-->

Thursday, June 30, 2011

မတရားထောင်ချခံထားရတဲ့ လယ်သမားတွေအယူခံအနိုင်ရ

၂၀၁၀ မတ်လ ၂၁ရက်က ရိုက်နက်ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် ၁၀နှစ်ကျော်ချမှတ်ခံထားရတဲ့ စစ္စရံရွာသားတွေရဲ့အမှုကို မင်းဘူးခရိုင်တရားရုံးက ၃လထိလျော့ချပြောင်းလဲလိုက်တယ်လို့ သိရပါတယ်။

၂၀၁၀နှစ်ကုန်ပိုင်းက မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်ဟာ ကော့စတစ်စက်ရုံဆောက်ဖို့ဆိုပြီး မကွေးတိုင်း ကံမမြို့နယ် စစ္စရံကျေးရွာနဲ့ ပတ်ဝန်းကျင်က လယ်မြေဧက ၄ ထောင်ကျော်ကို လျော်ကြေးမပေးဘဲ သိမ်းယူခဲ့တာကို စစ္စရံကျေးရွာသား ဦးသန်းဦးနဲ့အတူ တောင်သူလယ်သမား ၄ ဦးတို့က တရားစွဲဆိုနေချိန်မှာ ၂၀၁၁ ခုနှစ် မတ်လ ၂၁ ရက်နေ့ညမှာတော့ ကံမမြို့ကနေ ဆိုင်ကယ် ၃ စီးနဲ့ပြန်လာတဲ့ လယ်သမား ဦးသန်းဦးနဲ့ စစ္စရံကျေးရွာသား ၅ဦး ထူးကုမ္ပဏီနဲ့ ဦးပိုင်ကုမ္ပဏီတို့ တည်ဆောက်ရေးရုံးနားအနောက်မှာ အဲဒီရုံးထဲကထွက်လာတဲ့ လူ ၂၀ ကျော်က ဝိုင်းဝန်းရိုက်နှက် ဖမ်းဆီးတာ ခံခဲ့ရပါတယ်။

ဦးပိုင်လီမီတက်ရဲ့တာဝန်ရှိသူ ဗိုလ်မှူးဝင်းမြင့်က လယ်လည်းသိမ်းခံရ ရိုက်နှက်လည်းခံခဲ့ရတဲ့ တောင်သူတွေကို ပုဒ်မ ၄ ခုနဲ့ တရားစွဲဆိုခဲ့ရာမှာ ၂၀၁၁ ခုနှစ် မေလ ၁၉ ရက်နေ့မှာတော့ မင်းလှခရိုင်တရားရုံးက ဦးသန်းဦးနဲ့ စစ္စရံကျေးရွာသား ၄ ယောက်တို့ကို ထောင်ဒဏ် ၉ နှစ် ၇ လကနေ၊ ၁၀ နှစ် ၇ လအထိ အသီးသီး စီရင်ချက် ချမှတ်ခဲ့ပါတယ်။

လယ်သမားတွေရဲ့ အကျိုးတော်ဆောင်ရှေ့နေကွန်ယက်က ဒီလို ပြစ်ဒဏ်စီရင်ချက်ချတာတွေဟာ တရားမျှတမှုမရှိဘူးဆိုပြီး မင်းဘူးခရိုင်တရားရုံးမှာ အယူခံတက်ခဲ့ပါတယ်။ အဲဒီနောက် ဒီကနေ့ ဇွန် ၃၀ ရက်နေ့မှာတော့ ပြစ်ဒဏ် ၃ လပဲ ကျခံစေဆိုပြီး ပြန်ပြောင်း စီရင်ချက် ချက်ပေးလိုက်ပြန်ပါတယ်။ ဒီအမှုကို လိုက်ပါကူညီပေးနေတဲ့ လယ်သမားတွေရဲ့ အကျိုးတော်ဆောင်ရှေ့နေကြီး ဦးအောင်သိန်းက အမှုဖြစ်စဉ်ကို အခုလို ရှင်းပြပါတယ်။

“အမှန်တော့ ဒီဟာက အာဏာပိုင်တွေက ဖန်တီးပြီး တရာစွဲတဲ့ အမှုပဲဗျ။ အဲဒီအမှုမျိုးကို ဒီဘက်ကနေ နိုင်ငံတကာကရော မီဒီယာတွေရော အကုန်ဝိုင်းအော်တဲ့အခါမှာ သူတို့ ဘယ်လိုနည်းလမ်းနဲ့မှ လုပ်လို့မရလို့ အခု ပြစ်ဒဏ်တွေကို မထင်မှတ်လောက်အောင်ကို လျော့ပေးလိုက်တာဗျ။ ၁၀ နှစ်ဝန်းကျင်လောက်ချထားတဲ့အားလုံးကို ၃ လပဲ ပြစ်ဒဏ်ပေးလိုက်တယ်ဆိုတာ တခါမှ အဲလိုမျိုး လျော့ပေးတဲ့ အတွေ့အကြုံမျိုး ရှိတောင် မရှိဖူးဘူးဗျ”

လယ်သမားတွေကို ဖမ်းထားတာဟာ ၃လကျော်နေပြီဖြစ်လို့ ဒီစီရင်ချက်ကြောင့် လွှတ်ဝရမ်း သူတို့ကိုချုပ်နှောင်ထားတဲ့ သရက်ထောင်ကိုရောက်ရင် လွတ်မြောက်လာမှာဖြစ်ပါတယ်။ ဒီအမှုရဲ့အောင်မြင်မှုရလဒ်ဟာ လယ်သမားတွေဘက်က နစ်နာမှုတွေကို တောင်းဆိုရဲတဲ့သတ္တိတွေကြောင့် ဖြစ်တယ်လို့ ရှင်းပြပါတယ်။

“ဒီလိုပေါ့ဗျာ တဖက်ဖက်က ဖိအားပေးလာရင် နောက်ဆုတ်တယ်ပေါ့ဗျာ။ သူတို့ အာဏာပိုင်ဖက်က ဖိအားပေးလာရင်လည်း အသားကုန်ချတယ်ပေါ့ဗျာ။ ဒီသဘောပါပဲ။ ဒီအမှုနဲ့ပါတ်သက်ပြီး ကျနော်တို့က ဒီလယ်သမားတွေဟာ သူတို့ရဲ့လွတ်လပ်မှုအခွင့်အရေးနဲ့ပါတ်သက်ပြီး တရားရုံးပေါ်မှာ တက်ပြီး တောင်းဆိုရဲတဲ့ သတ္တိတွေကို ပျိုးထောင်ပေးတယ်လို့ ကျနော်တို့မြင်ပါတယ်။ သူတို့ရဲ့ အခွင့်အရေးတွေကို အရဲစွန့် ခုခံရတဲ့အခါမှာ အမှန်တရားတစုံတခုလည်း ရရှိလိမ့်မယ်လို့လည်း ကျနော်တို့မြင်ပါတယ်”

စစ္စရံရွာသားတွေဘက်က ဦးပိုင်လီမီတက်ကို လယ်မြေသိမ်းမှုအတွက် စွဲဆိုထားတဲ့အမှုကိုတော့ လာမယ့် သြဂုတ်လ ၁ရက်နေ့မှာ မကွေးတိုင်းတရားရုံးက စီရင်ချက်ချမယ်လို့သိရပါတယ်။ မြန်မာနိုင်ငံမှာ အလားတူ လျော်ကြေးမရဘဲ လယ်မြေသိမ်းပိုက်ခံရတဲ့ တောင်သူလယ်သမား များစွာရှိပြီး အများစုကတော့ အာဏာပိုင်တွေရဲ့ ဖိအားပေးမှုတွေကြောင့် ဘယ်ကိုတိုင်တန်းရမှန်းမသိဘဲ လယ်ယာမြေတွေ ဆုံးရှုံးရမယ့်အနေအထားမှာ ရှိနေပါတယ်။

No comments: