-->

Thursday, June 16, 2011

နိုင်ငံနဲ့ အ၀ှမ်း နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး လှုပ်ရှားမှု



မြန်မာနိုင်ငံမှာ မတရားဖမ်းဆီး အကျဉ်းချထားခံနေရတဲ့ ကိုမင်းကိုနိုင်၊ ဦးခွန်ထွန်းဦး စတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့အတွက် နိုင်ငံရေး တက်ကြွသူတွေ၊ နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တွေက မန္တလေးမြို့ မဟာမြတ်မုနိဘုရားမှာ ဒီကနေ့ စုရုံးဝတ်ပြုဆုတောင်းခဲ့ကြပါတယ်။ ဒီအကြောင်းကို ကိုယ်တိုင်ပါဝင်ခဲ့တဲ့ နိုင်ငံရေး အကျဉ်းသား မိသားစုဝင် ဒေါ်သွယ်သွယ်သန်းက

မတရား အကျဉ်းချခံနေရတဲ့ ကိုမင်းကိုနိုင်ကို အမှူးထားပြီးတော့ ကျန်တဲ့ ဦးခွန်ထွန်းဦး စသည့် စသည့် များစွာသော နိုင်ငံရေးသမားများလဲ မလွတ်ကြသေးတော့ ကျမတို့ ဘယ်လိုနည်းနှင့်မှ နေလို့ ထိုင်လို့ မကောင်းပါဘူး။ ဒါကြောင့်မလို့ ကျမတို့တတွေက ဒီကနေ့ လပြည့်နေ့မှာ ဘုရားရှင်ရဲ့ ဂုဏ်တော်ကျေးဇူးတွေကို ရည်မှန်း သစ္စာတိုင်တည်ပြီးတော့ နိုင်ငံရေး အကျဉ်းသားများနဲ့အတွ မတရားအကျဉ်းကျခံရတဲ့ နိုင်ငံသူ နိုင်ငံသားများလဲ လွတ်မြောက်ပါစေဆိုပြီးတော့ ကျမတို့ မဟာမြတ်မုနိမှာသွားပြီးတော့ ဆုတောင်းဝတ်ပြုခဲ့တာပါရှင်…

လို့ ပြောပြသွားပါတယ်။ မိတ္ထိမြို့နယ်အတွင်းမှာလဲ (၁၀) မြို့နယ်က အမျိုးသားဒီမိုကရေစီ အဖွဲ့ဝင်တွေနဲ့ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေဟာ ဝတ်ပြုဆုတောင်းပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဘာကြောင့်အခုလို ဝတ်ပြုဆုတောင်းရတာလဲ၊ ဒီလို လုပ်လို့ ဘာတွေ ဖြစ်လာနိုင်လဲ၊ ရှေ့ဆက်ဘာတွေလုပ်သွားမလဲလို့ မေးမြန်းကြည့်တဲ့အခါမှာတော့ မိတ္ထီလာ အင်အယ်ဒီအတွင်းရေးမှူး ဒေါ်မြင့်မြင့်အေးက

“ဝတ်ပြုဆုတောင်းတယ်ဆိုတာက ဒီခေတ်ဒီအခါမှာ ဒီလောက်ပဲလုပ်လို့ရလို့ လုပ်နေရတာလေ။ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ဆိုရင် ကျမတို့က ဆန္ဒပြတာ အကြီးကြီးကို ပြလိုက်ချင်တာ။ ဗမာပြည်ရဲ့အနေအထားက ဝတ်ပြုဆုတောင်းတယ်ဆိုတာက အိုနာကျိုးကန်း မသန်မစွမ်းတဲ့သူတွေရဲ့ ငြီးငြူသံအဆင့်လောက်ပဲ ရှိတယ်။ လုပ်လို့ရတဲ့အခွင့်အရေးလေး ရှိသလောက်ပဲ လုပ်ရတာ။ ဒီဟာလုပ်ပြရုံနဲ့တင် လွတ်မယ်လားဆိုတော့ ဒါလေးက တစိတ်တပိုင်းပါ။ စဉ်ဆက်မပြတ်လုပ်နေရမယ်၊ ကျမတို့လုပ်တာ တိုင်းပြည်နဲ့ လူမျိုးအတွက်။ နိုင်ငံရေးအကျဉ်းသားတွေဆိုတာ တိုင်းပြည်နဲ့လူမျိုးအတွက် အကျဉ်းထောင်ထဲမှာ အကျဉ်းကျနေရတယ်။ ဒီအတွက် လုပ်တယ်။ ဒီထက်လဲ လုပ်ဦးမယ်။ ဒီထက်လဲ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် လုပ်မယ်”

လို့ ပြောပြသွားပါတယ်။ အလားတူ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး ဝတ်ပြုဆုတောင်းမှုတွေ ရန်ကုန်မြို့ မြောက်ဥက္ကလာမှာလဲ ပြုလုပ်ခဲ့ကြပါတယ်။ ဒီအကြောင်းကို မကြာသေးမှီကမှ လွတ်မြောက်တာတဲ့ နိုင်ငံရေး အကျဉ်းသူဟောင်း ဒေါ်နော်အုန်းလှက

“လွတ်ငြိမ်းချမ်းသာလို့ပြောပြီးတော့ လွတ်ပေးတာ ဒီနေ့ဟာ ၁ လ ပြည့်တယ်ရှင့်။ တကယ်တမ်းကျရင် လွတ်ငြိမ်းချမ်းသာ အစစ်အမှန်မဖြစ်လို့ ကျမတို့က ဒါကို ထပ်ဆိုတာဖြစ်ပါတယ်။ အကျဉ်းသားတွေလွှတ်ဖို့ကို ကျမတို့ အခုလက်ရှိ မိသားစုက တစိုက်မတ်မတ် လုပ်ခဲ့ကြတာလေ.. အခုလဲ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ဖို့ အကုန်လုံး မလွှတ်မချင်းပေါ့နော် ကိုယ်စွမ်း ဥာဏ်စွမ်းရှိသလောက် ကျမတို့တတ်သလောက် နိုင်သလောက် လုပ်ရမှာပါ လို့ ပြောပြပါတယ်။


ဒီလို အလားတူ ဆုတောင်းမှုတွေကို ရန်ကုန်တိုင်း သုံးခွ၊ ဧရာဝတီးတိုင်းနှင့် ရခိုင်ပြည်နယ်မှ (၁၃) မြို့နယ်မှာလဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ မြောက်ဥက္ကလာ၊ မြေနီကုန်းနှင့် စမ်းချောင်းမြို့နယ်တွေမှာလည်း နိုင်ငံရေးအကျဉ်းသားတွေ ချက်ချင်းပြန်လွတ်ပေးဖို့ဆိုပြီး စာထည့်တာတွေ၊ စာကပ်တာတွေနှင့် ဗိုလ်ချုပ်ပုံပါတဲ့ လက်ကမ်းစာစောင် ဝေတာတွေလဲ ရှိတယ်လို့ သိရပါတယ်။ အဲဒီလက်ကမ်းစာစောင်တွေမှာလည်း မတရား ထောင်ချခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေလွတ်မြောက်ဖို့အတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုရာမှာ ပူးပေါင်းတိုက်ပွဲဝင်ကြဖို့ ဖိတ်ခေါ်ထားကြောင်း သိရပါတယ်။

No comments: