-->

Tuesday, July 7, 2009

ဗုဒ္ဓဂါယာ လေ့လာရေးခရီး (အပိုင်း ၁)

ဖွား ပွင့် ဟော စံ
မြတ်နိဗ္ဗာန်
သံဝေ ဇနိယ လေးဌာန

အိန္ဒိယရဲ့ ကန္တာရနွေနေပူပူမှာ ဗုဒ္ဓဘာသာဝင်တွေရဲ့ အထွဋ်အမြတ်ဖြစ်တဲ့ ဗုဒ္ဓဂါယာသွားလေ့လာဖြစ်ပါတယ်။ ဒေလီကနေ ဂယာသွားတဲ့ ရထားထွက်တော့ ပူလွန်းတာကြောင့် ရေပုလင်းတွေ ဘယ်လောက်ကုန်သွားမှန်းတောင် မသိလိုက်ပါဘူး။ လမ်းတလျှောက်လုံးမှာ မိုးခေါင်ရေရှား လက္ခဏာတွေဖြစ်တဲ့ ခြောက်သွေ့နေတဲ့ လယ်ယာကွက်တွေ၊ ရေမစီးတော့လို့ သဲချောင်းဘ၀ရောက်နေတဲ့ မြစ်ချောင်းတွေကို တွေ့ရပါတယ်။

နေ့လည် ၂ နာရီမှာ ဒေလီကထွက်တဲ့ ရထားဟာ နောက်တနေ့မနက်မှာတော့ ဂယာကို ရောက်ပါပြီ။ ဂယာဘူတာမှာတော့ ဘူတာထုံးစံအတိုင်း သုံးဘီးကားသမားတွေက အလုအယက်နဲ့ လူတွေခေါ်ကြတယ်။ ဒီဆူညံသံတွေကို ကျောခိုင်းပြီး ကျမတို့ အဖွဲ့ သုံးဘီး တစီး ငှားလို့ တည်းခိုမယ့်နေရာကို သွားကြပါတယ်။

ဂယာဟာ ဘုရားလက်ထက်က မဂဓတိုင်းလို့ ခေါ်တဲ့ နေရာမှာရှိတဲ့ ရှေးမြို့လေး တခုပါ။ အဲဒီတုန်းက အပုတ္တကမင်းရဲ့သား ဂယာ အမည်ရှိတဲ့ မင်းသားတပါးက တည်ခဲ့တဲ့အတွက် ဂယာမြို့လို့ အမည်တွင်ခဲ့တယ်ဆိုပါတယ်။ ဘုရားလက်ထက်မှာတုန်းကတော့ ရွာကြီး တခုလို့ဆိုပါတယ်။ ဘုရားပွင့်ခဲ့တဲ့ မဟာဗောဓိညောင်ပင်ဟာ ဂယာနဲ့ နီးနီးကပ်ကပ်ရှိနေလို့ ဒီနေရာ နှစ်ခုကို ပေါင်းစပ်ပြီးတော့ ဗုဒ္ဓဂယာလို့ ခေါ်ကြတာကို ၁၈ ရာစုကနေ စတင်ခဲ့တယ်လို့ သိရပါတယ်။ ရှေးယခင်ကတော့ မဟာဗောဓိပင်ရှိရာမြေလို့ အဓိပ္ပါယ်ရတဲ့ ဗောဓိမဏ္ဍ လို့ ခေါ်ကြပါတယ်။ မဟာဗောဓိပင်ရှိတဲ့ နေရာနဲ့ ဂယာ ဟာ ၁၃ ကီလိုမီတာ ဝေးပါတယ်။


ဂယာမြို့လေးဟာ ငယ်တယ်ဆိုပေမယ့် ဘုရားဖူးအချက်အခြာနေရာဖြစ်တဲ့ မဟာဗောဓိ ဘုရားပရ၀ုဏ်အနီးမှာတော့ တည်းခိုခန်းနဲ့ စားသောက်ဆိုင်တွေ၊ အမှတ်တရပစ္စည်း အရောင်းဆိုင်တွေနဲ့ စည်စည်ကားကားရှိပါတယ်။

ဘုရားဖူးရာသီဖြစ်တဲ့ သြဂုတ်လကနေ မေလဆန်းလောက်အထိမှာတော့ ဘုရားဖူးတွေနဲ့ ပြည့်နေတာပဲလို့ ဂယာ မြန်မာဘုန်းတော်ကြီးကျောင်းက ဦးဇင်းတပါးက ဆိုပါတယ်။ ကျမတို့ သွားခဲ့တဲ့ အချိန်ကတော့ ဘုရားဖူးရာသီ မဟုတ်တဲ့အတွက် လူတွေ ရှင်းပါတယ်။

ကျမတို့ ရောက်တဲ့အချိန်က နေတအားပြင်းလို့ ညနေပိုင်းမှာမှ မြတ်စွာဘုရားပွင့်တော်မူပြီးတဲ့နောက် ၇ ရက် ၇ လီ တလှည့်စီ သတင်းသုံးခဲ့တဲ့ နေရာခုနစ်ခု (သတ္တဟဌာန) ရှိတဲ့ မဟာဗောဓိ ဘုရားပရ၀ုဏ်ထဲကို သွားဖြစ်ပါတယ်။

ဘုရားပရ၀ုဏ်ထဲ ၀င်လိုက်တယ်ဆိုတာနဲ့ လမ်းရဲ့ ဘယ်ဖက်စင်္ကြံ တလျှောက်မှာ အမှတ်တရ ပစ္စည်းအရောင်းဆိုင်တွေ တန်းစီလို့နေပါတယ်။ ညာဖက်ခြမ်းမှာလည်း ဆိုင်လေးတွေ တချို့နဲ့ သစ်ပင်တွေကြားထဲကနေ ငွားငွားစွင့်စွင့်ဖြစ်နေတဲ့ မဟာဗောဓိစေတီ အထက်ပိုင်းကို လှမ်းမြင်နေရပါတယ်။ ပို့စကဒ်ရောင်းတဲ့သူတွေကလည်း အလုအယက်နဲ့ ကျမဖြင့် ရန်ကုန်ဗိုလ်ချုပ်ဈေးနဲ့ မန္တလေး၊ ပုဂံ စတဲ့ ဒေသတွေက စေတီပုထိုးတွေမှာ နိုင်ငံခြားသားတွေကို ပို့စကဒ်တွေ အလုအယက်လိုက်ရောင်းတတ်တဲ့ ကလေးလေးတွေကို ပြန်မြင်ယောင်မိတယ်။ အမယ် ဂယာက ဈေးသည်တွေက မြန်မာဘုရားဖူးတွေကို ဈေးရောင်းရလွန်းလို့လား မသိဘူး။ ကုလားသံ ၀ဲဝဲနဲ့ အမား တရားလား တရားလားတဲ့။ ပထမတော့ ကျမ ကြောင်အန်းအန်း .. နောက်မှ သဘောပေါက်တယ်။ အော် သူရောင်းတာက ၂၀၀ ရူပီး။ အဲဒါကို ၁၀၀ နဲ့ ပေးမယ် ဆိုတာကိုး။

အဲဒီဈေးသည် တသိုက်ကို ကျော်လာပြန်တော့ လားလား …. ကုလားကလေးလေးတွေ Hello, Madam! Money Money! 10 Rupees. 10 Rupees. နဲ့ ပိုက်ဆံလိုက်တောင်းနေတာ ကြုံရပြန်ပါရော။ လမ်းဘေးမှာလည်း ဘိုးဘိုးဘွားဘွားအရွယ်တွေ ခွက်ကလေးတွေ ကိုယ်စီရှေ့ချထိုင်ပြီး တောင်းရမ်းနေတာတွေတွေ့ရတော့ အော်သူတို့ဆီမှာလည်း ငါတို့လိုပါပဲလားလို့ တွေးမိတယ်။ ပေပွနံစော်နေတဲ့ ဒီကုလား ကလေးလေးတွေကို ကျော်လာတော့မှ ဘုရားရင်ပြင်တော်ဝင်းထဲကို ရောက်လာပါတယ်။ ရင်ပြင်တော်ဝင်း အ၀င်မှာ ဖိနပ်ချွတ်ထားခဲ့ဖို့ စင်လေးတွေ ရှိပါတယ်။ အဲဒီနေရာမှာ ဖိနပ်ထားခ မပေးရပေမယ့် ပါလာတဲ့ Camera တွေ၊ Video Camera တွေအတွက် အခပေးရပါတယ်။ လှူဒါန်းချင်တဲ့သူတွေအတွက် အဲဒီနားမှာ ရူပီး ၁၀ တန် ရွက်တွေအကြွေလဲပေးတာ ရှိပါတယ်။

ကဲ … ရောက်ပါပြီ။ အ၀င်ဝကနေ ကြည့်လိုက်တယ်ဆိုရင်ပဲ ကျမ ထင်ထားသလို မဟာဗောဓိစေတီဟာ ကုန်းမြင့်ပေါ်မှာ ရှိနေတာ မဟုတ်ပါဘူး။ သတ္တဟဌာနဟာ ချိုင့်ဝှမ်းကြီးထဲမှာ ရှိနေတာဖြစ်ပါတယ်။ကျမတို့ သွားတဲ့ အချိန်ဟာ ညနေခင်း ၄ နာရီဖြစ်နေတာတောင် အပူရှိန် မကျသေးတာကြောင့် စေတီတော်ရင်ပြင်ဟာ ခြေချလို့ မရနိုင်လောက်အောင် ပူလောင်လို့နေပါတယ်။ (နောက်မှ ကျမတို့ သိလိုက်ရတာက ဘုရားဖူးတွေဟာ ညနေ ၆ နာရီ လောက်မှ လာကြတာပါတဲ့။ သေရော ကျမမှာဖြင့် အပေါ်က နေကလည်းပူ၊ အောက်ကကျောက်ပြားတွေကလည်းပူနဲ့ ပူလိုက်တာ ရင်ပြင်တော်ပေါ်မှာ ခုန်ဆွ ခုန်ဆွနဲ့ ပြေးနေရတာ အခန်းပြန်ရောက်တော့ ကျမ ခြေဖ၀ါးတွေ နီရဲပြီး စပ်နေတာ မီးမြိုက်ခံထားရသလိုပါပဲ။ ကျမတို့ ခရီးစဉ် အချိန်ရွေးလိုက်တာကလည်း အိန္ဒိယရဲ့ အပူတကာ့အပူဆုံးအချိန် ဖြစ်နေပါရော) :)
လှေကားထစ်တွေကနေ ဆင်းသွားတာမှာ ပထမအထစ် ခြေရင်းမှာ တွေ့လိုက်ရတာကတော့ ပဉ္စမ သတ္တဟ ဌာန ဖြစ်တဲ့ အဇပါလ နိဂြောဓမူလ (ဗုဒ္ဓသတင်းသုံးခဲ့တဲ့ ဆိတ်ကျောင်းညောင်ပင်) နေရာ အထိမ်းအမှတ် ကျောက်တိုင်ဖြစ်ပါတယ်။ အင်္ဂတေ ပန်းကနုတ်တွေနဲ့ ကျောက်တိုင်အခြေမှာတော့ ဘုရားဖူးတွေက ရွှေချထားတာတွေကို တွေ့ရပါတယ်။ တချို့ကတော့ ပဉ္စမ သတ္တဟ က မဟာဗောဓိညောင်ပင်ရဲ့ အနောက်မြောက်အရပ်က စေတီနေရာဖြစ်တယ်လို့ ဆိုပြန်ပါတယ်။ ဒီနေရာမှာ အရိပ်မရှိ ပူလွန်းတာကြောင့် ဓာတ်ပုံမြန်မြန်ရိုက်ပြီး ပြေးရပါတယ်။
အဲဒီကနေမှ ညာဖက်မှာရှိတဲ့ လှေကားလေးအတိုင်း တက်သွားရင် မဟာဗောဓိစေတီနဲ့ ဆင်တူ စေတီငယ် တဆူတွေ့ရပါတယ်။ ဗုဒ္ဓဟာ ဒီနေရာကနေ မဟာဗောဓိပင်နေရာကို မမှိတ်မသုန် ၇ ရက် ကြည့်နေတဲ့ နေရာဖြစ်ပါတယ်။ ဒီစေတီက အနိမိသ စေတီဖြစ်ပြီးတော့ ဒုတိယ သတ္တဟ ဖြစ်ပါတယ်။

အဲဒီနောက် မဟာဗောဓိ စေတီတော်ဆီသွားဖို့ အောက်ပြန်ဆင်းလာရင် မြန်မာကြေးခေါင်းလောင်းကြီး တခုကိုလည်း တွေ့ရပါမယ်။ လှေကားနောက်တဆင့်ကို ဆင်းပြီးတဲ့အခါမှာတော့ အမြင့် ၁၇၅ ပေရှိတဲ့ မဟာဗောဓိစေတီ ခြေရင်းကိုရောက်ပါတယ်။ အသောကမင်းကြီးက ဗုဒ္ဓထိုင်တော်မူနေခဲ့တဲ့ နေရာကို ငုံပြီး လှိုဏ်ဂူဘုရားအဖြစ် တည်ထားခဲ့တာဖြစ်ပါတယ်။ စေတီတော်နဲ့ မဟာဗောဓိပင်ကတော့ ပထမ သတ္တဟ ဖြစ်ပါတယ်။ စေတီအတွင်းဖက် အောက်ထပ်မှာတော့ ပလ္လင်ခံ ဆင်းတုတော်တခုရှိပါတယ်။ အရင်က ဘုရားဂေါပကကို ခွင့်တောင်းပြီး စေတီအပေါ်အထပ်က ဘုရားခန်းကိုတက်ပြီး ဘုရားဝတ်ပြုလို့ရတယ်လို့ဆိုပါတယ်။ ကျမတို့ကတော့ မတက်ခဲ့ရပါဘူး။

အခုလက်ရှိမြင်တွေ့ရတဲ့ ၁၁ ရာစုလက်ရာ ကျောက်သားတွေနဲ့ တည်ဆောက်ထားတဲ့ မဟာဗောဓိ စေတီကတော့ အသောကမင်းကြီး တည်ထားခဲ့တဲ့ စေတီတော်ကို ငုံပြီး ပြန်တည်ထားတာလို့ ဆိုပါတယ်။ စေတီပုံစံကတော့ ဟိန္ဒူဘာသာဝင်တွေရဲ့ ဂူကျောင်းပုံစံမျိုးဖြစ်ပြီး စေတီနံရံ လှိုဏ်ပေါက်တွေမှာ ထိုင်တော်မူ ဆင်းတုတော်တွေ ထည့်သွင်းထားပါတယ်။

ကျောက်သားတွေနဲ့ တည်ဆောက်ထားတာဖြစ်တဲ့အတွက် အိန္ဒိယမှာ ကျန်ရစ်ခဲ့တဲ့ ရှေးဟောင်းသာသနိက အဆောက်အအုံတွေထဲမှာ အခိုင်မာဆုံးပဲလို့ မဟာဗောဓိ နေရာကို သုတေသနပြု ပြင်ဆင်ခဲ့တဲ့ ရှေးဟောင်းသုတေသန ပညာရှင် ဆာအလက်ဇန္ဒား ကာနင်ဂန်ရဲ့ မှတ်တမ်းများမှာ ဖော်ပြထားပါတယ်။ စေတီကနေ ထွက်လာပြီး လက်ယာရစ် ပတ်ခဲ့မယ်ဆိုရင်တော့ စေတီအနောက်ကပ်လျက်မှာ ဘုရားပွင့်ခဲ့တဲ့ မဟာဗောဓိပင်ကို ရောက်ပါတယ်။ မဟာဗောဓိပင်အောက် အရောက်မှာတော့ ရင်ပြင်တော် အခြားနေရာတွေနဲ့ မတူပဲ အေးချမ်းလှပါတယ်။

ရွှေဝါရောင် သံတိုင်တွေ ကာရံထားတဲ့ ဗောဓိပင်အောက်၊ ဗုဒ္ဓမြတ်စွာ ၇ ရက် သီတင်းသုံးခဲ့တယ်ဆိုတဲ့ နေရာမှာ ပလ္လင်တခုလုပ်ထားတာ တွေ့ရပါတယ်။ အရင်ကတော့ အဲဒီနေရာမှာ အကာရံတွေ မရှိတော့ ဘုရားဖူးတွေဟာ ပလ္လင်နဲ့ မဟာဗောဓိပင်ကို လက်နဲ့ တို့ထိ ပူဇော်နိုင်ခဲ့ကြပါတယ်။ ဒါပေမယ့် အချို့ ဘုရားဖူးတွေဟာ ပလ္လင်ပေါ် တက်ထိုင်တာတွေ မဟာဗောဓိပင်ကို မီးပူဇော်တာတွေနဲ့ လက်တွေနဲ့ တို့ထိတာတွေ၊ ညောင်ပင်ခြေရင်းက သဲတွေကို ကော်ယူယူသွားတာတွေ၊ မဟာဗောဓိညောင်ပင်ရဲ့ အရွက်အကိုင်းတွေကို ချိုးယူခူးယူတာတွေ ရှိတာကြောင့် အခုလို အကာရံတွေ လုပ်လိုက်ရတယ်လို့ ဆိုပါတယ်။

ဘုရားပွင့်ခဲ့တာ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ထောင့်ငါးရာကျော်ကဆိုတော့ ဒီဗောဓိညောင်ပင်ဟာ အပင်အကြီးကြီး ဖြစ်နေသင့်ပေမယ့် အပင်က ထင်ထားတာထက်ငယ်နေပါတယ်။ ဒီလိုဖြစ်ရတာ အကြောင်းရင်းတွေက စိတ်ဝင်စားဖို့ ကောင်းလှပါတယ်။

အသောကမင်းကြီးဟာ ဗုဒ္ဓဘာသာဝင်ဖြစ်လာပြီးတဲ့နောက်မှာ မဟာဗောဓိပင်ရဲ့ တောင်ဖက်ခြမ်းအကိုင်းကို ဖြတ်တောက်ပြီး သီဟိုဠ်ကျွန်းက ဒေ၀ါနံ ပီယတိဿမင်းဆီကို ပို့လိုက်ပါတယ်။ အဲဒီတောင်ဖက်ပိုင်းကိုင်းကို ဒက္ခိဏသာခါလို့ သိကြပါတယ်။ အဲလိုဖြတ်တောက်လိုက်ပေမယ့် မဟာဗောဓိပင်က ကိုင်းဟာ မူလအတိုင်းပြန်ပေါက်လာတာကို တွေ့ရလို့ အသောက မင်းကြီးဟာ ဗောဓိပင်တန်ခိုး ကြီးမားတာကို မြင်လို့ မဟာဗောဓိညောင်ပင်ကို မကြာခဏ သွားပူဇော်ပြီး တရားအားထုတ်တာပါတယ်။

ဒါကို မလိုလားတဲ့ မိဖုရားငယ် တိဿရက္ခာဟာ ပရိယာရ်နဲ့ မင်းကြီးကို နယ်ခြားမှာ သူပုန်တွေ သောင်းကျန်းနေတာ ကိုယ်တော်တိုင် ခြေမှုန်းမှ ဖြစ်မယ်ဆိုပြီး နေပြည်တော်ပြင်ပကို ထွက်သွားစေခဲ့ပါတယ်။ ပြီးခါမှ ဗောဓိညောင်ပင်ကို ခုတ်ပစ်လိုက်တာ အငုတ်ပဲ ကျန်ပါတော့တယ့်။ အသောကမင်းကြီးဟာ သူပုန်တွေကို မတွေ့တာကြောင့် နန်းတော်ကို ပြန်ရောက်လာတော့ ထုံးစံအတိုင်း ညောင်ပင်ဆီကို သွားတဲ့အခါမှာ ညောင်ပင် အငုတ်ကိုပဲ တွေ့ရတော့ ညောင်ငုတ်ကို နွားနို့တွေနဲ့လောင်းပြီးတော့ အဓိဌာန် ပြုလိုက်ရာက မူလအတိုင်း ညောင်ပင် အသစ်တပင် ပေါက်လာတော့ ပိုမိုသဒ္ဓါထက်သန်လာပြီး အရပ်လေးမျက်နှာမှာ အုတ်တံတိုင်း ကာပြီး စောင့်ရှောက်ထားတယ်လို့ ဆိုပါတယ်။

နောက်တကြိမ်ကတော့ ဘင်္ဂလားပြည်နယ်အလယ်ပိုင်းက ရှီဝဘုရင် ဆာဆင်္ကာဟာ ဗောဓိပင်ကို အမြစ်ကနေတူးပြီး မီးရှို့ခဲ့ပါတယ်။ ဒါကို မဂဓဘုရင် ပူရဏဗာရ်မာန်က ပြန်လည်စိုက်ခဲ့ပေမယ့် ရှီဝဘုရင်က နောက်တခေါက် မီးထပ်ရှို့ခဲ့ပါတယ်။ ဒီတခေါက်မှာတော့ မဂဓဘုရင်ဟာ ဗောဓိပင်ကို ပြန်စိုက်ပြီးတော့ နောက်တခါ မဖျက်ဆီးနိုင်တော့အောင် အုတ်ရိုးတွေ ခတ်ပြီး ထားပြန်တယ်။ (နောင်အခါ မဟာဗောဓိနေရာကို ရှေးဟောင်းသုတေသနက ပြန်တူးဖော်တဲ့အခါမှာ ဘီစီ ၁ ရာစုလောက်တုန်းက အုတ်တွေနဲ့ အုတ်ရိုးတွေကိုတွေ့ရတယ်လို့ မှတ်တမ်းမှတ်ရာတွေ ရှိပါတယ်)

မူဆလင်ဘာသာဝင်ဖြစ်တဲ့ မဂိုလ်မင်းတွေဟာ အိန္ဒိယပြည်ကို စစ်အောင်နိုင်ပြီး ပါလအင်ပါယာကို တည်ထောင်ချိန်၊ မူစလင်နဲ့ ဟိန္ဒူဘာသာရေး အဓိကရုဏ်းတွေ ဖြစ်လာတဲ့ ၁၁ ရာစုနှောင်းပိုင်းမှာတော့ အသောကမင်းကြီး တည်ထားခဲ့တဲ့ မဟာဗောဓိ စေတီတော်နဲ့ ဗောဓိညောင်ပင်ဟာလည်း အခြားသော သာသနိက အဆောက်အအုံတွေနဲ့အတူ မီးရှို့ဖျက်ဆီးခံခဲ့ရပြီး သစ်ပင်ခြုံပင်တွေ အောက်မှာ ပျောက်ကွယ်ခဲ့ပြီး အိန္ဒိယမှာ ဗုဒ္ဓဘာသာဟာ ပျောက်ကွယ်လုနီးပါး ဖြစ်ခဲ့ရပါတယ်။

ပါလ အင်ပါယာ လက်အောက်ရှိနေတုန်းမှာပဲ မဟာယန ဗုဒ္ဓဘာသာဟာ အိန္ဒိယမှာ ထွန်းကားလာပါတယ်။ ၁၇ ရာစုမှာတော့ ပါလ အင်ပါယာ ကျဆုံးပြီး ဟိန္ဒူ စီန ခေတ်ကို ရောက်လာချိန်မှာတော့ ဗုဒ္ဓဘာသာ ပြန်လည် သက်ဝင်လာပါတယ်။ ၁၇၂၇ မှာတော့ ဟိန္ဒူ ဘုန်းကြီး မဟန့်ဂီရိရဲ့ ဆွေစဉ်မျိုးဆက်တွေက မဟာဗောဓိ နေရာ တ၀ိုက်ကို အပိုင်စား ရခဲ့ပြီး မဟာဗောဓိပင်နဲ့ အပျက်အစီးတွေကို ပြုပြင်ထိန်းသိမ်းခဲ့ပါတယ်။

ဒီလိုနဲ့ ၁၈၇၆ ရောက်တော့ လေမုန်တိုင်းဒဏ်ကြောင့် မဟာဗောဓိပင် ဟာ နောက်ထပ် ပြိုလဲပြန်ပါတယ်။ ဟိန္ဒူဘုန်းကြီးတွေကပဲ အခုလက်ရှိဖူးမျော်နေရတဲ့ မဟာဗောဓိပင်ပျိုတပင်ကို ထပ်စိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အခြားသမိုင်းတခုကလည်း အင်္ဂလိပ်တွေ အိန္ဒိယကို အုပ်ချုပ်နေတဲ့ကာလ ၁၈၈၀ ခုနှစ်များတုန်းက ရှေးဟောင်းသုတေသန ပညာရှင် ဆာအလက်ဇန္ဒား ကာနင်ဂန်က မဟာဗောဓိ မြေနေရာကို ပြန်လည်တူးဖော်ရှာဖွေပြီးတော့ ဗောဓိပင်ကို ပြန်စိုက်စေခဲ့တယ်လို့ ဆိုပြန်ပါတယ်။

အခုနောက်ပိုင်းမှာလည်း မဟာဗောဓိညောင်ပင်ကြီးဟာ ပိုးတွေကျတဲ့ဒဏ်နဲ့ ရာသီဥတုဒဏ်တွေကြောင့် အကိုင်းတွေ ကျိုးပျက်တာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ အခုလက်ရှိမှာတော့ ဂျပန် ဘာသာရေးအဖွဲ့က ဒီမဟာဗောဓိညောင်ပင်ကို ဆေးတွေ ထိုးပေးတာတွေနဲ့ ပြုစုစောင့်ရှောက်နေတယ်လို့ သိရပါတယ်။

မဟာဗောဓိပင်အောက်မှာ လာပြီး တရားအားထုတ်တဲ့ ဂျပန်၊ ကိုရီးယား၊ ထိုင်း၊ တိဘက် စတဲ့ နိုင်ငံတွေက သံဃာတော်တွေ သီလရှင်တွေ လူပုဂ္ဂိုလ်တွေ၊ ဟိန္ဒူဘာသာဝင်တွေကိုလည်း တွေ့ရပါတယ်။

မဟာဗောဓိပင်ရဲ့တောင်ဖက် ခပ်လှမ်းလှမ်းမှာတော့ တဖုဿနဲ့ ဘလ္လိက လှည်းကုန်သည်ညီနောင်ကို ဆံတော် ၈ ဆူ ပေးခဲ့တဲ့ လင်းလွန်းပင်ရှိပါတယ်။ သတ္တမ သတ္တဟ ဖြစ်ပါတယ်။ ဒီလင်းလွန်းပင်ကိုတော့ ၁၉၇၃ မှာမှ မြေတိုင်းဝန်ချုပ် ဗိုလ်မှူးကြီး လှအောင်ဆိုသူက လှူဒါန်းစိုက်ပျိုးထားခဲ့တာလို့ သိရပါတယ်။


အဲဒီကနေ တောင်ဖက်ဆက်သွားမယ်ဆိုရင်တော့ မုဉ္စလိန္ဒာအိုင်ကိုရောက်ပါတယ်။ ဆဌမ သတ္တဟ ပါ။ စိမ်းလဲ့နေတဲ့ ရေကန်အလယ်မှာတော့ မုဉ္စလိန္ဒာနဂါးက ဗုဒ္ဓကို မိုးရေမိုးထားဟန် နဂါးရုံဘုရား ပြုလုပ်ထားပါတယ်။

မဟာဗောဓိပင်ဖက် လက်ယာရစ်အတိုင်း ပြန်လှည့်လာခဲ့မယ်ဆိုရင် ဗုဒ္ဓမြတ်စွာ စင်္ကြကြွချီတဲ့ နေရာကို အထိမ်းအမှတ်လုပ်ထားတဲ့ ကြာပွင့် အုတ်စေတီလေးတွေကို တွေ့ရမှာပါ။ ရတနာ စင်္ကမ စေတီ (တတိယ သတ္တဟ) ဖြစ်ပါတယ်။

အဲဒီနေရာကနေ အုတ်လှေကား အဆင့်လေးတွေကိုတက်သွားမယ်ဆိုရင်ဖြင့် အဘိဓမ္မာတရား ဆင်ခြင်တဲ့ ရတနာဃရ စေတီနေရာ အုတ်တိုက်ကျောင်းဆောင်ကို တွေ့ရပါတယ်။ အဲဒီနေရာမှာ ဘုရားဖူးတွေဟာ ပဌာန်းဒေသနာတော် ရွတ်ဖတ်လေ့ရှိတယ်လို့ သိရပါတယ်။ ဒါဟာ စတုတ္ထ သတ္တဟပဲ ဖြစ်ပါတယ်။

မဟာဗောဓိ ပရ၀ုဏ်ကို အိန္ဒိယ ရှေးဟောင်းယဉ်ကျေးမှုထိန်းသိမ်းရေး ဌာနက ထိန်းသိမ်းပြုပြင်ထားပြီးတော့ UNESCO က သတ်မှတ်ထားတဲ့ ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ စာရင်းဝင်နေရာတခုလည်း ဖြစ်ပါတယ်။ လူပေါင်းစုံနဲ့ ရှုပ်ထွေးစည်ကားနေတဲ့ မဟာဗောဓိနေရာ ပတ်ဝန်းကျင်ကို ရှေးဟောင်းယဉ်ကျေးမှုနယ်မြေလို့ သတ်မှတ်ဖို့ ပြုလုပ်ထားပေမယ့် အဲဒီဒေသမှာနေတဲ့ သူတွေရဲ့ စီးပွားရေး လူမှုရေး နောက်ဆက်တွဲပြဿနာတွေ ရှိလာမှာမို့ ဘုရား ပရ၀ုဏ်နေရာကိုပဲ သတ်မှတ်ထားတယ်လို့ သိရပါတယ်။

ကျမတို့ မဟာဗောဓိ ပရ၀ုဏ်က ထွက်လာချိန်မှာတော့ နေ၀င်ပြီဖြစ်ပေမယ့် အပူငွေ့ကတော့ ကျန်နေပါသေးတယ်။ ၀င်းထဲမှာတော့ ဘုရားဖူးတွေ များလာတာကို တွေ့ရပါတယ်။

ဒီနောက်မှာတော့ ဘုရားလောင်းက ဘုရားဖြစ်မဖြစ် ကြိုတင်သိရအောင် အဓိဌာန်ပြု ရွှေခွက်မျှောခဲ့တဲ့ နေရဉ္စရာမြစ်ဆီကို သွားလေ့လာခဲ့ပါတယ်။

(ဆက်ပါအုံးမယ်)

မာန်
………………………………………………………………..

အညာနွေတမာမြေ

1 comment:

မဆုမွန် said...

ကျေးဇူးတင်ပါတယ် ကိုနေလင်းနဲ့ ညီမလေး..

ဗုဒ္ဓဂါယာခရီးသွားမှတ်တမ်းကို စစဖွင့်ချင်းမှာပဲ မြင်ကွင်းကို ပြက်ပြက်ထင်ထင် ပေါ်လွင်အောင် စာဖတ်သူကို ဆွဲဆောင်ခေါ်သွားနိုင်တဲ့အတွက် မရောက်ဖူးတဲ့သူတွေအတွက် မြင်ကွင်းတွေရော ဗဟုသုတကိုပါ အပြည့်အ၀ ပေးစွမ်းနိုင်တဲ့အတွက် ပို့စ်လေးအတွက် ကျေးဇူးကမ္ဘာပါ..