-->

Friday, May 29, 2009

နိုင်ငံရေး နားမလည်တဲ့ပြည်သူ

ကျွန်တော်ကအငြိမ်းစားပါ။ မ.ဆ.လ ခေတ်က မ.ရ.က လို့ ခေါ်တဲ့ မြန်မာ့ရေနံကော်ပိုရေးရှင်းရဲ့ ဘူမိဗေဒဌါန အရာရှိ တစ်ယောက်ပါ။ မ.ဆ.လ ခေတ်ပြုတ်ပြီး အချိန်မှာပဲ ပင်စင်ယူလိုက်ပါတယ်။ ပင်စင်ငွေထောက်ပံ့ကြေးက မလောက်ပေမယ့် ဟိုတုန်းက ရထားတဲ့ ဆိုင်ခန်းတခုကို ငှါးထားလို့ရတဲ့ငွေရယ်၊ သားနှစ်ယောက် ထောက်ပံ့ကြတဲ့ငွေလေးနဲ့ ကျွန်တော်တို့ လင်မယား အိုကြီး နှစ်ယောက် စားလောက်ပါတယ်။ သားတယောက်က ရေတပ်က ဗိုလ်ကြီးပါ။ နောက်တယောက်က နာမည်ရ ကျူရှင်ဆရာတယောက်ပါ။ သူတို့ လည်း ချောင် ချောင် လည်လည် ရှိကြပါတယ်။
ကျွန်တော်တို့ သားအဖသုံယောက်ရဲ့ ပြဿနာက နိုင်ငံရေးစကားပြောတိုင်း သဘောထားမတူ ညီဘဲ ရပ်လိုက်ကြရတာချည်းပါပဲ။ ဒီနေ့ တော့ ကျွန်တော်တို့ရဲ့ လုပ်နေကြစကားဝိုင်းလေးဟာ တိုးတက်မှု့ ရှိလာပါတယ်။ သားအဖသုံးဦးရဲ့ ကွဲလွဲနေတဲ့ သဘောထားသုံးမျိုးကနေပြီး သဘောထားနှစ်မျိုးပဲဖြစ်သွားပါတယ်။ သားနှစ်ယောက်က တမျိုးကျွန်တော်က တမျိုး။
ကျွန်တော်က ကိုလိုနီခေတ်နှောင်း၊ ဖ.ဆ.ပ.လ ခေတ်၊ မ.ဆ.လ နဲ့  န.အ.ဖ ခေတ်တွေကို မှီပါတယ်။ သားတွေကမ.ဆ.လ နဲ့  န.အ.ဖ ခေတ်တွေပဲ မှီပါတယ်။ တနေ့တော့ သားနှစ်ယောက်နဲ့ အတူ ကျွန်တော့်အိမ်မှာ စကားပြောဖြစ်ကြပါတယ်။

ဦးတည်ချက်ရယ်လို့တော့ မရှိပါဘူး။ ယနေ့ ဖြစ်ပျက်နေတဲ့ တိုင်းပြည်ရဲ့အခြေအနေတွေပါပဲ။
ကျွန်တော်ကမေးတယ်။ အိန္ဒိယ သမုဒ္ဒရာထဲမှာ အမေရိကန်စစ်သင်္ဘောတွေ စစ်ရေးလေ့ကျင့် နေတဲ့ကိစ္စ၊ ဂျပန်က ကူညီပြီး စစ်သင်္ဘောတွေကို ဆီဖြည့်ပေးနေတယ် ဆိုတဲ့ကိစ္စ၊ နောက်တခုက အမေရိကန်က ဦးဆောင်ပြီး အာရှ နေတိုးအဖွဲ့ ဖွဲ့တော့မယ် ဆိုတဲ့ကိစ္စတွေပါပဲ။ အဲဒါ သားတွေ ရဲ့အမြင်နဲ့ သူတို့ ဘယ်လိုကြားကြသလဲပေါ့။ စစ်ဗိုလ် သားကြီးကပြောပါတယ်။ သူလဲဒါကိုကြားပါတယ်။ ဒါမဆန်းဘူးတဲ့။
အမေရိကန်က ကမ္ဘာ့ပုလိပ်ကြီးလေ။ ပွဲလန့်တုန်းဖျာခင်းမယ့် အကြံယုတ်နဲ့ လှုပ်ရှားနေတာပါပဲ။ ခုလည်း မြန်မာ့ပြည်တွင်းရေးမှာ အတင်းဝင်စွက်နေတာ ဖေဖေတို့ အမြင်ပဲတဲ့။ကျောင်းဆရာသားငယ်ကလည်း ဝင်ပြီးဆွေးနွေးပါတယ်။ `ကိုကိုတို့ စစ်အစိုးရကို ကျွန်တော်တို့ မကြိုက်တာ အမှန်ပါပဲ။ ဒါပေမယ့် အမေရိကန် ဝင်လာမှာ၊ ဝင်ရောက်စွက်ဖက်မှာကိုတော့ လက်မခံနိုင်ပါဘူး´ တဲ့။ ဒီနေရာမှာ သားနှစ်ယောက်စလုံး အမေရိကန် ဆန့်ကျင်ရေး အယူအဆမှာတော့ တူညီသွားတာတွေ့ရပါတယ်။ ဒီအခါမှာ ကျွန်တောက်သားငယ်ကို မေးကြည့်ပါတယ်။
သားရယ် မင်းကစစ်အစိုးရကို မကြိုက်တာတော့ ဟုတ်ပါပြီ။ အမေရိကန်က မြန်မာပြည်ကို ကူညီတာပဲဆိုဆို၊ စွက်ဖက်တယ်ပဲ ပြောပြော စစ်အစိုးရ ပြုတ်သွားရင် သားအနေနဲ့ မကျေနပ်နိုင်ဘူးလား´ဒီတော့ သားငယ်ကပြောပါတယ်။ `သားကတော့ အမြင်ရှင်းပါတယ် ဖေဖေ၊ အမေရိကန်ကသာ ဝင်လာရင် စစ်အစိုးရထက် ပိုဆိုးသွားမှာပဲ။ ဒါကြောင့်အမေရိကန်ရဲ့ ဝင်ရောက်စွက်ဖက်မှုကိုတော့ အမြဲပဲ ဆန့် ကျင်သွားရမှာပဲ ဖေဖေ။ အင်္ဂလိပ်၊ အမေရိကန်ဆိုတာက ဟိုတုန်းကလည်းမကောင်းခဲ့ဘူး၊ ခုလည်း မကောင်းဘူး၊ နောင်လည်း ဘယ်တော့မှကောင်းမှာမဟုတ်ဘူး´တဲ့။
စစ်ဗိုလ်သားကြီးကလည်း ကျောင်းဆရာသားငယ်ရဲ့စကားကို ထောက်ခံလိုက်ပြန်ပါတယ်။ `အမေရိကန်က ဝင်တဲ့ နိုင်ငံတွေ ဒုက္ခ ရောက်နေတာ ဖေဖေလည်း သိသားပဲ။ အီရတ်နဲ့ အာဖဂန်နစ္စတန်တို့က သက်သေပြနေတာပဲ´ တဲ့။ မြန်မာ့အလင်းသတင်း စာထဲ ကအတိုင်း ပြောလိုက်ပါတယ်။
ကျွန်တော်နားလည်လိုက်တာကတော့ စစ်ဗိုလ်နဲ့  နိုင်ငံရေး ဝါသနာရှိတဲ့ ကျောင်းဆရာသားငယ်တို့ဟာ အမေရိကန် ဆန့်ကျင်တဲ့နေရာမှာ တသဘောထဲပါလားလို့ ကျွန်တော်ကတော့ အမေရိကန်၊ အင်္ဂလိပ်ကို လိုလားခြင်း၊ မလိုလားခြင်းဆိုတဲ့ တရား သေစိတ်ခံစားချက်ပေါ်မှာ မဆုံးဖြတ်တတ်ပါဘူး။ အသက်အရွယ်နဲ့ အတွေ့အကြုံအရ မျက်မှောက်တွေ့ ကြုံ နေရတဲ့ အခြေအနေပေါ်မှာပဲ ကောက်ချက်ချတတ်ပါတယ်။ ကျွန်တော်နဲ့ သားနှစ်ယောက်ဟာ သဘောထားခြင်း ကွဲပြားနေပါပြီ။
ဒါကြောင့် သားတွေကို ရှည်ရှည်ဝေးဝေးပြောမနေတော့ဘဲ မေးခွန်းတခုမေးလိုက်ပါတယ်။ `သားတို့ တရုတ်ပြည်လို ကွန်မြူနစ် နိုင်ငံကြီးမှာတောင် သူတို့ လူမျိုးကောင်းစားဖို့ ဆိုရင် အရင်းရှင်အမေရိကန်နိုင်ငံနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု့၊ စီးပွားရေးမဟာမိတ်အဖြစ် ပူးပေါင်းကြသေးတာပဲ။ သားတို့ကလည်း ကိုယ့်ပြည်သူလူထု ကောင်းစားမယ်ဆိုရင် ဘာလို့ မပေါင်းနိုင်ရမှာလဲ´
ဒီတော့ သားတွေကပြန်ပြောတယ်။ `တရုတ်ပြည်က မသူတော်ကို ပေါင်းမိနေတော့ ကျားမြီးဆွဲလို ဖြစ်နေပြီ ဖေဖေ။တိန့်ရှောင်ဖိန် ဝါဒီတွေ ဒီအမှားကို မုချခံကြရလိမ့်မယ်´ တဲ့။ ကျွန်တော်လဲသားတွေနဲ့ ဆက်ပြီးမဆွေးနွေးတော့ဘဲ၊ `ကဲဒီလိုလုပ်ကွာ၊ ဖေဖေတို့ သားတို့ စားဖို့  သောက်ဖို့ကို အမြဲတာဝန်ယူစီမံနေတဲ့ မင်းတို့ မေမေကို မေးကြည့် မယ်။ သူက နေ့တိုင်းဈေးဝယ်ရတယ်။ ဥပုဉ်ကျောင်း သွားမယ်။ ရပ်ကွက်ထဲက သာရေး၊ နာရေးကိစ္စတွေက အစမလစ်လပ်ရဘူး။ လူထုနဲ့ အမြဲပဲထိတွေ့ နေတဲ့ ̏လူထု” ပဲပေါ့ကွာ´ဆိုပြီး မီးဖိုချောင်မှာ အလုပ်ရှုပ်နေတဲ့ အမေကို ခေါ်လိုက်တယ်။ ကျွန်တော်ကပဲ မေးလိုက်ပါတယ်။
`ကဲ အမေကြီးလဲ ကျုပ်တို့ ပြောတာတွေ ကြားပြီးနေမှာပေါ့။ အဆုံးအဖြတ်ပေးပါအုံး´လို့ ၊၊
ဒီတော့ ကျွန်တော့်ဇနီး သားတို့ အမေက “ကြားပါ့တော့် နားထဲမှာတောင် မဆန့်တော့ဘူး”။ ဒီမှာ ကျွန်မပြောမယ်၊ဦးနေဝင်း စတက် ကတည်းက နှစ်ပေါင်းလေးဆယ်ကျော် ခံခဲ့ရတာလေ။ သူပုန်ထလိုက် သပိတ်မှောက်လိုက် ဆိုတာလဲ ပြတ်တယ် မရှိ ဘူး။ လူထု ပိုပြီး ငတ်သထက် ငတ်လာတာကတော့ လက်တွေ့ ပဲ။ ခုလို အချိန်မျိုးမှာ စစ်အစိုးရပြုတ်ကျပြီး အရပ်သားအစိုးရ တက်လာဖို့ပဲလိုတယ်။ ကုလသမဂ္ဂ တပ်ဆိုတာကြီးပဲလာလာ၊ နေတိုးတပ်ဆိုတာပဲလာလာ၊ အမေရိကန်တပ်ဆိုတာပဲလာလာ ဘယ်နိုင်ငံ ဘယ်သူကပဲ ကူညီ၊ကူညီ ကျွန်မတို့ ကတော့ လက်ခံမှာပဲ။ မြန်မာပြည် ကောင်းစားဖို့ ဆိုရင် ရပ်ကွက်ထဲလူအများပြောသလို`အမေရိကန် တပ်ကြီးရယ်မြန်မြန်သာ ဝင်တိုက်ပါတော့လို့´ ဘုရားမှာ နေ့တိုင်းဆုတောင်းနေတယ် တော်ရေ့” လို့ ပြောပြီး ဆောင့်ဆောင့်နဲ့ မီးဖိုခန်းထဲ ပြန်ဝင်သွားပါတယ်။
ကျွန်တော်က သားတွေကိုကြည့်ပြီး၊ `ကဲ မင်းတို့ အမေပြောတာကိုကြားတယ် မဟုတ်လား´လို့ ပြောလိုက်တော့ သားတွေက` အမေက နိုင်ငံရေးမှ နားမလည်တာဘဲ´ လို့ မှတ်ချက်ချလိုက်ပါတယ်။

̏ ကဲ ပြည်သူကို နိုင်ငံရေး နားမလည်ဘူးတဲ့ဗျား˝

ဟစ်တိုင် အင်တာနက် စာမျက်နှာမှ ဦးရွှေအုန်းမြင့် (စစ်ကိုင်း) ၏ ဆောင်းပါးကို ကူးယူ ဖော်ပြပါသည်။


အညာနွေတမာမြေ

1 comment:

komin said...

အင်း အဆုံးထိဖတ်လိုက်ပါတယ်။ သူငယ်ချင်းတစ်ယောက်လည်း စစ်သားနဲ့  ကျောင်းဆရာလိုပဲ အမေရိကန်မလိုလားဘူး။ အရင်ကမကောင်းတာ သေချာပေမယ့် အခုကော ပြီးတော့ ကိုယ့်နိုင်ငံမှာ ခေါင်းဆောင် ပေးနိုင်တဲ့ ခေါင်းဆောင်တွေရှိတာပဲ လက်ခံ သင့် ပါတယ်။ ပြည်သူတွေကတော့ ဘယ်သူပဲတက်လာတက်လာ စစ်အစိုးရမဟုတ်ရင်၊ စစ်အစိုးရလို ဖျွိနှိပ် မယ့်သူမဟုတ်ရင် အားလုံးကို လက်ခံပါလိမ့်မယ်။