုံးလုပ်၊ အခြေဥပဒေကို သစ္စာဖေါက်ဖျက်၍ အာဏာသိမ်းပိုက်ခဲ့ပြီး စစ်အာဏာရှင်စံနစ်ကို ထူထောင်ခဲ့လေသည်။
ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာရေးအတွက် ရင်ဆိုင်ရမည့် အတားအဆီးများ
(၁) ဗမာမုန်းတီးရေးစိတ်ဓာတ်။
(၂) မိမိလူမျိုးတမျိုးတည်းကိုသာ ကြည့်လုပ်ဆောင်ရွက်သော လုပ်ရပ်။
(၃) လူမျိုးကြီးဝါဒတည်ရှိနေမှု။
ဤသုံးချက်သည် ဖယ်ဒရယ်ပြည်ထောင်စုအတွက် အဟန့်အတားကြီးများဖြစ်သည်။
(၁) ဗမာမုန်းတီးရေးစိတ်ဓာတ်။
တိုင်းရင်းသားများသည် ပြည်တွင်းစစ်ဒါဏ်ကြောင့် မိမိတို့ အိုးအိမ်ပစ်၍လည်းကောင်း၊ သားမယားသေကြေပျက်စီး၍လည်းကောင်း၊ စစ်တပ်၏ ချောဆွဲ ပေါ်တာလိုက်ရ၍ လည်း ကောင်း၊ သားပျို သမီးပျိုများ ဖျက်ဆီးခံရ၍လည်းကောင်း စစ်တပ်ကို မုန်းတီးလာကြသည်။ ဗမာစစ်တပ်ဟူ၍ ဗမာလူမျိုးများကိုပါ မုန်းတီးနေကြသည်။ အမှန်စဉ်စစ် ဗမာလူမျိုးများလည်း တိုင်းရင်းသားပြည်သူများနည်းတူ စစ်အာဏာရှင်စံနစ်ဒါဏ်ကို ခံစားနေကြရသည်။ စစ်အာဏာ ရှင်တို့ကို တိုင်းရင်းသားများနည်းတူ တိုက်ပွဲဝင်နေကြသည်ကို နားလည်သဘောပေါက် လာလျှင် လူမျိုးရေးမုန်းတီးမှုကို ပြေပျောက်အောင် လုပ်နိုင်မည်ဖြစ်သည်။ အထူးသဖြင့် ပြည်နယ်များရှိ တိုင်းရင်းသားများ အများစုမှာ ပြည်မသို့ မရောက်ဘူးကြသဖြင့် ပြည်မတွင်လည်း ပြည်နယ်များမှာကဲ့သို့ နှိပ်စက်ညှင်းပန်းမှုရှိကြောင်း မသိမြင်ကြသဖြင့်သာ ဗမာတပ်ဟူ၍ ဗမာလူမျိုးများကို မုန်းတီးနေကြခြင်းဖြစ်သည်။ ဗမာခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်၊ ၈၈ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်၊ ကိုကိုကြီး၊ ဋ္ဌေးကြွေ၊ မင်းဇေယျာတို့ ထောင်ထဲတွင် ဆယ်စုနှစ်၊ နှစ်ခုနေလျှက် တိုက်ပွဲဝင်နေကြခြင်းကို သိချင်မှ သိပေလိမ့်မည်။ ရှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦး၊ ဗိုလ်ချုပ်ဆေထင်တို့ကိုသာ သိရှိချင်သိရှိနေမည်ဖြစ်သည်။
အချုပ်မှာ လူမျိုးရေး မုန်းတီးမှုသည် ပြည်ထောင်စုကြီးပေါ်ပေါက်ရေးအတွက် ကြီးမား သော အဟန့်အတားကြီးဖြစ်သည်။ စစ်အာဏာရှင်စံနစ်ကြောင့်သာ ဗမာလူမျိုးများ အပါအ၀င် တိုင်းရင်းသားများ အားလုံး ဒုက္ခဆင်းရဲခံနေရသည်ကို ရှင်းလင်းစွာ သိပြီး လူမျိုးရေးမုန်းတီး မှုမှာ မှားယွင်းကြောင်း သိမြင်လာဘို့ အဓိကလိုအပ်သည်။ လူမျိုးရေးမုန်းတီးမှုမရှိမှ၊ တွေ့ဆုံဆွေးနွေးသော အခါတွင် အလွယ်တကူ ယုံကြည်မှုကို တည်ဆောက်နိုင်မည်ဖြစ်သည်။
(၂) မိမိလူမျိုးတမျိုးတည်းအတွက်သာကြည့်ပြီး လုပ်ဆောင်နေသော လုပ်ရပ်။
တတိုင်းပြည်လုံးကို တပ်သားသုံးသိန်းကျော်အင်အားဖြင့် ဖိနှိပ်ထားသော စစ်အာဏာ ရှင်စံနစ်ကို မိမိပြည်နယ်တခုတည်း လွတ်မြောက်ရေးအတွက် သက်သက်တိုက်ပွဲဝင်နေ မှုသည် “တောင်ကြီးဖြိုမဲ့ကြံ ခါးကမသန်” ဆိုသည့် ပမာဖြစ်နေသည်။ အဓိက တိုင်းရင်းသား ခေါင်းဆောင်များ မြင်ရမည်မှာ မြန်မာပြည်တပြည်လုံး လွတ်မြောက်မှ ငါတို့ပြည်နယ်ပါ လွတ်မြောက်မည် ထို့ကြောင့် တပြည်လုံးလွတ်မြောက်ရေးကို ငါတို့ ကြိုးစားရမည် ဆိုသည့် အမြင်ကို ထားရှိဘို့လိုသည်။ ထိုသို့ တပြည်နယ် လွတ်မြောက်ရေးထက် အရေးထက် တပြည် လုံးလွတ်မြောက်ရေးဆိုသည့် အမြင်သို့ ပြောင်းပစ်လိုက်ပါက တော်လှန်ရေး အောင်မြင်သော နေ့တွင် ထိုခေါင်းဆောင်များသည် ပြည်နယ်ခေါင်းဆောင်များဘ၀ သာမက တနိုင်ငံလုံး လွတ်လပ်ရေးကို ဆောင်ကြဉ်းပေးသော အမျိုးသားခေါင်းဆောင်များဘ၀သို့ တက်လှမ်း ရောက်ရှိလာပေလိမ့်မည်။
(၃) လူမျိုးကြီးဝါဒ တည်ရှိနေမှု။
နေ၀င်းလက်ထက်မှစ၍ ယနေ့သန်းရွှေလက်ထက်အထိ မြန်မာစစ်တပ်သည် လူမျိုး ကြီးဝါဒဖြင့် တိုင်းရင်းသားပြည်သူများကို မြန်မာမှု (Burmanization) ပြုခဲ့ကြခြင်းသည် တိုင်း ရင်းသားစည်းလုံး ညီညွတ်မှုကို ကြီးစွာသော ထိခိုက်မှုကို ဖြစ်ပေါ်စေခဲ့သည်။ တိုင်းရင်းသား ပြည်နယ်များတွင် တိုင်းရင်းသားဘာသာစာပေများ သင်ကြားခွင့်ကို ပိတ်ပင်၍ မြန်မာစာကိုသာ သင်ကြားစေခြင်း တိုင်းရင်းသားယဉ်ကျေးမှု အမွေအနှစ်များကို ထိမ်းသိမ်းပေးခြင်းမပြုဘဲ မျက်ကွယ်ပြုခြင်းတို့သည် အလွန်ကျဉ်မြောင်းသည့် လူမျိုးကြီးဝါဒဖြစ်သည်။ အမေရိကန်၊ ဥရောပနိုင်များတွင် မူလတန်းအောင်ပြီး (၄- ၅) တန်း ရောက်လျှင် အင်္ဂလိပ်ဘာသာစကား အပြင် နိုင်ငံခြားဘာသာရပ်တခုခုကိုပါ တွဲယူရသည်။ နိုင်ငံခြားသား အခြေချသူများ ရောက်လာသည့်အခါတွင် စာသင်အရွယ် ခလေးသူငယ်များကို အင်္ဂလိပ်ဘာသာအပြင် မိမိ လူမျိုးဘာသာစကား မပျောက်ကွယ်ရအောင် စောင့်ရှောက်ကြဘို့ အားပေးခြင်း ကူညီခြင်းကို ပြုကြသည်။ တိုင်းတပါး ဘာသာစကား၏ တန်ဘိုးကို လေးစားကြသည်။ အမျှော်အမြင် ကြီးကြသည်။ ငါ့ဘာသာစကားပဲ သင်ရမည်မရှိ။ ဘာသာစကားနှင့် ပတ်သက်၍ နောက်တွင် အကျယ်ဆွေးနွေးတင်ပြသွားပါမည်။
ပထမပိုင်းပြီး၏။
ဒုတိယပိုင်း ဆက်ရေးနေပါသည်။
November 25, 2010
No comments:
Post a Comment