-->

Tuesday, July 12, 2011

ထန်းတစ်ပင်ကအမေ့အိမ် စာသင်ကျောင်း






အမေ့စုဟာ သူချစ်တဲ့ကလေးတွေရဲ့  ပညာရေးအတွက်( ၆၆ )နှစ်မြောက်မွေးနေ့တုန်းက အဝေးရောက် ဖန်မီးအိမ်ရှင် မိသားစုမှ လှူဒါန်းထားတဲ့ အလှူငွေကျပ်( ၁၀ ) သိန်းကို ရန်ကုန်တိုင်းအတွင်းက အမေ့အိမ် ပညာဒါနကျောင်း( ၅ ) ကျောင်းသို့ တစ်ကျောင်းလျှင်( ၂ ) သိန်းစီ ခွဲဝေလှူဒါန်းပေးခဲ့ပါတယ်။

ဇူလိုင်(၁၁)ရက် နေ့ က ထန်းတစ်ပင်မြို့ နယ်၊ မငေးစုကျေးရွာ၊ အဖွဲ့ချုပ်အဖွဲ့ ဝင်တစ်ဦးရဲ့ နေအိမ်မှာ ဖွင့်လှစ်သင်ကြားနေတဲ့
အမေ့အိမ်ပညာဒါနကျောင်းအတွက် လိုအပ်နေတဲ့ ဗလာစာအုပ်နဲ့ စာရေးကရိယာများကိုဝယ်ယူပြီး လူငယ်များသွားရောက် လှူဒါန်ပေးပို့ ခဲ့ကြပါတယ်။

ထန်းတစ်ပင်က အမေ့အိမ်ကျောင်းလေးမှာ မူကြိုအရွယ်မှာ သတ္တမတန်းအထိ ကလေးငယ် စုစုပေါင်း
( ၁၃၁ ) ယောက်ကို စေတနာဆရာမ( ၄ ) ယောက်က အခမဲ့ပညာသင်ကြားပေးလျှက်ရှိပါတယ်။

ကျောင်းသားစာရင်းမှာ........
မူကြို( ၈ )ယောက်၊သူငယ်တန်း( ၂၁ )ယောက်၊ပထမတန်း( ၁၇ )ယောက်၊ဒုတိယတန်း( ၁၂ )ယောက်၊
တတိယတန်း( ၂၆ )ယောက်၊စတုတတ္ထတန်း( ၁၂ )ယောက်၊ ပဉ္စမတန်း( ၂၁ )ယောက်၊ဆဌမတန်း( ၇ )
ယောက်၊ သတ္တမတန်း( ရ )ယောက် တက်ရောက်ပညာသင်ကြားလျှက်ရှိပါတယ်။
ကျောင်းဖွင့်ရက်ဖြစ်တဲ့  တနင်္လာမှ သောကြာနေ့ တွေမှာ ညနေ ( ၃း၃၀ )နာရီ မှ(၆း၀၀)နာရီထိ
စနေ နဲ့ တနင်္ဂနွေနေ့ တွေမှာမနက်( ၈း၀၀) နာရီ မှ နေ့ လည်( ၁၂း၀၀) နာရီထိ သင်ကြားပေးနေပါတယ်။

အခုဆိုရင် ရန်ကုန်တိုင်းအတွင်းမှာ အမေ့အိမ်ပညာဒါနကျောင်းပေါင်း( ၁၀ ) ကျောင်းထိဖွင့်လှစ်သင်ကြားနေပြီးဖြစ်ပါတယ်။
(၁) လှိုင်သာယာ(၂ ) မ/ဥက္ကလာ-၁ ( ၃) မ/ဥက္ကလာ-၂ ( ၄ ) ဒဂုံတောင် ( ၅ ) ဒဂုံမြောက်
( ၆ )အင်းစိန်( ၇ )ကော့မှူး( ၈) ရွှေပြည်သာ ( ၉ ) ဒေါပုံ( ၁၀ )
ထန်းတစ်ပင် တို့ ဖြစ်ပါတယ်။

ဒီပညာဒါနကျောင်းလေးတွေဟာ နိုင်ငံတော်ရဲ့ ပညာရေးမြှင့်တင်မှုအခန်းကဏ္ဍမှာ တစ်ထောင့်တစ်နေရာ ကနေ ပါဝင်ကူညီသယ်ပိုးနေခြင်းဖြစ်တာမို့အာဏာပိုင်များရော အများပြည်သူများကပါ တာဝန်သိစွာဖြင့် ၀ိုင်းဝန်းကူညီအားပေးသင့်လှကြောင်း လေးစားစွာတိုက်တွန်းအပ်ပါသည်။ ဒီထန်းတပင်ကျောင်းကို ခုလတ်တလော ကြံဖွတ် အုပ်ချုပ်ရေးမှုးက ကျောင်းတက်တဲ့ ကလေးတွေနဲ့ မိဘတွေကို ခြိမ်းခြောက်တာနဲ့ လက်ဆောင်ပေးစည်းရုံးတာတွေ လုပ်လာပါတယ်။ ဒီသတင်းကို ဘီဘီစီက ထုတ်လွှင့်ခဲ့တာကတော့



ရန်ကုန်မြောက်ပိုင်းခရိုင် ထန်းတပင်မြို့နယ် မငေးစု ကျေးရွာမှာ အန်အယ်လ်ဒီလူငယ်ကွန်ယက်က ဖွင့်ထားတဲ့ အမေ့အိမ် အခမဲ့အလွတ်သင်ကျောင်းက ဆရာမတွေ ကျောင်းသားမိဘတွေနဲ့ ကျောင်းသားတွေကို ကြံ့ခိုင်ဖွံ့ဖြိုးရေး အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က ဒီကျောင်းနဲ့ မပတ်သက်ဖို့ ခြိမ်းခြောက်တဲ့အတွက် မူလက ကျောင်းသား ၁၀၀ ကျော်ရှိတဲ့ ဒီကျောင်းမှာ ခုဆိုရင် ကျောင်းသား ၃၀လောက် ကျောင်းလာမတက်ရဲတော့ဘူးလို့ သိရပါတယ်။ အာဏာရပါတီဖြစ်တဲ့ ကြံ့ခိုင်ဖွဲ့ဖြိုးရေးပါတီက ခြိမ်းခြောက်တာအပြင် လက်ရှိတက်နေဆဲကလေးတွေ စိတ်အားငယ်အောင် ဒီကျောင်းကနေ နုတ်ထွက်သွားတဲ့ ကလေးတွေကိုဘဲ ကျောင်းသုံးပစ္စည်းတွေ ခွဲခြားထောက်ပံ့ပေးတဲ့အကြောင်း ဒီကျောင်းကိုဦးဆောင်ပေးနေတဲ့ ထန်းတပင် လူငယ်အကူအညီပေးရေးတာဝန်ခံ မမြင်မြင့်အေးက ခုလိုပြောပြပါတယ်။

စာသင်တဲ့ဆရာမတွေကအစ လိုက်ပြီးခြိမ်းခြောက်တယ် ကျောင်းသားမိဘတွေကိုလည်း လိုက်ပြီးခြိမ်းခြောက်တယ်။ ခြိမ်းခြောက်တာကလည်း ကြံ့ခိုင်ဖွံ့ဖြိုးရေးကလူတွေဖြစ်နေတယ် သူတို့က ကျောင်းသားတွေကို အဲဒီမှာ သွားတက်လို့ကတော့ စာမေးပွဲကျမယ်ခြိမ်းခြောက်တယ်ရှင့် အိမ်ရှင်ကိုလည်း အမျိုးမျိုးပြဿနာရှာတယ်ရှင့် အရေးယူမယ်တို့ ဘာတို့တွေ အဲလိုသူတို့ ခြိမ်းခြောက်လို့ ကျမတို့ ထန်းတပင် အမေ့အိမ်ကထွက်သွားတဲ့ ကျောင်းသားအယောက်သုံးဆယ်ရှိတယ်။ အဲဒီကျောင်းသာ အယောက် ၃၀ ကျော်ကို သူတို့ကလွယ်အိတ်တွေပေးတယ် ထမင်းချိုင့်တွေပေးတယ် ဘယ်နေရာမှာပေးလဲဆိုတော့ ထန်းတပင်အမေ့အိမ်မှာလာတက်တဲ့ ကျောင်းသားတွေအတူတူ၇ှိနေတဲ့အချိန် နေ့လည်စာ ထမင်းစားကျောင်းဆင်းချိန်မှာလာပေးတယ် ။ ဒါဟာ တော်တော်လေးကိုလူငယ်တွေရဲ့ အနာဂတ်ကို ဖျက်စီးနေတာနဲ့ အတူတူပါဘဲ အဲဒါကြောင့် ကျမတို့က ဒါကို ကန့်ကွက်ရခြင်းဖြစ်ပါတယ်။

ဒီအမေ့အိမ်ကျောင်းမှာ သူငယ်တန်းကနေ ၇ တန်းထိ စာသင်ပေးနေတာ ၃လရှိပြီလို့ပြောပါတယ်။ ဒီလိုအလားတူပဲ ရန်ကုန်တိုင်း မြောက်ဥက္ကလာမှာရှိတဲ့ အမေ့အိမ်ကျောင်းအတွက်ငှားထားတဲ့ အိမ်ရှင်ကို အာဏာပိုင်တွေက ဖိအားပေးခြိမ်းခြောက်လို့ ပြောင်းပေးလိုက်ရတာကြောင့် ကျူးကျော်ရပ်ကွက်ထဲက ရေအိုင်နေတဲ့နေရာမှာ အဆောက်အဦးလေးဆောက်ပြီး စာသင်နေရတယ်လို့လည်းသိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နေအိမ် အကျယ်ချုပ်ကလွတ်လာပြီးနောက်ပိုင်း လူမှုအထောက်ကူပြုလုပ်ငန်းတွေအနေနဲ့ တနိုင်တပိုင်လူမူရေးလုပ်ငန်းလုပ်ဖို့ ညွန်ကြားခဲ့လို့ ခုဆိုရင် ရန်ကုန်တိုင်း မြောက်ဥက္ကလာ ၊ဒလ၊ ရွှေပြည်သာနဲ့ ဒေါပုံနဲ့ လှိုင်သာယာ စတဲ့ နေရာတွေမှာ အခမဲ့ စာသင်ကျောင်း ၁၀ ကျောင်းလောက်ဖွင့်လှစ်သင်ကြားနေတယ်လို့ အန်အယ်လ်ဒီလူမှုအထောက်အကူပြုအဖွဲ့ အပြောအရ သိရပါတယ်ခင်များ



မှတ်တမ်းဓါတ်ပုံ။ ကိုငယ်

No comments: