-->

Saturday, August 1, 2009

ပြည်သူဘက်တော်သား တယောက်ရဲ့ ဖွင့်ဟ ၀န်ခံချက်

မနေ့က နိုင်ငံအနှံ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးအတွက် ဝတ်ပြုဆုတောင်းပွဲတွေလုပ်တဲ့အထဲမှာ မြင်းခြံမြို့က လူဦးရေ ရာကျော်ပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းဝင်တွေနဲ့ စွမ်းအားရှင်ဆိုသူတွေက အသင့်ဖွက်ထားတဲ့ လက်နက်တွေနဲ့ ဝန်းရံခြောက်လှန့်တာကိုခံခဲ့ရပါတယ်။ ဒီလို ခြောက်လှန့်တဲ့အတွက် နောက်ထပ်ပြည်သူ ၂ဝဝကျော်က ဝန်းရံကူညီပေးခဲ့တဲ့အတွက် ဘာပြဿနာမှမတက်ပဲ အေးအေးချမ်းချမ်းနဲ့ပြီးဆုံးခဲ့ပါတယ်။ ဒီလိုပြီးဆုံးတဲ့အခါမှာ စွမ်းအားရှင်ဆိုသူတွေက သူတို့ ဘာမသိညာမသိနဲ့ လိုက်လာရပါတယ်လို့ စွမ်းအားရှင်တဦးက အညာနွေ တမာမြေကို ရင်ဖွင့်လာပါတယ်။

သူဟာ အမှတ် ၁၉ ရပ်ကွက်က အလုပ်သမားတဦးပဲဖြစ်ပါတယ်။ သူပြောတာ ဖတ်ကြည့်ပါဦး ....

"ကျုပ်က အမှတ် ၁၉ ကပါ၊ စွမ်းအားရှင်ပါ၊ ပိုက်ဆံပေးမယ်ဆိုပြီးတော့ ခေါ်လာတယ်၊ ထမင်းကျွေးမယ် ပိုက်ဆံပေးမယ်ဆိုပြီး ခေါ်သွားတာ၊ ဟိုရောက်တော့ ထမင်းလည်း မကျွေးဘူး၊ ပိုက်ဆံ ၆ဝဝ ဆီပဲ ပေးတယ် အကို။ ဆန္ဒတော်ပြည့်ဘုရားမှာ ကုသိုလ် အလှူရှိတယ်ဆိုပြီး ခေါ်သွားတာ။ ကျောင်းသားတွေ ဆုတောင်းပွဲကို သူတို့အဲဒါစောင့်ကြည့်ပြီး၊ အခြေအနေ ဟိုဟာဖြစ်ရင် ရိုက်ခိုင်းတယ်ပေါ့၊ လက်နက်က ဟိုမှာ အရံသင့်ရှိပြီးသားပေါ့ဗျာ၊ ဒုတ်တွေ ရှိပြီးသားပေါ့ဗျာ။ ဆန္ဒတော်ပြည့် ဘုရားရဲ့နောက် နဂါးရုံဘုရားနားမှာ အဖွဲ့လိုက် စုထားတာ ရှိတယ်။ ဘုရားဝင်းထဲ ဝင်လာရင် အခြေအနေ မကောင်းရင် သူတို့ ရိုက်ဖို့ရာအတွက် အဲဒီမှာ စုပြီးသား အရံသင့်ရှိတယ်၊ ကျုပ်တို့က ဘယ်သိပါ့မလဲ ဒီတိုင်းခေါ်လို့သာ လိုက်လာရတာ"

သူ့ကို ရပ်ကွက် ကြံခိုင်ဖွံ့ဖြိုးရေး တာဝန်ခံ ကိုအေးကျော်က လာရောက်ခေါ်ယူတဲ့အတွက် ဘုမသိ ဘမသိ လိုက်လာခဲ့ရတာလို့ ဆိုပါတယ်။ ဘယ်လိုလူတွေက ဘာတွေခိုင်းခဲ့သလဲ တကယ်အရိုက်ခိုင်းရင်ရော ရိုက်မှာလားလို့ မေးကြည့်တော့ သူက

"ခိုင်းတာက ကြံ့ခိုင်ဖွံ့ဖြိုးရေး ခေါင်းဆောင် ကိုဝင်းမြင့်က အမိန့်ပေးတာ။ ကိုဝင်းမြင့်ရယ် ဝင်းရွှေရယ် အောင်ဇော်မြင့်ရယ်၊ မောင်လူငယ် သူတို့ကနေပြီးတော့ အမိန့်ပေးတာပေါ့ဗျာ။ နောက်သူတို့ အဖွဲ့တွေနဲ့ ရောပြီးတော့ သံဗုဒေ ရွတ်ရမယ်လို့ သူတို့က ထပ်ပြီးတော့ အမိန့်ပေးတယ်။ ဒေါ်စုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားများ လွတ်ပါစေလို့ သူတို့ အစီအစဉ်နဲ့ သူတို့ ဆုတောင်းတာပေါ့ဗျာ။ သူတို့ကကျတော့ ရပ်ကြည့်နေတာပေါ့ဗျာ၊ နောက် ၁၁ ရက်နေ့ကျရင် ရိုက်ရမယ်လို့ သူတို့က ပြောတယ်ခင်မျ။ ကျုပ်တို့ကတော့ မရိုက်ပါဘူး၊ ကျုပ်တို့ အသာပဲ ရပ်ကြည့်နေမှာပေါ့။ ကျုပ်က ပြည်သူ့ဖက်ကပဲ ရပ်တည်မှာပေါ့ သူတို့ ရိုက်ခိုင်းတိုင်း မရိုက်ပါဘူး။ ကျောင်းသားတို့နဲ့ အမြဲတမ်း ပူးပေါင်းပြီးသားပါ။ သူတို့ခေါ်လို့ ပိုက်ဆံပေးလို့သာ လိုက်လာရတာ၊ ကုသိုလ်တွေ ဘာညာတွေ အလှူပွဲရှိတယ်ဆိုပြီးတော့ သူတို့က ခေါ်လာတာ၊ ရခြင်းရ မင်းတို့ရ၊ မင်းတို့ စားရသောက်ရအောင် ဆိုပြီးတော့ ခေါ်လာတာ။ ဟိုရောက်မှ ဒါတွေနဲ့ တမျိုး သိရတာလေ။ လိမ်လည်လှည့်ဖျားပြီး ခေါ်လာတာလေ။"

အန်အယ်လ်ဒီ အဖွဲ့ဝင်တယောက်ကလည်း

"အဲဒီတုန်းက ပါတဲ့သူတွေ တော်တော်များများက ကျနော်တို့ဆီ လိုက်တောင်းပန်နေကြတာဗျ၊ သူတို့ဒီ အားနာလို့ပေါ့။ တမျိုးမထင်ပါနဲ့ ဘာညာ အဲဒါမျိုးတွေပေါ့၊ တောင်းပန်တယ်။ ရွာတွေဖက်က တော်တော်များများက တောင်းပန်ကြတယ်ပေါ့ဗျာ။ ရွာတွေဖက်က သူတို့ ဘုမသိ ဘမသိ ခေါ်လာတာပေါ့၊ နောက်ပြီးတော့ ဒီရောက်တော့မှ ဦးစီးတဲ့ ဝင်းမြင့်က ဝင်ပြီးတော့ အတင်းအဓမ္မ ရိုက်ခိုင်းတာလို့ ပြောတယ်၊ နောက်ပိုင်းကျတော့ သိသွားပြီးတဲ့အခါကျတော့ ကျနော်တို့ ဆုတောင်းတာ အစအဆုံး သိသွားပြီးတဲ့အခါကျတောမှ ကျနော်တို့ မိတ်ဆွေတွေလည်း ပါနေတော့ ကျနော်တို့ကို လာတောင်းပန်တာပေါ့။" လို့ဆိုပါတယ်။

အခုလောလောဆယ် ဆုတောင်းပွဲတွေ ပြုလုပ်ချိန်မှာ မန္တလေး အရှေ့တောင်မြို့နယ်က အန်အယ်လ်ဒီလူငယ်အဖွဲ့ဝင် ကိုတိုးကြီးကိုလည်း ကြံ့ခိုင်ဖွံ့ဖြိုးရေးလို့ယူဆရသူတွေက မဟာမြတ်မုနိဘုရားကြီးကအထွက်မှာ ဝိုင်းဝန်းထိုးနှက်တာ ခံခဲ့ရပါတယ်။ ဒီလို ဖမ်းဆီးတာတွေ အကြမ်းဖက် ခြိမ်းခြောက်တာတွေနဲ့ ပတ်သက်ပြီး တောင်သာ အန်အယ်လ်ဒီ ဥက္ကဌ ဦးသန်းမြင့်က

"ဒါက ကျနော်တို့ ဒီမိုကရေစီအင်အားစုတွေရဲ့ တကယ့် အဓိက ကျတဲ့ လူငယ်အင်အားစုကို ပထမဆုံးခြောက်လှန့်လိုက်တား၊ အန္တရယ်ပေးလိုက်တာပဲလို့ ကျနော်တို့က အဲလိုမြင်တယ်၊ ဒါပေမယ့်လို့ အဲလိုမျိုးကို ကျနော်တို့ လူငယ်ရောလူကြီးပိုင်းရော အလွှာအသီးသီးက ပြည်သူလူထုအပါအဝင်ပေါ့ ကျနော်တို့ ဒီမိုကရေစီ အင်အားစုကို ဟန့်တားလို့ မရပါဘူး။ ကျနော်တို့က ဓမ္မလမ်းကြောင်းလိုက်နေတာပဲ၊ ကျနော်တို့က မုချ အောင်မြင်မှာပဲ၊ ဘယ်လိုပဲ ဟန့်တားတား ဘယ်လိုပဲ ခြိမ်းခြောက်ခြောက် ဒါတွေက တနေ့ကျတော့ ဒီပုဂိုလ်တွေဟာ အဓမ္မသမားတွေဟာ အမှန်တရားကို ဒူးထောက်အညံ့ခံရမှာပဲဆိုတာကိုတော့ ကျနော်တို့က ယုံကြည်မှု အပြည့်ပါပဲ။" လို့ ပြောသွားပါတယ်။

အညာနွေတမာမြေ

No comments: