-->

Wednesday, July 22, 2009

နက္ခတ်တာရာ သမိုင်းတွင်တဲ့ ဂျူလိုင် ၂၂

သမိုင်းတွင်မယ့် ၂၁ ရာစုအတွက် အချိန်အကြာမြင့်ဆုံး နေလုံးဝ ကြတ်ခြင်းတဲ့။
၂၀၀၉ ဂျူလိုင် ၂၂ ရက်နေ့တဲ့။
အိန္ဒိယ နိုင်ငံကနေ မြင်ရမယ်တဲ့။
၆ မိနစ်နဲ့ ၃၉ စက္ကန့်မို့ အချိန်အကြာဆုံးပါတဲ့။
ဒီလို အချိန်အကြာ နေလုံးဝ ကြတ်တာဟာ နှစ် ၁၀၀ကျော်မှ တခါ ဖြစ်တတ်တာမျိုးပါတဲ့။
တသက်မှာ တခါ ကြုံတောင့်ကြုံခဲ ဖြစ်ရပ်ပါတဲ့။
နောက်တခါ ဒီလိုဖြစ်တာမြင်ရအောင်က လာမယ့် ၂၁၃၂ ခုနှစ် ဂျွန်လ ၁၃ ရက်နေ့အထိ စောင့်ရအုံးမယ်တဲ့။

ဒီလိုတသက်မှ တခါ မြင်ရတာလို့ဆိုတော့ ၂၁၃၂ အထိ အသက်ရှည်မှာ မဟုတ်တဲ့ကျမ နေလုံးဝကြတ်တာကို မြင်ရမယ့် အိန္ဒိယကို ရောက်နေလေတော့ ဒါ အခွင့်ထူးပဲဆိုပြီး မနက်စောစော ထကြည့်ဖြစ်ပါတယ်။

ဒေလီကောင်းကင်မှာ နေကြတ်နေတဲ့ပုံ

ကျမရှိနေတဲ့ ဒေလီမြို့ကောင်းကင်ကြီးကတော့ နေ စ ကြတ်မယ်လို့ ပြောတဲ့ မနက်ခင်း ၆ နာရီ ကျော်ကျော်မှာတော့ တိမ်တွေ အုံ့ဆိုင်းနေတာကြောင့် နေစကြတ်တဲ့ပုံကို မမြင်လိုက်ရပါဘူး။ တိမ်နည်းနည်းရှင်းလာလို့ ကျမ မြင်ရတဲ့အချိန်မှာတော့ နေက တခြမ်းပဲ ရှိပါတော့တယ်။ အဲဒီနေတခြမ်း လတခြမ်းကလည်း တိမ်တွေထဲ ၀င်လိုက်ထွက်လိုက်ဖြစ်နေတာပါပဲ။


တိုက်ရိုက်လွှင့်နေတဲ့ အိန္ဒိယ တီဗီလိုင်းတွေမှာတော့ နေကြတ်ရာ လမ်းကြောင်းတလျှောက်မှာရှိတဲ့ မြို့တွေက နေကြတ်နေတဲ့ အခြေအနေ ရုပ်ပုံတွေကို တွေ့နေရပါတယ်။

အိန္ဒိယကိုဖြတ်သွားတဲ့ နေကြတ်ရာလမ်းကြောင်းတလျှောက်မှာတော့ ဗာရာဏသီ၊ ဂါယာနဲ့ ပတ္တနားမြို့တွေဟာဖြင့် အရှင်းလင်းဆုံးမြင်ရမယ့် နေရာတွေပါတဲ့။ အထူးသဖြင့်ကတော့ ပတ္တနားမြို့နားက တရီဂါနာ ဆိုတဲ့ မထင်မရှားရွာကလေးမှာပါပဲ။ အဲဒီရွာကလေးကို နေကြတ်တဲ့ လမ်းကြောင်းက တည့်တည့်ဖြတ်သွားမှာဆိုတော့ အဲဒီရွာကလေးကို အိန္ဒိယ သိပ္ပံပညာရှင်တွေ၊ နိုင်ငံတကာက ကြယ်တာရာ နက္ခတ် လေ့လာတဲ့သူတွေ၊ ကမ္ဘာလှည့်ခရီးသည်တွေ၊ နေလုံးဝ ကြတ်တာကို ကြည့်လိုတဲ့သူတွေ စုရုံးရောက်နေကြတာ အများကြီးပါပဲ။

မြင့်မြတ်တဲ့ မြို့တော်ရယ်လို့ အယူရှိတဲ့ ရှေးဟောင်းမြို့တော် ဗာရာဏသီ မြို့က ဂင်္ဂါမြစ်ကမ်းမှာလည်း လူတွေကမ်းလုံးညွတ်ပါပဲရှင်။

အချိန်တွေ တတိတိ ကျော်လာချိန်မှာတော့ ဒေလီကောင်းကင်မှာ တိမ်နည်းနည်းရှင်းသွားတော့ လခြမ်းပုံသေးကွေးကွေးလေးနဲ့ နေကြတ်နေတာ ပေါ်လာပါတယ်။ နေရောင်ဟာလည်း သိသိသာသာ နည်းလာပါတယ်။ ဒေလီကတော့ နေလုံးဝ ကြတ်တဲ့ လမ်းကြောင်းပေါ်ကျနေတာ မဟုတ်တာကြောင့် တစိတ်တပိုင်း နေကြတ်တာကိုပဲ မြင်ရတာပါ။

ဒီအချိန်မှာတော့ နေလုံးဝကြတ်တဲ့ လမ်းကြောင်းပေါ် တိုက်ရိုက်ကျတဲ့ မြို့တွေမှာတော့ နေလုံးကြီး တဖြည်းဖြည်းနဲ့ ပျောက်သွားပြီးတော့ လအရိပ် မည်းမည်းဘေးပတ်လည်မှာ အဖြူရောင် တောက်ပတဲ့ စက်ဝိုင်းကြီးအဖြစ် ပြောင်းသွားပါတော့တယ်။

အဲဒီအချိန်မှာ နေရောင်လုံးဝ ပျောက်သွားပြီး ညအမှောင်လိုဖြစ်သွားတာကို ရုပ်သံလိုင်းတွေကနေ မြင်နေရပါတယ်။ နေကြတ်တဲ့မြင်ကွင်းကို ရှင်းရှင်းမြင်နိုင်တယ်ဆိုတဲ့ တရီဂါနာ ရွာလေးမှာတော့ မိုးတိမ်တွေ အုံ့ဆိုင်းလာတာကြောင့် မြင်ကွင်း မရှင်းဘူးလို့ သိရပါတယ်။

နေလုံးဝကြတ်ရာမှာ ဖြစ်ပေါ်တတ်တဲ့ စိန်လက်စွပ်ပုံစံ ရောင်ခြည်ဝိုင်း Diamond ring ကိုတော့ ဗာရာဏသီ ကောင်းကင်မှာ ရှင်းရှင်းလင်းလင်း မြင်လိုက်ရပါတယ်။

နေကို ကွယ်နေတဲ့ လရိပ်မဲမဲရဲ့ ဘေးပတ်လည်မှာ အလင်းရောင်ဝိုင်းစက်စက်ရယ် အဲဒီ ရောင်ခြည်အ၀ိုင်းရဲ့ ထိပ်ပိုင်းမှာ စိန်ပွင့်လေး တောက်ပနေသလို မြင်ရတာ သိပ်လှတာပါပဲ။ ကျမ တသက်မှာ ဒါမျိုး တခါမှ မတွေ့ဖူးပါဘူး။ ကျမကိုယ်တိုင်ကိုယ်ကျ မြင်ဖူးချင်ပေမယ့် အခြေအနေမပေးတာကြောင့် တီဗီကနေပဲ ကြည့်ရပါတယ်။

ကျမနေတဲ့ ဒေလီကောင်းကင်မှာတော့ လခြမ်းကွေး မျှင်မျှင်လေးက တိမ်တွေကြားမှာ မြုပ်တလှည့် ပေါ်တလှည့်နဲ့ သူ့ကိုလှမ်းကြည့်နေတဲ့လူတွေကို ကျီစားနေပါတယ်။

အိန္ဒိယနိုင်ငံ အနောက်ပိုင်းမှာ မနက် ၅ နာရီခွဲလောက်က စ လို့ အရှေ့ဖက်ကို တဖြည်းဖြည်း ရွေ့သွားတဲ့ နေကြတ်တဲ့ လမ်းကြောင်းဟာ နီပေါနိုင်ငံ အရှေ့ပိုင်း၊ ဘင်္ဂလားဒေ့ရှ် မြောက်ပိုင်း၊ မြန်မာနိုင်ငံ မြောက်ဖျားပိုင်း၊ တိဘက် အလယ်ပိုင်း၊ တရုတ်နိုင်ငံနဲ့ ဂျပန်နိုင်ငံ တောင်ပိုင်းစွန်းက Yakushima, Tokararetto စတဲ့ ကျွန်းငယ်လေးတွေကိုဖြတ်သွားပြီး ပစိဖိတ် သမုဒ္ဒရာ တောင်ပိုင်းနိုင်ငံလေး တခုဖြစ်တဲ့ Kiribati မှာ အဆုံးသတ်တာဖြစ်ပါတယ်။

ကျမတို့ မြန်မာနိုင်ငံမှာတော့ တိမ်ကင်းစင်တဲ့ နိုင်ငံ အလယ်ပိုင်းနဲ့ မြောက်ဖျားပိုင်းမှာ နေတစိတ်တဒေသကြတ်တာကို တွေ့မြင်ရတယ်လို့ မိတ်ဆွေ သူငယ်ချင်းတွေက ဆိုပါတယ်။ ရန်ကုန်မှာတော့ မိုးတွေ အုံ့ဆိုင်းနေတာ၊ မိုးရွာနေတာကြောင့် ဘာမှ မမြင်ရသလို မနက်ခင်း နေထွက်ချိန်ဖြစ်တာက တကြောင်း မိုးအုံ့တာက တကြောင်းတို့ကြောင့် အလင်းရောင်ဟာ ထူးထူးခြားခြား ပြောင်းလဲတာ မသိသာဘူးလို့ ပြောကြပါတယ်။

နေကြတ်တဲ့ လမ်းကြောင်းပေါ်က မြို့တွေကို သွားခွင့်မရခဲ့တဲ့အတွက် ကျမသိပ်မြင်ဖူးချင်တဲ့ နေလုံးဝကြတ်ပြီး ပေါ်လာတဲ့ Diamond Ringရယ် နေအလင်းရောင် ရှိနေရမယ့်အချိန်မှာ မှောင်မှောင်ကြီးဖြစ်သွားရတဲ့ ခံစားချက်ကိုတော့ မရလိုက်ရပါဘူး။ တီဗီထဲက ရုပ်ပုံတွေကိုပဲကြည့်ပြီး ကျေနပ်လိုက်ရပါတယ်။

အိန္ဒိယ သိပ္ပံပညာရှင်တချို့ရယ် သတင်းဌာန တချို့က သတင်းထောက်တွေရယ်ကတော့ အိန္ဒိယလေတပ်က လေယာဉ်တွေနဲ့ နေကြတ်တာကို ကောင်းကင်ပေါ်ကနေ အနီးကပ် လိုက်ကြည့်ကြတာကိုလည်း အားကျဖွယ်ရာ တွေ့ရပါတယ်။

အိန္ဒိယက နေကြတ်တာ ပြန်ထွက်နေချိန်မှာတော့ နီပေါ၊ တိဘက်၊ တရုတ်ပြည်၊ ဂျပန်ပြည်တို့က ကျွန်းကလေးတွေမှာ နေရောင် ပျောက်ကွယ်သွားပြီး ကောင်းကင်မဲမဲမှာ အလင်းရောင်ဝိုင်းလေးဖြစ်သွားနေတာကို တီဗီသတင်းဌာနတွေကနေတဆင့် မြင်ရပါတယ်။

နေကြတ်နေတဲ့အချိန်မှာ့ ဗာရာဏသီက ဂင်္ဂါမြစ်ကမ်းမှာတော့ ရေချိုးဆင်းတဲ့သူတွေ နေမင်းကို ပူဇော်ပသ အသံတွေနဲ့ စည်ကားလို့နေပါတယ်။ နေကြတ်တာ ပြီးသွားချိန်မှာတော့ ဂင်္ဂါ မြစ်ကမ်းမှာ ရေချိုးဆင်းကြတဲ့သူ များလွန်းတာကြောင့် မြစ်ကမ်းနဖူးက လူအုပ်ကြီး ပြိုကျပြီး ရေထဲနစ်သေတဲ့ အသက် ၈၀ အရွယ် အမျိုးသမီးတဦးရယ်၊ လူပိသေတဲ့ အခြားသူတဦးရယ် ပြီးတော့ ဒဏ်ရာရတဲ့သူ ၂၀ နီးပါးရှိတယ်ဆိုတဲ့ စိတ်မကောင်းစရာ ဖြစ်ရပ်တခု ဖြစ်သွားပါသေးတယ်။

“ဒီလိုနေကြတ်ချိန်မှာ မြင့်မြတ်တဲ့ ဂင်္ဂါမြစ်ထဲ ရေချိုးမယ်၊ ဗာရာဏသီမှာ လာပြီးတော့ နေမင်းကို ပူဇော်မယ်ဆိုရင် နောက်ဘ၀အတွက် ကောင်းမှုကုသိုလ်တွေ အများကြီး ရလိမ့်မယ်လို့ ဘိုးဘေးတွေက ပြောတာကြောင့် အခုလို လာရပါတယ်” လို့ အိန္ဒိယ အလယ်ပိုင်းကနေ ဗာရာဏသီကို လာခဲ့တဲ့ အမျိုးသားကြီးတယောက်က သတင်းဌာန တခုကို ပြောပြတာ ကြားလိုက်ရပါတယ်။

ဒီလိုနေကြတ်တာကို ကောင်းကင်မှာ ပေါ်လာတဲ့ စိန်လက်စွပ်ဖြစ်တာမို့ ကောင်းတဲ့ လက္ခဏာဖြစ်တယ်၊ တသက်မှာ တခါမို့ ကြုံတောင့်ကြုံခဲ ဖြစ်တယ်လို့ ရှုမြင်ကြတာတွေ ရှိသလို၊ မနက်ခင်းချိန် မင်္ဂလာရှိတဲ့အချိန်မှာ အလင်းရောင်နဲ့ အစမပြုပဲ Dark Rising အမှောင်ထုနဲ့ စတင်တာဖြစ်လို့ မကောင်းတဲ့ နိမိတ်ဖြစ်တယ်၊ အလင်းရောင်ပေးတဲ့ နေမင်းကို အမှောင်ထုက လွှမ်းမိုးထားလိုက်တာဖြစ်လို့ မကောင်းတဲ့ လက္ခဏာဖြစ်တယ် စတဲ့ ရှုမြင်မှုနဲ့သူတွေလည်း တပုံတပင်ပါ။

အိန္ဒိယ နက္ခတ်နဲ့ဝေဒ ပညာရှင်တွေကတော့ ဒါဟာ ကမ္ဘာအရပ်ရပ်မှာ စစ်မက် ခိုက်ရန်တွေ ဖြစ်ပွားမယ့် မငြိမ်မသက်ဖြစ်မယ့် နိမိတ်ပါတဲ့။ တိုင်းပြည်အကြီးအကဲတွေအတွက် အသက်အန္တရာယ်ရှိမယ်ဆိုပြီး တွက်ချက် ဟောပြောကြပါတယ်။

အိန္ဒိယက အချို့မိဘတွေကတော့ သူတို့ရဲ့ကလေးတွေကို ကျောင်းမတက်စေပါဘူး။ ဒါဟာ ဘာကြောင့်လဲဆိုတော့ ဟိန္ဒူအစဉ်အလာအရ နေကြတ်ချိန်မှာ အစားအသောက် ပြင်ဆင်တာဟာ မင်္ဂလာမရှိဘူးလို့ မှတ်ယူကြလို့ပါတဲ့။ အိန္ဒိယက ကျောင်းတွေတက်ချိန်ဟာ မနက်စာစားပြီးချိန် ဖြစ်တဲ့အတွက် နေကြတ်ချိန်မှာ ကလေးတွေအတွက် မနက်စာပြင်ဆင်ရမှာဖြစ်လို့ပါပဲ။

အခြားသော အယူအဆတခုကလည်း ကိုယ်ဝန်ဆောင် မိခင်တွေ နေကြတ်ချိန်မှာထွက်လာတဲ့ ရောင်ခြည်တွေ ထိမိရင် ဗိုက်ထဲက ကလေးကို ထိခိုက်နိုင်တယ်။ ကလေး ရုပ်ဆိုးဆိုးလေးတွေ မွေးလာတတ်တယ် ဆိုတာကြောင့် ကိုယ်ဝန်ဆောင်မိခင်လောင်းတွေ အိမ်ထဲကနေ ထွက်ခွင့် မရကြပါဘူး။

“ကျမအဒေါ်တွေနဲ့ ကျမအမေက အပြင်ကို မထွက်ခိုင်းပါဘူး။ အိမ်က ကန့်လန့်ကာတွေကိုလည်း အကုန်ပိတ်ထားတယ်။ နေရောင်နဲ့ မထိအောင် အမှောင်ချတဲ့အခန်းထဲမှာပဲ နေခိုင်းပါတယ်။ ကုတင်ပေါ်မှာပဲလှဲနေခိုင်းပြီး ဘုရားစာတွေ ရွတ်ရပါတယ်” လို့ ကိုယ်ဝန်ဆောင် မိခင်လောင်းတယောက်က ပြောပြပါတယ်။

ဒီနေ့မှာ ကလေးမွေးမယ့် မိခင်တွေဟာလည်း ဒီနေ့မတိုင်ခင် ခွဲစိတ်မွေးပေးဖို့ ဆရာဝန်တွေကို တောင်းဆိုတာတွေလည်း ရှိပါတယ်။

နာမည်မဖော်ပြထားတဲ့ မြန်မာပြည်က နက္ခတ်ဗေဒ ပညာရှင်တယောက်ကလည်း ဒီလိုဖြစ်တာဟာ တိုင်းပြည်မှာ ကမောက်ကမ အခြေအနေတွေ ဖြစ်မယ့်လက္ခဏာပဲလို့ ပြောဆိုတယ်ဆိုတာကို အေပီသတင်းတရပ်မှာ ဖော်ပြထားတာ ဖတ်လိုက်ရပါတယ်။

တရုတ်ပြည်က ရှေးအယူအဆတခုမှာလည်း အခုလိုနေကြတ်တာဟာ မကောင်းတဲ့ နိမိတ်လက္ခဏာဆိုး၊ ကြမ္မာဆိုး တခုဖြစ်တယ်လို့ ဆိုထားပြန်ပါသေးတယ်။ တရုတ် နက္ခတ်ပညာရှင်တွေကလည်း မငြိမ်သက်ဖြစ်မယ်၊ စစ်မက်ဖြစ်မယ်၊ ဆန်ရေစပါးရှားပါးမယ်၊ တိုင်းပြည်အကြီးအကဲတွေ အသက်အန္တရာယ်ရှိတယ်လို့ ဟောပြောပြန်ပါတယ်။

နေကိုလေ့လာတဲ့ သိပ္ပံပညာရှင်တွေ အဖို့ကတော့ ဒါဟာ သဘာဝ ဖြစ်ရိုးဖြစ်စဉ်တခုပဲဖြစ်တယ်။ အခုလို နေလုံးဝကြတ်ချိန်ဟာ ၆ မိနစ် ၃၉ စက္ကန့်အထိ ကြာမြင့်တဲ့အတွက် နေလုံးပတ်ဝန်းကျင်က အနားသတ်ရောင်ခြည်စက်ဝန်းထဲက ရောင်ခြည်လှိုင်း (Waves in the Corona) တွေကို လေ့လာနိုင်လိမ့်မယ်။ အဲဒီအခါကျရင် နေရဲ့ အနားသတ် ရောင်ခြည်စက်ဝန်း (Corona) ဟာ ဘာကြောင့် ၂ မီလီယံ ဒီဂရီတောင် ပူနေရတာလဲဆိုတာကို လေ့လာသိရှိနိုင်လိမ့်မယ်လို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။

နေကြတ်ခြင်းဟာ ကောင်းတဲ့လက္ခဏာလို့ပဲဆိုဆို၊ ကံကြမ္မာဆိုးလို့ပဲပြောပြော၊ သိပံ္ပပညာရှင်တွေအတွက် အကျိုးရှိတဲ့ ဖြစ်ရပ်လို့ပဲတွေးတွေး၊ ၂၁ ရာစုအတွက် အချိန်အကြာမြင့်ဆုံး နေလုံးဝ ကြတ်တာကို ကြုံတွေ့လိုက်ရတာဟာဖြင့် တသက်မှာတခါ ကြုံတောင့်ကြုံခဲမို့ ကျမတို့အဖို့ကတော့ ဒါဟာ သဘာဝတရားကြီးက ပေးလိုက်တဲ့ ကံကောင်းခြင်းလက်ဆောင်ပဲ ဖြစ်ပါတယ်။ ဒီလက်ဆောင် ရခဲ့တဲ့ ဂျူလိုင် ၂၂ ရက် ၂၀၀၉ ခုနှစ်ကတော့ဖြင့် ကျမဘ၀မှာ အမှတ်တရ တခုအဖြစ် ရှိနေမှာပဲ ဖြစ်ပါတယ်ရှင်။


အညာနွေတမာမြေ

2 comments:

Anonymous said...

Wow, superb wеblog layout! How lengthу haѵe you been running a blog for?

уou mаκe running a blog glance еasy.
Тhe total glance of your ѕite is ωonderful, as well
as the content!

my blоg ... activate iphone without itunes

Anonymous said...

Hello just ωanted tο give уou a quick heаdѕ up.
The teхt in yоur post sеem to be runnіng οff the scrееn in Ie.

I'm not sure if this is a formatting issue or something to do with web browser compatibility but I thought I'd pоst to let you knoω.
The style and deѕign loоk gгeat though!
Hoρe you gеt the isѕue solved soon. Thanks

Feel free to surf to my page ... iphone repair apple store