-->

Saturday, August 1, 2009

ကြောက်အောင်ခြောက်လည်း မကြောက်ပါ

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စီရင်ချက်ချမယ်ဆိုတဲ့ ဇူလိုင် ၃၁ ရက်မတိုင်ခင် ညက မကွေးတိုင်းနဲ့ ရန်ကုန်တိုင်းက အန်အယ်လ်ဒီပါတီဝင် ၃ဝ နီးပါးကို သက်ဆိုင်ရာက မေးမြန်းစရာရှိလို့ဆိုကာ ခေါ်ယူထိမ်းသိမ်းခဲ့ပါတယ်။ မကွေးတိုင်းရေနံချောင်းမြို့က အန်အယ်လ်ဒီ ဥက္ကဌ ဦးခင်ဝင်း စည်းအဖွဲ့ဝင်တွေဖြစ်ကြတဲ့ ဦးတင့်လွင်၊ ဦးမြင့်ငွေ နဲ့ ဦးသန်းအောင်တို့ကို ည ၁နာရီကျော်မှာ ရေနံချောင်းရဲစခန်းက လာရောက်ခေါ်ယူသွားပြီး နေရာခွဲမေးမြန်းခဲ့ပုံကို ရေနံချောင်းစည်းအဖွဲ့ဝင် ဦးတင့်လွင်က ပြောပြပါတယ်။


"ကျနော်တို့ခေါ်ထားတာက စခန်းမှာပေါ့နော် တယောက်တနေရာစီခွဲပြီးခေါ်ထားတာပေါ့ ကျနော်က ရေနံ ၁မှာ ဦးသန်းအောင်က မြို့မစခန်းမှာ ဦးခင်ဝင်းက ညောင်လှရဲစခန်းမှာခေါ်ထားတာ သူကတော့လက်မှတ်ကုန်းမှာခေါ်တယ် ဒီလိုခေါ်တာကတော့ ခဏခဏပါ ၂၇ ရက်နေ့က တဖွဲ့လုံးကိုခေါ်တယ်ပေါ့နော် ဒါက မြန်မာပြည်မှာတော့ ရိုးနေပြီပေါ့နော် လွတ်လပ်မှု မရှိဘူးပြောပါတော့ ကျနော်တို့ ခြိမ်းချောက်တာထက် ပြည်သူလူထုကို ခြိမ်းချောက်တာပေါ့နော် ကျနော်တို့အဖွဲ့သားတွေကတော့ အခုလို ခေါ်ယူတွေ့ဆုံရတဲ့အတွက် ပိုပြီးတော့ သွက်လက် လာတယ် ပိုပြီးတော့ စုစည်းမိလာတယ်လို့ သုံးသပ်ချင်ပါတယ်။"

မြို့မရဲစခန်းက တာဝန်ရှိသူတွေကတော့ ဆုတောင်းပွဲနောက်မှာ လူထုလိုက်ပါလာပြီး အုံကြွမှုဖြစ်မှာစိုးလို့ ခေါ်ယူထိမ်းသိမ်းတာပါပြောပေမဲ့ ဆုတောင်းပွဲတွေနေရာအနှံ့ တိုးပြီးလုပ်လာနေတာပါပဲလို့ ပြောပြတာကတော့ စည်းအဖွဲ့ဝင် ဦးသန်းအောင်ပါ။

"ဝတ်ပြုဆုတောင်းပွဲတွေက စိတ်စိတ်လာတယ်ပေါ့။ ဒီနောက်ပိုင်းမှာ လူထုတွေ လိုက်ပါပြီးတော့မှ အင်အားစုကြီးဖြစ်သွားမှာကို စိုးရိမ်ပြီးတော့ သူတို့က ခေါ်ပါတယ်ဆိုတာ သူတို့ကိုယ်တိုင် ထုတ်ပြောတာပါ။ လှုပ်ရှားမှုက များလာတာနဲ့အမျှ သူတို့အနေနဲ့လည်း ကျနော်တို့အပေါ်မှာ အာရုံစူးစိုက်မှုက ပိုပိုများလာမှာပါပဲ။ ဖမ်းလည်းဖမ်းနိုင်တယ် အမှုလည်း ဆင်နိုင်တယ်ပေါ့ဗျာ။ ဘာပဲဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ချင်တဲ့ဆန္ဒ ကျနော်တို့မှာ အမှန်ရှိတယ်။ နောက်တခါ ကျနော်တို့သာမကဘူး ကျနော်တို့ အဖွဲ့ချုပ်ဝင်တွေရော အဖွဲ့ချုပ်ဝင် မဟုတ်တဲ့ ပြည်သူပြည်သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်စေတဲ့ဆန္ဒ ပြင်းပြင်းပြပြရှိကြတယ်။ အခုလို ကျနော်တို့ကိုခေါ်ပြီးတော့ တားရုံဟန့်ရုံနဲ့ မရပါဘူး။ မနေ့ကဆို ကျနော်တို့ကိုခေါ်ထားတယ်၊ ဒါပေမယ့်လည်း ကျနော်တို့ မပါပေမယ့် ကျန်တဲ့သူတွေက ဒီလိုကိစ္စတွေကို ဆက်လုပ်နေတယ်။ ဒါကိုက ပြယုဂ်ပါပဲ။ တားမြစ်လို့ မရပါဘူး၊ ဒေါ်စုကို လွှတ်ပေးဖို့ ဆန္ဒရှိကြတယ်ဆိုတဲ့ စိတ်ကို တားမြစ်လို့ မရပါဘူး။"

ပခုက္ကူမြို့နယ်က မြို့နယ်စည်းအဖွဲ့ဝင်တွေဖြစ်တဲ့ ဦးပိုက်ကို၊ ဦတင်ညွန့်၊ ကိုကျော်မြင့်အေး နဲ့ ကမ္မရွာက ကိုဌေးဝင်းတို့ကို ၃၁ ရက်နေ့ မနက် ၁နာရီကျော်လောက်မှ ခေါ်ယူစစ်ဆေးခဲ့ပြီး ည ၈ နာရီလောက်မှာ အိမ်ပြန်ပို့ပေးခဲ့ပါတယ်။ တိုင်းလူငယ်အထောက်အကူပြု အဖွဲ့ဝင် ကိုဌေးဝင်းကို ကမ္မရွာနဲ့ မိုင် ၃ဝ လောက်ဝေးတဲ့ ပေါက်မြို့က ရဲစခန်းမှာ ခေါ်ယူပြီး စစ်ဆေးခဲ့ပါတယ်။ ကိုဌေးဝင်းကလည်း သူ့ရဲ့ ခံယူချက်ကို အခုလိုပြောပြပါတယ်။

"အကို သွားတဲ့လာတဲ့ ကိစ္စတွေပေါ့နော်၊ အဲဒါတွေတော့ ကျနော် ဒိုင်ယာရီ ရေးမထားဘူးလို့။ ခင်များတို့လူတွေ တွေ့လို့သွားတာဆိုရင် အဲဒီလူတွေသာ လိုက်မေးလိုက်လို့။ ဖိုတိုကမ်ပိန်း ကိစ္စတွေပေါ့နော်။ ဒါတွေကတော့ မီဒီယာကနေ ကြေငြာပြီးလုပ်တဲ့ကိစ္စပဲဗျာ၊ ကျနော်တို့ လုပ်တယ်လို့။ အကို့အနေနဲ့ကတော့ သံဓိဌာန် ချထားတယ်လေ ဒီမိုကရေစီရေးအတွက် အကိုတို့က မလျှော့ဘူးဆိုတာ။ အများပြည်သူကကျတော့ အဲလိုဖမ်းတယ်ဆီးတယ်ဆိုရင် ကြောက်ကြတယ်၊ ပြည်သူကို ကြောက်အောင်ခြောက်တဲ့ နည်းတမျိုးပဲလို့ပဲ မြင်တယ်၊ ဒါပေမယ့် ပြည်သူတွေက အဲလိုဖမ်းလိုက်တဲ့အတွက် သူတို့ကြောက်ပေမယ့် ပိုပြီး အကိုတို့ အပေါ်ကို ထောက်ခံမှုပိုရှိလာတယ်လို့ မြင်တယ်။"

မင်းဘူးမြို့က အန်အယ်လ်ဒီ ဥက္ကဌ ဦးသောင်းစိုး ကိုလည်းညပိုင်းမှာ လွတ်ပေးခဲ့ပါတယ်။ ဦးသောင်းစိုးမရှိပေမဲ့ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် မင်းဘူးက မန်းရေနံမြေ အလုပ်သမားတွေ ၁ဝဝ ကျော်ကနေ မြစေတီဘုရားမှာ ဝတ်ပြုဆုတောင်းခဲ့တယ်လို့သိရပါတယ်။ စကုက ကိုနေမျိုးကျော်ကိုလည်း မင်းဘူးရဲစခန်းမှုးနဲ့ စကုစခန်းမှုး တို့က ၃၁ ရက်မနက် ၁နာရီကျော်မှာ ဖမ်းဆီးသွာပြီး မကွေးအမှတ် ၂ ရဲစခန်းမှာ ကိုယ်ရေးအချက်အလက်တွေယူပြီး ပြန်လွတ်ပေးလိုက်ပါတယ်။ မကွေးတိုင်း လူငယ်အထောက်အကူပြု တာဝန်ခံ ကိုနေမျိုးကျော်ကတော့ ဒီလိုလုပ်တာဟာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို ပိုမိုကြန့်ကြာစေပြီး လူထုအနေနဲ့ ပိုမို စည်းလုံးဖို့လိုတယ်လို့ ပြောပါတယ်။

"အခုအခြေအနေဟာ ကျနော်တို့ အဖွဲ့ချုပ် အဖွဲ့ဝင်တွေကို နိုင်ငံရေး ဖြစ်စဉ်တွေနဲ့ ပတ်သက်တိုင်း ပတ်သက်တိုင်း ဥပဒေတွေ တရားတွေနဲ့ ကျော်လွန်ပြီးတော့ လူ့အခွင့်အရေးကို ချိုးဖောက်ပြီးတော့ ကျနော်တို့ကို ဖမ်းဆီးတယ် ခေါ်ဆောင်တယ်၊ စစ်ဆေးတယ်၊ မေးမြန်းမှုတွေ လုပ်လာတာဟာ လက်ရှိ အစိုးရက ကျနော်တို့ကို တရားဝင် ရပ်တည်နေတဲ့ အန်အယ်လ်ဒီ ပါတီကို သူတို့ပေးထားတဲ့ အကန့်အသတ်တွင်းက လှုပ်ရှားစေလိုတဲ့ သဘောမျိုး သက်ရောက်နေတယ်လို့ ကျနော်တော့ မြင်မိတယ်ဗျာ။ ကျနော်တို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမြဲတမ်း သွန်သင် မိန့်မှာထားချက်ရှိပါတယ်၊ ညီညွတ်မှုအင်အားပိုကောင်းလေ အောင်ပွဲ မြန်မြန်ရလေ ပဲဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ကျနော်တို့ ဒီမိုကရေစီအင်အားစု အားလုံးနဲ့ ပြည်သူလူထုက ညီညီညွတ်ညွတ် ပူးပေါင်းပြီးတော့ ချီတက်ကြပါလို့ ကျနော့်အနေနဲ့ တိုက်တွန်းချင်ပါတယ်ခင်မျ။"

တောင်တွင်းကြီးက အန်အယ်လ်ဒီ ဒုဥက္ကဌ ဦးမောင်စိုးအတွင်းရေးမှုး ဦးပါလေး နဲ့အဖွဲ့ဝင် ကိုကျော်နိုင်တို့ကိုလည်း ပြန်လွတ်ပေးခဲ့ပါတယ်။ အောင်လံစည်းအဖွဲ့ဝင် ဦးအေးမြင့်နဲ့ ဦးမင်းမောင်တို့ကို ပလို့ ရဲစခန်းနဲ့ စကားတောင် ကိုးကွေ့ ရဲစခန်းတွေမှာ ဖမ်းဆီးပြီး ညပိုင်းမှာ အိမ်ပြန်ရောက်နေပြီလို့သိရပါတယ်။ မကွေးတိုင်းအတွင်းက ၁၅ ယောက်ကျော် ဖမ်းဆီးခဲ့ပြီး ပြန်လွတ်ပေးတဲ့အထဲမှာ ပွင့်ဖြူ စည်းအဖွဲ့ဝင် ဦးအောင်ဝင်းနဲ့ သားဖြစ်သူ ကိုသူရအောင်တို့ကိုတော့ ခုချိန်ထိလွတ်မပေးသေးပဲ ကျူရှင်အက်ဥပဒေ နဲ့အရေးယူမယ်လို့သိရပါတယ်။ ဒီအကြောင်းကို မကွေးတိုင်း လူငယ်အထောက်အကူပြု တာဝန်ခံ ကိုနေမျိုးကျော်က

"ထူးခြားမှုက ပွင့်ဖြူမြို့နယ်မှာဖမ်းဆီးတဲ့ နှစ်ဦးထဲမှာမှ ကိုအောင်ဝင်းရဲ့သားလေး ကိုသူရအောင် ဟာ ကျနော်တို့ နိုင်ငံရေး လှုပ်ရှားမှုများနဲ့ လုံးဝ ပတ်သက်ဆက်နွယ်မှုမရှိပဲနဲ့ ရှေ့နေ ချိန်ဘာဆင်းနေတဲ့သူလည်းဖြစ်တယ်။ ချိန်ဘာဆင်းတဲ့ အားတဲ့ရက်တွေမှာ ပွင့်ဖြူမြို့မှာ ပြန်ပြီးတော့ အနီးနားက ဆွေမျိုးနီးစပ် အသိုင်းအဝိုင်းတွေရဲ့ သားသမီးတွေက သူက ပညာသင်ပေးတာ၊ ကျူရှင်ဖွင့်ထားတယ်လဲ မဟုတ်ဘူးခင်မျ၊ အဲဒီလိုသူ့ရဲ့ စေတနာအလျောက် လုပ်တဲ့ အပေါ်မှာမှ ကနေ့ဆိုရင် တရားစွဲဆိုမယ်ဆိုတဲ့ အဆင့်အထိ ကျနော်တို့ ကြားသိရတယ်ခင်မျ။ ဒါနဲ့ပတ်သက်ပြီးတော့ကျနော်တို့က လုံးဝ ကန့်ကွက်တယ်၊ ဒါကို အမြန်ဆုံးပြန်လွှတ်ပေးပါလို့ ကျနော်တို့ တောင်းဆိုချင်ပါတယ်။"

ထူးခြားတာကတော့ အားလုံးကို ကိုယ်ရေးအချက်အလက်တွေပဲ မေးမြန်းခဲ့ပြီး ဘာမလုပ်ပါနဲ့လို့ တားဆီးတာတွေ ခံဝန်လက်မှတ်ထိုးခိုင်းတာတွေမရှိဘူးလို့သိရပါတယ်။ အခုလို ဖမ်းဆီးစစ်ဆေးခံရပေမဲ့ ပြန်လွတ်လာတဲ အန်အယ်လ်ဒီပါတီဝင်တွေကတော့ စိတ်ဓါတ်ပိုမိုတက်ကြွနေတယ်လို့သိရပါတယ်။

အညာနွေတမာမြေ

No comments: