-->

Wednesday, July 8, 2009

ဇာဂနာအလွမ်းပြေ


(ဇာဂနာ စာကြွင်းများ - )

ကျနော်တို့ ဆေးကျောင်း ရောက်ကာစက ဖားခွဲရပါတယ်။ ဦးထွန်းမောင် ဆိုတဲ့ ကုလားကြီး ဆီကနေ ဖားအရှင် ၃ကောင် တရာ နဲ့ ၀ယ်ရတာပါ။ ပြီးတော့ အဲဒီ ဖားတွေကို ပုံမပျက်အောင် ကျွက်ကျွက်ဆူနေတဲ့ ရေနွေးအိုးထဲ ထည့်ပြီး သတ်ရပါတယ်။

ကျွန်တော်တို့ က ဘာ သိမလဲ။ ဖားတွေကို ရေနွေးအိုးကြီးထဲ ပစ် ထည့် လိုက်တာ
ကိုယ်တော်ချောတွေက ဆတ်ကနဲ ရေနွေးကို ခြေထောက်နဲ့ တစ်ချက်ပဲ ထိပြီး ခုန်
ထွက် သွားလိုက်တာ ၃ ကောင်လုံး လွတ်သွားရော။

ကုလားကြီးက ရယ် သလေ့။ ဒီလို သတ်ရတယ်ကွ … တဲ့ ဆိုပြီး ရေအေးတွေထည့်၊
ဖားကို ရေအေး ဇလုံထဲ ထည့် လိုက်တာ၊ ရွှေဖားလေးတွေက ရေအေးကန်ထဲ ပျော်လို့
ကူးခတ် နေလိုက်တာ။



ဒီမှာတင် ကုလားကြီးက အပူချိန်ကို ဖြေးဖြေးချင်း တရစ်ချင်း တိုး
လာလိုက်တာ၊ ငါး ဒီဂရီ လောက် တိုးတော့လည်း ဖားလေးများ ကူးခတ်ဆဲ၊ နောက်ထပ်
ငါး ဒီဂရီ ထပ်တိုးလည်း သူကောင့် ဖားတွေက နေသာသေးတယ် ဆိုပြီး ကူးခတ်ဆဲပ၊ဲ

အပူချိန် ၆၀ လောက်လည်း ရောက် ရော ဖားတွေ မလှုပ်နိုင်တော့ဘူး။ ရှစ်ဆယ်
လောက်လည်း ရောက် ရော အားလုံး … ဂန့် … ဂန့် … ဂန့် … ဂန့်။

ကျွန်တော်တို့လည်း ခုတော့ ဒီ ၀ဋ်တွေ လည်ပါပြီ။ တရစ်ချင်း တရစ်ချင်း
ကျပ်လာပြီ။ ငါတို့တော့ နေလို့ ရသေးတယ်။ ဘာမှ မဖြစ်သေးဖူး ဆိုပြီး …
ဆက်ပြီး ကူးမှာလား၊ ခုန် ထွက် မှာလား။ အပူချိန်မြှင့်နေတဲ့ လက်ကို ပြေး
ကိုက် ကြမလား။ မျက်နှာကို ခုန်အုပ် ကြမလား။ တခုခုတော့ ဆုံးဖြတ်
ရတော့မှာပဲ။ ဆုံးဖြတ်ပြီးရင်လည်း ဖြစ်အောင် လုပ်ရတော့မယ်။ မဟုတ်ရင်တော့
ရေနွေးအိုးထဲ သေရတာ သိပ် မတန် လှပေဘူး။
x x x x x

မှတ်မှတ်ရရ … ၁၉၈၈ အောက်တိုဘာလ မှာ အဖမ်းခံခဲ့ရ တုန်းကပေါ့။
ထောင်ထဲမှာအခန်းဖော်လည်းမရှိ၊ အပြင်လည်းမထွက်ရ၊ လူစကား
မေ့သွားမှာစိုးလို့၊ အခန်းထဲ ရောက်လာတဲ့ကြွက်တွေ၊ ပိုးဟပ်တွေ၊
အိမ်မြောင်တွေ၊ ပုရွက်ဆိတ်တွေနဲ့ စကား လိုက်ပြောနေ ရတာ။ သူတို့က
ပြန်မပြောပေမယ့်၊ ကိုယ်ကတော့ ဇွတ် လိုက်ပြော နေရတာ။

တဖြေးဖြေးနေရင်းနဲ့၊ ပုရွက်ဆိတ်တွေကို ကျွန်တော် ကြည့်မရ တော့ဘူး။ ကြည့်
ရ စရာလည်း တစ်စက်မှ မရှိဘူး။ စဉ်းစား လေ။ ဘယ့်နှယ် … ။ ကိုယ့်မှာ စားစရာ
ရှားပါးရတဲ့ အထဲ ငါးခြောက်ဖတ်လေး တစ်ဖတ်လောက် သိမ်းထားတာ၊
ဒီပုရွက်ဆိတ်တွေက ၀ိုင်းခဲကြတယ်လေ။ ထောင်ကပေးတဲ့ ကြက်သားဖတ်လေး မနက်စာ၊
ညနေစာ၊ တ၀က်စီ ခွဲထားတာ၊ နေ့လည် အိပ်နေတုန်း၊ ဒီအကောင်တွေက ၀ိုင်း
အုံပြီး သမကြ ပြန်ပါရော။ ဒီတော့ ကြည့်မရတာ အဆန်း လား ဗျာ။

သင်းတို့ကို နှိမ်နှင်းမှ ရမယ် ပေါ့။ ဒါနဲ့ … အဆင်သင့်ရှိနေတဲ့
ပရုတ်ဆီနဲ့၊ အဲဒီ ပုရွက်ဆိတ်တွေကို စည်းဝိုင်း ထားလိုက်တာ၊ အဲဒီကောင်တွေ
… ပထမတော့ ငါးခြောက်ဖတ်မဲနေရ��ကနေ ပြီးလို့၊ လှည့်ပြန်မယ် လုပ်တော့မှ
ပရုတ်ဆီတွေ့ပြီး၊ နောက်ပြန်ဆုတ်၊ အထဲမှာတင် ပတ်ပြေးနေတော့တာ။ ပရုတ်ဆီ
စည်းဝိုင်းထဲက ထွက်ဖို့ကို မစဉ်းစားတော့ဘူး။ နောက်ဆုံး
အချင်းချင်းပြန်ကိုက်ရင်းနဲ့ အကုန်လုံး အမှုန့်လေးတွေ ဖြစ်သွား
ပါလေရောဗျာ။

တစ်ရက်လည်း မဟုတ်၊ နှစ်ရက် လည်း မဟုတ်၊ ဘယ်နှစ်ရက်ပဲ ဖြစ်ဖြစ်၊ ကျွန်တော်
စမ်းသပ်ခဲ့တာ၊ အကြိမ်တိုင်း အခါတိုင်း ပုရွက်ဆိတ်တွေဟာ ပရုတ်ဆီ
စက်ဝိုင်းထဲက ထွက်ဖို့တစ်ခါမှ မစဉ်းစားပဲ အချင်းချင်းကိုက်ရင်း၊
အမှုန့်ဘ၀နဲ့ပဲ ဇာတ်သိမ်း သွားခဲ့တာပါပဲ။

အဲဒါ … အများလည်း စဉ်းစားနိုင်အောင်လို့ တင်ပြလိုက်ရတာပါ။
ကျွန်တော်တို့ဟာ … အခု ပရုတ်ဆီ အ၀ိုင်းခံ နေရတာပါ။ သတိပြုမိရင်
တော်ပါပြီဗျာ … ။)
x x x x x

ကျနော်က (ဖလက်ရှ်ဘက်) ပြန်သွားရမှာပေါ့။ ဟို ကျနော်တို့ ၁၉၈၈ ခုနှစ်
သြဂုတ်လ ၂၂ ရက်နေ့ကို ပြန်သွားကြမယ်ဆိုရင် သြဂုတ်လ ၈ ရက်နေ့အပြီး ၂၂
ရက်နေ့မှာ အနုပညာရှင်တွေ၊ စာပေအနုပညာရှင်တွေ အဲဒီ အချိန်မှာ
ဆရာကြီးဦးဝင်းတင် ဦးဆောင်ပြီး (Literature and Art)ဆိုတဲ့ နာမည်နဲ့
ကျနော်တို့ လှုပ်ရှားခဲ့ကြတဲ့ လူတွေ အခု အနုပညာသည်တွေထဲမှာလည်း ဒီလူတွေ
အများကြီးပါပဲ။ ဆိုတော့ ပြည်သူတွေရဲ့ ပိုက်ဆံ ပြည်သူတွေရဲ့ ချွေးနည်းစာ
အဲဒီဟာကို တိုက်ရိုက်စားသုံးလူတွေဟာ အနုပညာရှင်တွေပဲ ဖြစ်ပါတယ်။
ပြည်သူတွေရဲ့ အခွန်အခကို စားနေတာ မဟုတ်ပါဘူး။ အဲဒီတော့ ပြည်သူတွေရဲ့
ပိုက်ဆံကို ပြည်သူတွေရဲ့ ချွေးနည်းစာကို တိုက်ရိုက် စားနေတာ အဲ့ဒီ
အနုပညာရှင်တွေပါ။ အဲ့ဒီ အနုပညာရှင်တွေဟာ ပြည်သူ့ အခွန်အခ ကနေ တဆင့်ယူပြီး
လခစားလုပ်နေတဲ့လူ မဟုတ်ပါဘူး။ ပြည်သူတွေရဲ့ ပိုက်ဆံကို
တိုက်ရိုက်စားနေတဲ့ အနုပညာရှင်တိုင်းမှာ ပြည်သူ့ဒုက္ခနဲ့ ပတ်သက်လာရင်
တာဝန်ကို ရှိပါတယ်။

ပြည်သူတွေ ဆင်းရဲရင် အနုပညာသည်တွေလည်း ဆင်းရဲပါတယ်။ ပြည်သူတွေချမ်းသာရင်
အနုပညာရှင် တွေလည်း ချမ်းသာပါတယ်။ ပြည်သူကို ချစ်လှပါချည်ရဲ့၊ ပြည်သူကို
ချစ်လှပါချည်ရဲ့ ပြည်သူတွေဟာ ကျနော် တို့ရဲ့ ကျေးဇူးရှင်တွေပါလို့
တဖွဖွပြောနေမယ့်အစား ပြည်သူတွေရဲ့ ရှေ့ကို တစ်ချက်ကလေးလာပြီး ပြည်သူ့
ဒုက္ခတွေ အတွက် ခင်းများတို့အတွက် ကျနော်တို့က ခင်များတို့ရဲ့ ကိုယ်စား
ခင်များတို့ရဲ့ ဒုက္ခတွေကို ဟောဒီလို ရင်ဖွင့် ပြောပါပြီဆိုတဲ့
အနုပညာသမားတွေကို ကျေးဇူးပြုပြီး ပြည်သူ့ရှေ့ကို ထွက်ခဲ့ကြပါတော့လို့
ကျနော် ဒီနေရာက တိုက်တွန်းချင်ပါတယ်။ ပြည်သူ့တွေရဲ့ ပိုက်ဆံကို သူတို့…
စားထားကြတဲ့ လူတွေပဲဗျာ။ ပြည်သူ့ဒုက္ခ ကို ရင်ဆိုင်ကြပါ။ အဲဒီတော့
ဘုန်းဘုန်းတွေတောင်မှ ပြည်သူ့ဒုက္ခအတွက် ရှေ့ကို ထွက်လာကြပြီဆိုရင် လူတွေ
က ဘာလုပ်နေကြမှာလဲ။

လူတွေက တယ်လီဖုန်းလေးတစ်လုံးနဲ့၊ လူတွေက ကားလေးတစ်စီးနဲ့ လူတွေက
ဘီယာလေးတမြမြ သောက်ပြီး တော့ ကျေနပ်နေကြမှာ လား။ စတိတ်ရှိုးလေးပေါ်မှာ၊
စင်ပေါ်မှာ ဆိုပြီးတော့ စင်ပေါ်နဲ့ စင်အောက်ကို ပန်းသီး လေးတွေ ပေးတာနဲ့ပဲ
သူတို့ ဘ၀တွေဟာ ပြီးဆုံးသွားပြီလား။ ပြည်သူတွေကို ချစ်ကြတယ်ဆို။ ပြည်သူ
ချစ်တဲ့ အနုပညာသည်များ ကျနော် တောင်းပန်ပါတယ် ဒီနေရာကနေ။

ပြည်သူချစ်တဲ့ အနုပညာသည်များ၊ ပြည်သူ့ကိုချစ်တဲ့ အနုပညာသည်များ
ပြည်သူ့အတွက် တစ်ခွန်းလောက် တောင်မှ စကားလေး မပြောနိုင်တော့ဘူးလား။
အောင်ဆန်းဘောလုံးကွင်းကြီးထဲမှာ၊ သုဝဏ ဘောလုံးကွင်း ကြီးထဲမှာ သီချင်းတွေ
ဆိုနေကြတဲ့ နိုင်ငံကျော် အဆိုတော်ကြီးများ၊ အမျိုးသားညီလာခံမှာ သွားပြီး
အငြိမ့်က နေကြသည့် လူရွှင်တော်ကြီးများ၊ ပြည်ထောင်စု ကြံခိုင်ရေးနှင့်
ဖွံ့ဖြိုးရေး နှစ်ပတ်လည် ရုပ်ရှင်ဇာတ်ကားတွေကို ပျော်ပျော်ရွှင်ရွှင်ကြီး
သွားရောက်ရိုက်နေကြသည့် မြန်မာနိုင်ငံက ရုပ်ရှင် အနုပညာရှင်များကို….
ပြည်သူ့ အတွက် စကားလေးတစ်ခွန်းလေးတောင် မပြောပေးနိုင်တော့ဘူးလား။
အဲဒါလေးပဲ ကျနော်ပြောချင်ပါတယ်။
ဇာဂနာ

ကိုဇာဂနာ အမြန်ဆုံးလွတ်မြောက်ပါစေ

အညာနွေတမာမြေ

No comments: