-->

Friday, June 17, 2011

အင်းစိန်က အကျဉ်းသားတွေကို ရှေ့ တန်းစစ်မြေပြင်ပို့

ဒီနေ့မနက်မှာ အင်းစိန်ထောင်က အကျဉ်းသားတွေကို စစ်မျက်နှာမှာ ပေါ်တာအလုပ်သမားတွေအဖြစ် ခိုင်းစေဖို့ ကားနဲ့တင်ဆောင်ခေါ်ယူသွားတယ်လို့ သိရပါတယ်။ ဒီအကြောင်းကို ကိုယ်တိုင်တွေ့မြင်လိုက်တဲ့ အင်းစိန်ထောင်ရှေ့မှာနေတဲ့သူတဦးပြောပြတာက

“ဒီနေ့မနက် (၈) နာရီခွဲလောက်က ပေါ်တာကား ၂ စီးထည့်ပြီးတော့ အကျဉ်းသားတွေလေ (၁၀) ဘီးကား ၂ စီးထွက်သွားတယ်။ မနေ့ကတုန်းက ၂ စီးထွက်သွားတယ်။ အားလုံးဆိုရင် လူ (၇၀၀) ကျော်လောက် ရှိမယ်လို့ ခန့်မှန်းရတယ်။ ထောင်ရပ်ကွက်မှာတော့ ဒီနေ့ညနေ ထောင်ဝင်စာတွေ့ပြီးပြန်လာတဲ့ အမျိုးသမီးတယောက်ပြေပြတာ မရှိတော့ဘူး၊ လူတွေကုန်ပြီ။ ရဲဘက်ထွက်သွားပြီ။ အဲဒီအသံတွေပဲ ကြားနေရတယ်။”

လို့ ပြောဆိုသွားခဲ့ပါတယ်။ အကျဉ်းဦးစီးဌာနက အကျဉ်းသားတွေကို စစ်ပေါ်တာလိုက်ရင် ပြစ်ဒဏ်တဝက်လျှော့ပေးမယ်၊ စောစောပြန်လွတ်မယ်လို့ မြှူဆွယ်စည်းရုံးပြီး စစ်ဆင်ရေးနယ်မြေတွေကို ပို့လွှတ်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ် နှစ်ကုန်ပိုင်းမှာ သထုံထောင်ကနေ စစ်မြေပြင်စခန်းကို စစ်ပေါ်တာအဖြစ်အပို့ခံခဲ့ပြီး မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်စပ်က ပိန္နဲတောစခန်းမှာ သောင်တင်နေတဲ့ ကိုလှမင်းသိန်းကလဲ သူ့ရဲ့ စစ်ပေါ်တာ အတွေ့အကြုံကို အခုလိုပြောပြပါတယ်။

“ကျနော်တို့ကို သထုံထောင်ကို ပို့လဲပြီးရော တပ်က လာခေါ်ပြီး စစ်ဆင်ရေးနယ်မြေမှာ စစ်ပေါ်တာ ထမ်းပေးရတယ်။ စစ်ပေါ်တာလိုက်ရင် ပြစ်ဒဏ်လျော့ပေးမယ်၊ စောစောစီးစီး ပြန်လွတ်လာမယ်ပြောပြီး လွှတ်လိုက်တာပဲ။ ဧရာဝတီတိုင်း ထောင်ထဲကနေထုတ်တာ ၂၀၀ ကျော်နီးပါးလောက်ရှိမယ်။ ကျနော်တို့ထောင်ကထုတ်တာ အယောက် အစိတ်။ အလုပ်ဒဏ်ကို မခံနိုင်ကြလို့ ထွက်ပြေးကြတာ ၅ ယောက်ပဲ ရှိတော့တယ်။ ကျန်တဲ့လူတွေကတော့ ပြေးရင်းလွှားရင်းနဲ့ပဲ ဘယ်လိုတွေဖြစ်ကုန်လဲ မသိဘူး။ စစ်ဆင်ရေးနယ်မြေမှာလဲ ပစ်ရင်းခတ်ရင်းနဲ့ တိုက်ပွဲတွေဘာတွေဖြစ်ရင်လဲ ကျနော်တို့ ကြားထဲကနေ သေမယ်။”

လွတ်လက်မှတ်မပါဘဲ ပြန်သွားခဲ့ရင်လည်း အမိန်မရဘဲ ပြေးတယ်ဆိုပြီး နောက်တမှုထပ်တိုးမှာစိုးရိမ်လို့ ရောက်ရာနေရာအရပ်မှာ ကြိတ်မှိတ်နေရကြောင်းလဲ ကိုလှမင်းသိန်းက ပြောပြခဲ့ပါတယ်။
ဒီလို အသက်အန္တရာယ်ရှိတဲ့ ရှေ့တန်းစစ်မျက်နှာတွေမှာ အကျဉ်းသားတွေကို သူတို့ရဲ့ဆန္ဒမပါဘဲ စစ်ပေါ်တာအဖြစ်ခိုင်းစေဖို့ ခေါ်ယူတာတွေဟာ မြန်မာနိုင်ငံ လက်ရှိဥပဒေတွေနဲ့ မညီညွတ်သလို အိုင်အယ်လ်အိုနဲ့ သဘောတူညီထားတဲ့ အဓမ္မလုပ်အားပေး ခိုင်းစေချင်းမြောက်တယ်လို့ လူအခွင့်အရေး ရှေ့နေကိုဖိုးဖြူပြောပြတာက

ကျနော် သရက်အကျဉ်းထောင်မှာနေတုန်းကတော့ ရဲဘက်စခန်းကို အုံနှင့်ကျင်းနှင့်ထုတ်တာမျိုးကိုတော့ မြင်ဘူးပါတယ်ခင်ဗျ။ အကျဉ်းသားတွေကို စစ်ဘက်မှာ အလုပ်သမားတွေအဖြစ်နဲ့ ခိုင်းစေတဲ့ကိစ္စပါ။ လုပ်သားတွေဟာ ဘယ်နည်းနှင့်မှ ဆန္ဒရှိတဲ့ကိစ္စ မဖြစ်နိုင်ပါဘူး။ ပြည်တွင်းဥပဒေအရကိုလည်းပဲ တရားဝင်ခြင်း မရှိသလို နိုင်ငံတကာဥပဒေအရဆိုရင်လည်း Convention-29 နှင့် ငြိစွန်းတယ်လို့ ဆိုနိုင်ပါတယ်ခင်ဗျာ…

စစ်အစိုးရဟာ ၂၀၁၀ ခုနှစ် ကုန်ပိုင်းကလည်း အကျဉ်းသားတွေကို စစ်ပေါ်တာအဖြစ် ခိုင်းစေဖို့ ရှေ့တန်း စစ်မျက်နှာတွေကို ပို့လွှတ်တာတွေပြုလုပ်ခဲ့ပါတယ်။ စစ်ပေါ်တာအဆွဲခံရတဲ့ အကျဉ်းသားတွေဟာ အလုပ်ဒဏ်ကို မခံနိုင်ကြလို့ ထွက်ပြေးသူတွေရှိကြသလို လွတ်ရက်စေ့ပေမယ့် မလွတ်မြောက်သေးသူတွေနဲ့ တချို့ ရှေ့တန်းစစ်မြေပြင်မှာတင်ပဲ သေဆုံးခဲ့ကြသူတွေလဲရှိတယ်လို့ ကိုယ်တိုင်စစ်ပေါ်တာလိုက်ခဲ့ဖူးတဲ့ အကျဉ်းသားတွေ ပြောပြချက်အရ သိရပါတယ်ခင်ဗျား…

No comments: