-->

Tuesday, June 2, 2009

စာရေးဆရာမောင်ဆုရှင်ကွယ်လွန်

စာရေးဆရာ မောင်ဆုရှင်ခေါ် ဦးမျိုးသန့် ၇၇ နှစ်ဟာ အဆုတ်ရောဂါနဲ့ ဒီနေ့ ဇွန်လ ၂ရက် နေ့မှာ ရွှေဂုံတိုင် အထူးကုဆေးရုံမှာ ကွယ်လွန်သွားခဲ့ပါတယ်၊ သူရဲ့ ကိုယ်ရေးအချက်အလက်တွေကို ၀ီကီပီးဒီးယား အွန်လိုင်းမြန်မာ စွယ်စုံကျမ်းမှကူးယူဖေါ်ပြလိုက်ပါတယ်၊

မောင်ဆုရှင် (၁၉၃၂-၂၀၀၉)
1. အမည်ရင်း - ဦးမျိုးသန့်
2. မိဘအမည် - ဦးချစ်ဖေ + ဒေါ်စိန်မြင့်
3. မွေးသက္ကရာဇ် - ၁၊ ၁၊ ၁၉၃၂
4. မွေးဖွားရာ ဒေသ - မြောင်းမြမြို့
5. ကလောင် အမည်ခွဲများ - မောင်ကောင်းမြင့်၊ မောင်ကြည်ဖြူ၊ ဦးဘခန့်၊ မျိုးသန့်၊ ဝင်းသန့်၊ အောင်သူ

[ပြင်ဆင်ရန်] ကိုယ်ရေးဖြစ်စဉ်
ဆရာ မောင်ဆုရှင်သည် ၁၉၆၂ ခုနှစ်တွင် အမေရိကန်နိုင်ငံ ဆရာကျုစ် တက္ကသိုလ်နှင့် ဘော့စတွန် တက္ကသိုလ်တို့မှ သတင်းစာ ပညာ ဒီပလိုမာနှင့် စာအုပ် ထုတ်ဝေရေး ပညာ ဒီပလိုမာများ ရရှိခဲ့သည်။ ၁၉၅၃ ခုနှစ်မှ စ၍ ပြန်ကြားရေး ဝန်ကြီးဌာန စာပေဗိမာန်တွင် စာပြု အရာရှိ အဆင့်မှ စာတည်းမှူးချုပ်၊ ညွှန်ကြားရေးမှူး (စာပေ) အဆင့် အထိ ထမ်းဆောင်ခဲ့ပြီး ယခုအခါ ပြန်ကြားရေး ဝန်ကြီး ဌာန အကြံရေး အရာရှိ အဖြစ် တာဝန် ထမ်းဆောင်လျက် ရှိသည်။
ထို့အပြင် ဆရာ မောင်ဆုရှင်သည် ၁၉၆၇ ခုနှစ်မှ ၁၉၈၉ ခုနှစ် အထိ မြန်မာနိုင်ငံ စာပေ လုပ်သား အဖွဲ့ အတွင်းရေးမှူး၊ ၁၉၉ဝ မှ ၁၉၉၄ ခုနှစ် အထိ မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်း အဖွဲ့ အတွင်းရေးမှူး၊ ၁၉၉၄ မှ ၁၉၉၈ ခုနှစ် အထိ မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်း အဖွဲ့ ဥက္ကဋ္ဌ အဖြစ် တာဝန် အသီးသီး ယူခဲ့ပြီး ယခုအခါ ဗဟို အမှုဆောင် ကော်မတီဝင် အဖြစ် တာဝန် ထမ်းဆောင်လျက် ရှိသည်။
နိုင်ငံတော်မှ ပေးအပ် ထားသည့် စာပေရေးရာ တာဝန်များ အဖြစ် အမျိုးသား စာပေဆု စိစစ် ရွေးချယ်ရေး အဖွဲ့ အတွင်းရေးမှူး၊ ပခုက္ကူ ဦးအုန်းဖေ စာပေစိစစ် ရွေးချယ်ရေး အဖွဲ့ ဥက္ကဋ္ဌ၊ စာပေဗိမာန် စာမူဆု စိစစ် ရွေးချယ်ရေး အဖွဲ့ အဖွဲ့ဝင် စသည့် တာဝန်များ အပြင် နိုင်ငံတော် အဖွဲ့အစည်း များတွင် စာပေ ဆိုင်ရာ တာဝန်များ ကိုလည်း ထမ်းဆောင်လျက် ရှိသည်။
အသံလွှင့် ဟောပြောခြင်း လုပ်ငန်း အနေဖြင့် မြန်မာ့ အသံ သိပ္ပံပညာ သိကောင်းစရာ အခန်း ကဏ္ဍမှ အသံလွှင့် ဟောပြောမှုကို လွန်ခဲ့သည့်နှစ် ၄ဝ ကျော်မှ စ၍ ယနေ့ ထက်တိုင် ဆောင်ရွက်လျက် ရှိသည်။
ဆရာ မောင်ဆုရှင်သည် ထိုလုပ်ငန်းများစွာ တို့အပြင် စာပေရေးရာ တာဝန်များဖြင့် စာအုပ် စာပေများကို ပြုစုလျက် ရှိသည်။ ၁၉၅၄ ခုနှစ်မှ စ၍ ယနေ့ အထိ စာအုပ်ပေါင်း ၁ဝဝ ကျော် ရေးသား ပြုစုခဲ့သည်။ မြတ်ဘုရား ရွှေတိဂုံ၊ နီသော လင်းယုန်၊ အင်္ဂလိပ် - မြန်မာ စစ်ပွဲခေတ် ကိုယ်တွေ့များ၊ စိတ်နုပျို ကိုယ်ကျန်းမာ၊ မြို့ပြ ခံစားမှု စာမွန်များ၊ ၂ဝ ရာစု သုတကမ္ဘာ၊ ၂၁ ရာစု ကမ္ဘာနှင့် ၂၁ ရာစု လူမှု ဝေါဟာရများ၊ မြေကမ္ဘာ ကြွေမှာ စိုးသူများ စသည့် စာအုပ်များ ပါဝင်သည်။ စာပေဗိမာန် အဖွဲ့မှ ကျင်းပသော ခရီးသွား စာပေ စာတမ်း ဖတ်ပွဲနှင့် ဂန္ဓဝင် စာပေ စာတမ်း ဖတ်ပွဲများတွင် စာတမ်းများ တင်သွင်း ခဲ့သည်။
ဆရာ မောင်ဆုရှင်သည် ၁၉၇၆ ခုနှစ်တွင် တီထွင်မှုများ သမိုင်း စာအုပ်ဖြင့် သုတ ပဒေသာ (သိပ္ပံ) ဆု၊ ၁၉၆၈ ခုနှစ်တွင် ပင်လယ်ပြာနှင့် တံငါအို စာအုပ်ဖြင့် ဘာသာပြန်ဆု စသည်ဖြင့် အမျိုးသား စာပေဆု နှစ်ကြိမ် ရရှိခဲ့သည်။
ယခုအခါ မောင်ဆုရှင်သည် အမှတ် (၆၉)၊ ရတနာ ကျွန်းရိပ်သာ၊ (ဋ) တိုးချဲ့ သုနန္ဒာရပ်ကွက်၊ မြောက်ဥက္ကလာပ မြို့နယ်တွင် နေထိုင်လျက် ရှိသည်။
[ပြင်ဆင်ရန်] မောင်ဆုရှင် ရေးသား ပြုစုခဲ့သော စာအုပ်များ
1. ကဏှာဇာလီ
2. ကာယချမ်းသာ
3. (ကလာရာအင်ဂရန်) ကုဋေငါးဆယ်
4. ခရစ်တော်၏ ဘဝ - ၁၉၆၃ ခုနှစ်
5. ခြေရာပျောက်
6. ဂုဏ်
7. စာနယ်ဇင်းဟူသည် (သိန်းတန်၊ မောင်ပေါ်ထွန်း တို့နှင့် တွဲ၍)
8. စာအုပ် ဟူသည် (မောင်ပေါ်ထွန်းနှင့် တွဲ၍)
9. စစ်သူကြီး မဟာဗန္ဓုလ
10. စိတ်နုပျို ကိုယ်ကျန်းမာ
11. စုံထောက် ဦးရန်ပြေ
12. တီထွင်မှုများ သမိုင်း (ပထမတွဲ) - ၁၉၇၅ ခုနှစ်
13. တီထွင်မှုများ သမိုင်း (ဒုတိယတွဲ) - ၁၉၇၅ ခုနှစ်
14. တပြန်တလှည့်
15. တရပ်တမြေ
16. ဒဂုန်နေ့စဉ်
17. နီသော လင်းယုန် (စတုန်း + အာဗင်) - ၁၉၇၆ ခုနှစ်
18. ပါရမီ
19. ပင်လယ်ပြာနှင့် တံငါအို - ၁၉၇၄ ခုနှစ် (ဟဲမင်းဝေ၊ အားနက်စ်)
20. မြို့ပြခံစားမှု စာမွန်များ
21. မြတ်ဘုရား ရွှေတိဂုံ - ၁၉၇၂ ခုနှစ်
22. ရာမာကရစ်ရှနာ ကိုယ်တော်၏ အာဘော် - ၁၉၆၃ ခုနှစ်
23. ရှရီရာမာကရစ္စနာ ကိုယ်တော်၏ အတ္ထုပ္ပတ္တိ အကျဉ်း - ၁၉၅၉ ခုနှစ်
24. အနိုင်မခံ (စီးယားစ်၊ ကတ်သရင်းအိုးရန်း) - ၁၉၆၃ ခုနှစ်
25. အသက်ရှည်ရာ အနာမဲ့ကြောင်း - ၁၉၆၃ ခုနှစ်
26. အင်္ဂလိပ် - မြန်မာ စစ်ပွဲခေတ် ကိုယ်တွေ့များ - ၁၉၆၉ ခုနှစ်
27. အင်ဂျင်နီယာ စွမ်းရည် - ၁၉၅၈ ခုနှစ်
28. ၂၁ ရာစု လူမှုဝေါဟာရများ - ၂ဝဝဝ ပြည့်နှစ်
ဈာပန အစီအစဉ်ကိုတော့ သိရင်ဖေါ်ပြပေးပါမည်၊
အညာနွေတမာမြေ

No comments: