-->

Wednesday, June 29, 2011

သံဖြူဇရပ်နဲ့ တောင်ငူမှာ ဗုံးကွဲပြန်

ဒီနေ့ မွန်းလွဲပိုင်း ၁ နာရီ ဝန်းကျင်လောက်က ပဲခူးတိုင်း တောင်ငူမြို့ မိတ္တဗလလမ်းထောင့်မှာရှိတဲ့ မိုးလုံလေလုံ အားကစားရုံအနီးမှာ ဗုံးတလုံး ပေါက်ကွဲခဲ့ပါတယ်။ အဲဒီပေါက်ကွဲမှုကြောင့် လူအသေအပျောက်မရှိကြောင်းသိရပြီး အခင်းဖြစ်ပွားရာနေရာဟာ လုံခြုံရေးချထားတဲ့ ရဲနှင့်စစ်တပ်နေရာယူထားရာ နေရာနှစ်ခုကြားမှာလို့ သိရပါတယ်။ ဒီအကြောင်းကို တောင်ငူမြို့ အားကစားရုံအနီးမှ ဒေသခံတယောက်က

“မိုးလုံလေလုံ အားကစားရုံနားမှာ၊ ဘာမှမဖြစ်ဘူး အသံဗုံးပဲ။ အသံ အကျယ်ကြီး ကြားရတယ်။ အဲဒီနေရာလောက်မှာ ရဲရော၊ စစ်တပ်ရောရှိတယ်လေ။ မိုးလုံလေလုံမှာ ရဲရှိတယ်၊ အဲဒီနား ကပ်ရက် ကဘောကဗွမှာ စစ်တပ်ရှိတယ်လေ။ လုံခြုံရေးချထားတဲ့နေရာနှစ်ခု ကြားထဲမှာ”

မနေ့ညသန်းခေါင်အချိန်ကလည်း မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့က မြို့နယ်အုပ်ချုပ်ရေးမှူးရုံးနောက်မှာ ဗုံးတလုံး ပေါက်ကွဲခဲ့လို့ အုတ်တံတိုင်း အနည်းငယ် ကျိုးပဲ့သွားပြီး ထိခိုက်ဒဏ်ရာရရှိမှုမရှိပေမယ့်လည်း အရောင်းအဝယ်တွေ အရင်ကလောက် မသွက်လက်တော့ဘဲ ထိုင်းသွားတယ်လို့ သိရပါတယ်။ ဒီအကြောင်းကို မြို့ခံတဦးက

“မယက ရုံးအနောက်ဖက်မှာပါ။ အသံ တော်တော်ကျယ်တယ်။ အုတ်တံတိုင်းအနီးမှာဆိုတော့ နည်းနည်းကျိုးပဲ့တာတော့ ရှိတယ်။ ဒီနေ့တော့ လှုပ်ရှားနေကြတယ်။ အရောင်းအဝယ်တော့ နည်းနည်းပါးတယ်”

ဒီလ ၂၄ ရက်နေ့တုန်းကလည်း စစ်အစိုးရအခြေစိုက်ရာ နေပြည်တော်အပါအဝင် မန္တလေးမြို့ ဈေးချိုရှေ့နဲ့ မေမြို့တို့မှာ ဗုံးပေါက်ကွဲမှုတွေဖြစ်ခဲ့ပါတယ်။ ဒီကနေ့ထုတ် အစိုးရသတင်းစာမှာတော့ အဲဒီဗုံးကွဲမှုမှာ ပါတ်သက်သူ ၃ ဦးကို တရားခံအဖြစ် ဖော်ပြထားပေမယ့် အရင်က ဗုံးကွဲမှုတွေတုန်းကလည်း ယခုလိုပဲ စွပ်စွဲဖော်ပြလေ့ရှိပြီး တရားခံအစစ်ကို ထုတ်ဖော်နိုင်စွမ်း မရှိခဲ့ပါဘူးခင်ဗျာ…

No comments: