အခြေခံလူ့အခွင့်ရေးတွေ ဒီမိုကရေစီအခွင့်ရေးတွေ နိုင်ငံသားအခွင့်ရေးတွေကို ထည့်သွင်းခြင်းမရှိတဲ့ (၂၀၀၈)ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် (၂၀၁၀)ရွေကောက်ပွဲကို လက်မခံတဲ့ပြည်သူများနဲ့ နိုင်ငံရေးအင်အားစုများဟာ ယခုအစိုးအဖွဲ့နဲ့ သမ္မတဆိုတာတွေကို လက်မခံသင့်ပါဘူး။ ၄င်းအစိုးရအဖွဲ့နဲ့ သမ္မတဆိုတာတွေကို တိုက်ရိုက်ဘဲဖြစ်ဖြစ် သွယ်ဝိုက်ပြီးတော့ဘဲဖြစ်ဖြစ် လက်ခံကြောင်း အရိပ်ရောင်တောင် ပြလို့မရပါဘူး။
ဘာကြောင့်လဲဆိုတော့ သမ္မတကြီးခင်ဗျာလို့ ခေါ်ဝေါ်လိုက်သည်နှင့် တစ်ပြိုင်နက်တည်း ၄င်းအစိုးရနှင့် သမ္မတကို အသိမှတ်ပြုရာရောက်သွားပါတယ်။ ထို့အပြင် မတရားတဲ့ရွေးကောက်ပွဲနဲ့ တစ်ဖက်သက်ရေးဆွဲထားတဲ့ အခြေခံဥပဒေကိုလက်ခံရာ ရောက်သွားပါတော့တယ်။ တစ်ချိန်တစ်ခါတည်းဘဲဖြစ်ဖြစ် သမ္မတကြီးခင်ဗျာလို့သုံးနှုံး လိုက်တာနဲ့အတူ အရင်ကလက်သင့်မခံနိုင်တာတွေ အသိမှတ်မပြုခဲ့တာတွေ အားလုံးဟာလည်း မြေမြုတ်သဂြိုလ်ပြီးသား ဖြစ်သွားပါတယ်။
မိမိတောင်းဆိုချက် အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ သမ္မတနှင့် နောက်ခံအကြောင်းအချက်တွေကိုပါ လက်ခံပြောင်းလဲပြီးသား ဖြစ်သွားပါတယ်။ ဒါကြောင့်မို့ မိမိတို့လက်သင့်ခံလို့မရတဲ့ အဆိုးရတစ်ရပ်ရဲ့ သမ္မတကို အသိမှတ်မပြုဘဲ နောင်ကိုလည်း တစ်ချိန်တစ်ခါမှ သမ္မတကြီးခင်ဗျာလို့ သုံးနှုံးတောင်းဆိုချက်တွေ မပြုမိဖို့လိုပါတယ်။
ဒီလိုအပြုသဘောရှိခဲ့ရင် နောင်တစ်ချိန်မှာ မင်းတို့ကငါ့ကို တစ်ချိန်တစ်ခါတုန်းက သမ္မတလို့ ခေါ်ခဲ့ဘူးတယ်မလား မင်းတို့ထုတ်ထားတဲ့စာ ဒီမှာကြည့်လေ ဆိုရင်တော့ ဘာတတ်နိုင်သေးလဲ။
ကိုယ်လက်ခံထားတဲ့ အသိမှတ်ပြုထားတဲ့ အစိုးရတစ်ရပ် (သို့) သမ္မတတစ်ရပ်ကို အတိုက်ခံလုပ် ဆန့်ကျင်ရန်ခတ်ခဲပြီး ကိုယ်ကလက်မခံ အသိမှတ်မပြုထားတဲ့ အစိုးရတစ်ရပ် (သို့) သမ္မတကိုတော့ ထိထိရောက်ရောက် အတိုက်ခံလုပ် ဆန့်ကျင်သွားနိုင်မှာဘဲဖြစ်တယ်။ ဒါကြောင့် အတိုက်ခံလုပ် ဆန့်ကျင်ချင်တယ် ဆိုရင်တော့ သမ္မတကြီးခင်ဗျာလို့ ဆိုပြီး တောင်းဆိုချက်တွေ ထုတ်တာမျိုး၊ စာတင်တာမျိုးတွေ မလုပ်သင့်ကြောင်း အကြံပြုအပ်ပါတယ်ခင်ဗျာ။
ကမ္ဘာမှာဘယ်တိုင်းပြည်ဘဲမဆို အစိုးရအဖွဲ့အပြောင်းလဲ ဖြစ်တိုင်းဖြစ်တိုင်း သာမန်အကျဉ်းသားတွေနဲ့အတူ နိုင်ငံရေးအကျဉ်းသားတွေကိုလည်း လွှတ်ပေးလေ့ရှိပါတယ်။
အကျဉ်းသားတွေ လွှတ်ပေးတဲ့နေရာမှာလည်း အချိန်အနည်းငယ်ယူရပါတယ်။ ဘာကြောင့်လည်းဆိုရင် တစ်နိုင်ငံလုံးမှာရှိရှိသမျှ အကျဉ်းထောင်တွေက အကျဉ်းသားတွေကို စနစ်တကျလွှတ်ပေးနိုင်ရန်အတွက် ထောင်ညွှန်ကြားရေမှူးတွေ ထောင်အုပ်ချုပ်ရေးမှူးတွေက စနစ်တစ်ကျ စီစဉ်ဆောင်ရွက်ရပါတယ်။
ဒါကြောင့် အချိန်အနည်းငယ်တော့ ယူရပါတယ်။ အတိုက်ခံအင်အားစုတွေဖက်ကလည်း အချိန်အတိုင်းတာ တစ်ခုလောက်အထိ စောင့်ဖို့လိုပါတယ်။ အလျင်စလိုတော့ မဖြစ်သင့်ပါဘူး။ ယ္ခုလို လက်မှတ်တွေဝိုင်းထိုး၊ သမ္မတကြီးခင်ဗျာလို့ တောင်းဆိုတင်ပြတိုင်း စစ်အာဏာရှင် ဦးသိန်းစိန်က လက်ခံလိုက်လျှော့မယ်တဲ့လား။ သေချာစဉ်းစားစေချင်ပါတယ်။
ဒီလိုတောင်းဆိုချက်တွေကြောင့် အကျဉ်းသားတွေ လွှတ်ပေးရမယ်ဆိုရင် အကျဉ်းသားတွေရဲ့ ထောက်ခံမှုတွေ ကောင်းကောင်းကြီးရသွားမှာပေါ့။ ဒီလိုအခွင့်ရေးမျိုးတော့ ဘယ်ပေးပါ့မလဲ။ ဒီလိုအခွင့်ရေးမျိုးကို ကျွန်ုပ်တို့ အတိုက်ခံပါတီတွေကို ဘယ်ပေးပါ့မလဲဗျာ အာဏာရှင်စစ်အဆိုးရဘဲယူမှာပါ။
လွှတ်ပေးတာချင်းအတူတူ နေ့စဉ်ထုတ် သတင်းစာခေါင်းကြီးပိုင်းတွေမှာ ဝါဒဖြန့်ချီအုန်းမှာလေ။ သူတို့သဘော သူတို့ဆန္ဒနဲ့ လွှတ်ပေးတယ်လို့ဘဲ အဖြစ်ခံမှာပေါ့။ အတိုက်ခံတွေရဲ့ လက်မှတ်ရေးထိုး တောင်းဆိုမှုကြောင့် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်မှုဟာလဲ ကြံ့ကြာသွားနိုင်ပါတယ်။
လွှတ်ပေးဖို့ သေချာနေပါလျှက် ဒီအချက်တွေကြောင့် နိုင်ငံရေးအကျဉ်းသားတွေကို အချိန်ဆွဲထားမှာသေချာတယ်။ ဘာကြောင့်လည်းဆိုတော့ ပြောမှလုပ်ရတာတော့ ဘယ်အဖြစ်ခံမှာလည်း အချိန်အကန့်သက်မရှိ ရွှေ့ဆိုင်းတာမျိုး ဖြစ်သွားနိုင်ပါတယ်။
နှစ်ပေါင်းနှစ်ဆယ်ကျော်အတွင်း တောင်းဆိုမှုတွေ ပြုတိုင်းပြုတိုင်း အာဏာရှင်အဆိုးရက ဘယ်တုန်းက လိုက်လျောခဲ့ဘူးလို့လဲ။
ကိုယ်ကြောင့် နိုင်ငံရေးအကျဉ်းသားတွေ ဒုက္ခမရောက်မိဖို့ သတိပြုသင့်ပါတယ်။ နောက်တစ်ချက်က သိန်းစိန်ဆိုတဲ့ စစ်အာဏာရှင် အဆိုးရကကော တကယ်ကော အာဏာရှိရဲ့လား။ တကယ် အာဏာမရှိဘူးဆိုရင် တောင်းဆိုချက်တွေကို သူ ဘယ်လိုဆောင်ရွက်ပေးနိုင်မှာလဲ။
ဇာတ်မင်းသားဖိုးချစ်ဆိုတာ လူတိုင်းသိတဲ့ ဇါတ်မင်းသားတစ်ယောက်ပါ ဒါပေမယ့် ပရိတ်သက်ရှေ့မှာ သူ က ချင်သလို က လို့မရဘူးလေ ကန့်လန့်ကာနောက်ကွယ်မှာ ဇာတ်ဆရာဆိုတာရှိတယ်။ ဇာတ်ဆရာအလိုကျ ဇာတ်မင်းသားဖိုးချစ်က က ပြအသုံးတော်ခံရတာပါ။
ဇာတ်မင်းသားလေးဖိုးချစ်ကို လူတိုင်းသိနေကြပေမယ့် ဇာတ်ဆရာကိုကျတော့ လူတိုင်းမသိဘူးလေ။ မြင်တောင်မြင်ဘူးကြမှာ မဟုတ်ပါဘူး။
ဒါပါဘဲဗျာ။ သိန်းစိန်ဆိုတာက သရုပ်ပြပါ။ နောက်ကွယ်မှာဖန်တီးနေတဲ့သူ ကြိုးကိုင်နေတဲ့သူတွေ ရှိနေပါတယ်။ အဲဒါကိုသိပါလျက်နဲ့ ဘာလို့ လျှောက်ထားချက်တွေ တောင်းဆိုချက်တွေ ပြုလုပ်နေရလဲ။
ပြည်သူကိုသွေးခွဲ ကြံဖွတ်ပါတီထောင် စွမ်းအားရှင်ဆိုတဲ့ လူမိုက်တွေ လက်သက်မွေး ဒီမိုကရေစီလိုလားသူတွေနဲ့ အတိုက်ခံပါတီကိုနှိပ်ကွပ် တိုင်းရင်းသားတွေကို အပြတ်သတ်ခြေမှုန်းပြီး၊ သူ့အာဏာ တည်မြဲရေးအတွက်ပဲသူ ကြိုးစားလုပ်ဆောင်ခဲ့တာပါ။
ဒါတင်ဘယ်ကမလဲဗျာ ရွေးကောက်ပွဲဆိုတာကြီး ချိမ့်ချိမ့်သည်း ကျင်းပပြီး ရွေးကောက်ပွဲမှာ တရားဝင် ရပ်တည်ခဲ့တဲ့ပါတီတွေကို အပိုင်းပိုင်းလုပ် နေကြတာကို အံသြမိပါတယ်ဗျာ။ စစ်အာဏာရှင်တွေက နှစ်(၂၀)ကျော်အတွင်း တပ်နှင့်ပြည်သူကိုသွေးခွဲ တောင့်တင်းခိုင်မာပြီး ဗမာပြည်ဒီမိုကရေစီအရေးကို တပ်ဦးကနေ ဆောင်ရွက်နေတယ်ဆိုတဲ့ (NLD) လို ပါတီကြီးတောင် တစ်ခြမ်းပဲ့ နှစ်ခြမ်းပဲ့တွေဖြစ်၊ လွှတ်တော်ထဲမှာ ချဲ့ယူမယ်၊ ဘာမယ်ဆိုတဲ့ ပုဂ္ဂိုလ်ကြီးတွေလည်း ထွေးပြီးသားတံတွေး ပြန်မျိုချနဲ့ တံတွေးနင်ပြီး ဆေးရုံရောက်ကုန်ပြီထင်ပါရဲ့ဗျာ။
နောက်ဆုံးအနေနဲ့ ဒီမိုကရေစီလိုလားသူများအနေနဲ့ လွတ်လပ်မှူကို အမှန်တကယ်လိုလားတယ်ဆိုရင် အာဏာရှင်တွေဆီကနေ တစာစာ တောင်းဆိုနေမယ့်အစား ပြည်သူလူထုကို ပူးပေါင်းပါဝင်စေပြီး လူထုလှုပ်ရှားမှုတွေကို အင်တိုက်အားတိုက် ဖော်ဆောင်ပြီး အာဏာရှင်တွေကို ဖြုတ်ချပစ်ဖို့ဘဲဖြစ်တယ်။
ယနေ့ဆိုရင် အရှေ့အလယ်ပိုင်းဒေသတွေမှာ လူထုအုံကြွမှုကြောင့် အာဏာရှင်အဆိုးရတွေ တစ်ယောက်ပြီးတစ်ယောက် ဖြုတ်ချနိုင်ခဲ့တယ်လေ။ ဒီလှုပ်ရှားမှုကနေ အရှိန်အဟုန်မြင့်မားစွာနဲ့ တစ်နိုင်ငံပြီးတစ်နိုင်ငံ ဆင့်သွားနေတာတွေကတော့ ကျွန်ုပ်တို့ အတိုက်ခံနိုင်ငံရေးသမားတွေ အားလုံးအသိပါဗျာ။
ဒါတွေကို အားကျအတုယူပြီး ကျုပ်တို့နိုင်ငံမှာလည်း အာဏာရှင်စနစ် ချုပ်ငြိမ်းသွားဖို့ လှုပ်ရှားဆောင်ရွက်မှုတွေ ကြိုးပမ်း ဆောင်ရွက်ကြပါစို့လို့ တိုက်တွန်း အကြံပြုအပ်ပါတယ်။ မတရားမှုဟာ ဥပဒေတစ်ရပ် ဖြစ်လာရင် တော်လှန်ပုန်ကန်မှုဟာလည်း တာဝန်တစ်ရပ် ဖြစ်လာပါတယ်။ ။
ပြည်တွင်းလူငယ်တဦး

No comments:
Post a Comment