-->

Monday, January 31, 2011

ကမ္ဘာမြေကြီးကိုကျေးဇူးဆပ်ခြင်း နှင့် မျိုးဆက်သစ်တို့ဖြင့် စတည်ခြင်း



နာရေးကူညီမှုအသင်း(ရန်ကုန်) တည်ရှိရာအမှတ် ၁၃/က၊ ဗိုလ်မှူးဗထူးလမ်း၊ မြောက်ဒဂုံ မြို့နယ်၊ ၄၂ ရပ်ကွက် မြေနေရာအနေအထားသည် ပလပ်စတစ် (ကြွတ်ကြွတ်အိပ်) အမှိုက်ပုံကြီး ဖြစ်သည်။ အဆောက်အဦးများဆောက်လုပ်ရာတွင် မြေကိုတူးယူ၍ ပုံမှန်အတိုင်းဆောက်လုပ်၍ မရ။ စက်ပိုင်ကြီးများဖြင့် ပိုင်တိုင်များရိုက်သွင်း၍ အဆောက်အဦးများကိုဆောက်လုပ်ခဲ့ရသည်။ သာမန်မြေတွင် ဆောက်လုပ်သောအဆောက်အဦးများထက် ကုန်ကျငွေ (၃) ဆ ခန့်ပို၍ ကုန်ခဲ့သည်။ ယခုဆိုလျှင် ကုန်ကျငွေ မြောက်များစွာဖြင့် အဆောက်အဦးများဆောက်လုပ်ကာ ဆေးဝါးကု သပေးမှုများ၊ နာရေးပို့ဆောင်မှုများမြောက်များစွာကို (အခမဲ့) ထမ်းရွက်ပေးနေပြီ ဖြစ်သည်။



သို့သော် နာရေးကူညီမှုအသင်း(ရန်ကုန်) အဆောက်အဦးတည်ရှိရာနေရာဌာန၌ သစ်ပင်ပန်းပင်များ၊ အရိပ်ရအပင်ကြီးများ၊ သီးပင်စားပင်များစိုက်ပျိုးနိုင်ရန်အတွက် မြေအနေအထားကိုပြုပြင်ပြောင်းလဲထိန်းသိမ်းမှုများကို ပြုလုပ်နေရပြီဖြစ်သည်။နဂိုရှိပြီးသားမြေသားအညံ့များကိုတူးယူဖယ်ရှားပစ်ရန် အခက်အခဲများစွာရှိသည်။ ကုန်ကျငွေများစွာရှိမည်။ စက်ယန္တရားကြီးများအကူအညီများစွာလိုအပ် မည်။ ထို့အပြင် ဖယ်ရှားလိုက်သောမြေသားအညံ့များအစား ပြန်လည်၍ ဖို့မြေအဖြစ် အသုံးပြုရမည့် မြေသားထုထည် မြောက်များစွာလိုအပ်မည်ဖြစ်သည်။ ထို့ကြောင့် ဤကဲ့သို့ စိုက်ပျိုးမြေအစားထိုးမည့်ကိစ္စရပ်အားလက်လျော့လိုက်ရသည်။

၃၀.၁.၂၀၁၁ (တနင်္ဂနွေ) နေ့တွင် စိုက်ပျိုးမြေအဖြစ် အသုံးပြုနိုင်ရန်အတွက် မြေဆီမြေနှစ်များကိုနာရေးကူညီမှုအသင်း(ရန်ကုန်)မှ ၀ယ်ယူ၍မြောက်ဥက္ကလာမြို့နယ်၊ သုမိတ္တာ (၂၁) လမ်းရှိ “ဝေယျဝိစ္စအဖွဲ့လူငယ်များ” (၂၅) ယောက်သည် ကုသိုလ်ဖြစ် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိမြေဆိုး၊ မြေညစ်များအပေါ်သို့ သဘာဝမြေဆီမြေနှစ်များကိုလာရောက်၍ သစ်ပင်ပန်းပင် စားပင်၊ အရိပ်ရအပင်ကြီးများစိုက်ပျိုးနိုင်အောင်မြေသားညှိပေးခြင်း၊ တူးဆွပေးခြင်းများကိုဝေယျဝိစ္စရှမ်းအိုး စည်ဝိုင်းဖြင့် အားကြိုးမာန်တက် အမျိုးသားများတင်မကအမျိုးသမီးများ၊ ကလေးငယ်များကပါ တစ်နေကုန် လုပ်ဆောင်ပေးဆပ် ခဲ့ကြသည်။ ယင်းကဲ့သို့ “ဝေယျဝိစ္စအဖွဲ့လူငယ်များ”လာရောက် လုပ်အားပေးခြင်းသည် ပျက်စီးနေသောကမ္ဘာမြေကြီးအား ပြန်လည်၍ ကောင်းမွန်လာရန် ပြုပြင်ပေးခြင်း (သို့) ကမ္ဘာမြေကြီးအားကျေးဇူးဆပ်ခြင်း (သို့) ကုသိုလ်ယူခြင်းပင် ဖြစ်တော့သည်။


မကြာတော့မည့် ပစ္စုပ္ပန်အချိန်ကာလ၌ နာရေးကူညီမှုအသင်း(ရန်ကုန်) မြေနေရာဌာနသည် လူသားအကျိုးသယ်ပိုးမည့် လူမှုရေးသမားများလှုပ်ရှားနေမည့် အဆောက်အဦးကြီးများ၊ ကျန်းမာရေးကူညီစောင့်ရှောက်ကုသမှု ပြုလုပ်မည့် အဆောက်အဦးကြီးများ၊ မျိုးဆက်သစ်လူငယ် ကလေးငယ်များမွေးဖွားပေးမည့် အဆောက်အဦးကြီးများ၊ တိုင်းပြည်၏ ပညာရေးတိုးတက်စေမည့် ပညာတတ် ကလေးငယ်များမွေးဖွားပေးမည့် အဆောက်အဦးကြီးများနှင့်အတူစိမ်းလန်းစိုပြေသောလူမှုရေးသမားများနားခိုရာနေရာဌာနတစ်ခု ဖြစ်လာတော့မည် မလွဲပေ။

တဆက်တည်း မျိုးဆက်သစ်တို့နဲ့ လှုပ်ရှားတဲ့ စတင်းခြင်းကိုလည်းဖေါ်ပြပါရစေ

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ၂၀၀၁ ခုနှစ်၊ ဇန်န၀ါရီလ (၁) ရက်နေ့မှ စတင်၍ အများ ပြည်သူတို့၏ နာရေးကိစ္စများကို (အခမဲ့) ကူညီပံ့ပိုးဖေးမမှုများ ပြုလုပ်ခဲ့ရာယခု ၂၀၁၁ ခုနှစ်၊ ဇန်န၀ါ ရီလ (၁) ရက်နေ့တွင် (၁၀) နှစ်တင်းတင်း ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီလအတွင်း၌ (၁၀) နှစ်မြောက် အခမ်းအနားတစ်ရပ် ကျင်းပရန်အတွက် စီစဉ်မှုများ ပြုလုပ်ခဲ့သော်လည်းယင်းအခမ်းအနားအားစည်ကားသိုက်မြိုက်စွာကျင်းပလိုခြင်း၊ စည်းကမ်းရှိရှိစနစ်တကျပြုလုပ်လိုခြင်း၊ မြန်မာပြည်အနှံ နာရေးကူညီမှုအသင်း၊ လူမှုရေးအသင်းများအားဖိတ်ကြားလိုခြင်း၊ အလှူရှင်အပေါင်းတို့အား ကြွရောက်စေလိုခြင်းဆန္ဒများဖြင့် ယခုတည်ဆောက်လျှက်ရှိသောနာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးခန်း၊ စာကြည့်တိုက်၊ ပညာသင်ကြားရေးနှင့် လူမှုရေးသင်တန်းများ ပါဝင် သောအဆောက်အဦးသစ်ကြီးပေါ်ထွန်းလာမည့် ဧပြီလသင်္ကြန်ပွဲတော်အပြီး ၂၃ ~ ၂၄ (စနေနေ့/ တနင်္ဂနွေနေ့) (၂) ရက်တိုင်တိုင် ကျင်းပရန် ဆုံးဖြတ်ခဲ့ကြသည်။


ယင်းနာရေးကူညီမှုအသင်း(ရန်ကုန်) (၁၀) နှစ်မြောက် အခမ်းအနားတွင် ကြွရောက်လာကြသောဧည့်ပရိသတ်များ၊ အလှူရှင်များအားဖျော်ဖြေမှုများပြုလုပ်ရန်အတွက် လူမှုရေးမျိုးဆက်သစ် ကလေးငယ်များအားသင်တန်းနည်းပြဆရာများဖြစ်သောဒေါ်ဧရာမောင်မောင်၊ ဒေါ်နီနီအေး၊ ဦးဝင်းကိုနှင့် အကူဆရာ/မများမှ ဦးစီး၍ လူမှုရေး မြန်မာ/အင်္ဂလိပ်သီချင်းများအားအကနည်းပြဆရာများနှင့် ယူနီဗာဆယ်စတူဒီယိုမှ ကီးဘုတ်ပညာရှင် ကိုဇာနည်နှင့်ဇနီးတို့မှလည်းလာရောက်ကာသီချင်းတိုက်ပေးခြင်း၊ အကတိုက်ပေးခြင်းတို့ကိုလုပ်အားဒါနများ ပြုလုပ်ပေးနေကြသည်။



ဖေဖော်ဝါရီလကုန် ကလေးသူငယ်များစာမေးပွဲပြီးစီးသည့် အချိန်မှစ၍ (၁၀) နှစ်မြောက် အခမ်းအနားမကျင်းပမီအချိန်ကာလအတွင်းနာမည်ကြီးအဆိုတော်များမှလည်းမျိုးဆက်သစ်တို့၏ စွမ်းအားများကိုလာရောက်မြှင့်တင်ပေးမှုများ ပြုလုပ်ပေးမည်ဖြစ်သည်။



နာရေးကူညီမှုအသင်း(ရန်ကုန်)၏ (၁၀) နှစ်မြောက် အခမ်းအနားပွဲကို ၂၀၁၁ ခုနှစ်၊ ဧပြီလ (၂၃) ရက် စနေနေ့တွင် နံနက် (၉း၀၀) နာရီမှ ညနေ (၅း၀၀) နာရီအထိဈေးရောင်းပွဲများ၊ ဖျော်ဖြေပွဲများ၊ ဂီတလူမှုရေးသူရဲကောင်းဂုဏ်ပြုပွဲကျင်းပခြင်းတို့ကို ပြုလုပ်သွားမည်ဖြစ်သည်။ (၂၄) ရက် တနင်္ဂနွေနေ့တွင် မြန်မာပြည်အတွင်းရှိနာရေး/လူမှုရေးအသင်းများအားတွေ့ဆုံမိတ်ဆက်ပွဲကိုကျင်းပမည် ဖြစ်ပါသည်။ ယင်းတွေ့ဆုံမိတ်ဆက်ပွဲ စကားဝိုင်းအား ဖိတ်စာများသီးသန့် ပေးပို့ရန် အခက်အခဲရှိပါသဖြင့် တစ်ဆင့်စကားတစ်ဆင့်ပါးခြင်းဖြင့် ကုသိုလ်ပါဝင်ပေးပါရန် မေတ္တာရပ်ခံအပ် ပါသည်။
နာရေးကူညီမှုအသင်း(ရန်ကုန်)အားဆက်သွယ်ရန် -
အမှတ် - ၁၃/က၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၂ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်။
၅၈၁၃၆၃၊ ၅၈၀၁၃၃၊ ၀၉ - ၅၁၄ ၈၄၅၂

No comments: