-->

Wednesday, August 5, 2009

မင်းမော်ကွန်း သံဃာတော်တွေကို တောင်းပန်ပြီ


အခုရက်ပိုင်း အင်တာနက်စာမျက်နှာတွေ အီးမေးတွေထဲမှာ နာမည်ကြီးသရုပ်ဆောင်မင်းမော်ကွန်းနဲ့အဖွဲ့က ကိုယ်လုံးတွေပေါ် လက်မောင်းတွေပေါ်မှာ ထိုးထားတဲ့ ဆေးမင်ကြောင်အရုပ်တွေကို ဖေါ်ပြတဲ့အနေနဲ့ သင်္ကန်းတွေ ချွတ်ရိုက်ထားတဲ့ပုံတွေ တဦးနဲ့တဦးပို့ပြီး ဝေဖန်တာတွေဖြစ်ပေါ်နေပါတယ်။ ဆရာတော်တပါးကဆိုရင် ဒီလုပ်ရပ်က သင်္ကန်းအရေခြုံပြီး သာသနာကိုစော်ကားတယ်ဆိုတဲ့ ဆောင်းပါးရေးလာတာတွေ့ရပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃကိုယ်စားလှယ်အဖွဲ့က အတွင်းရေးမှုးဆရာတော် ဦးထာဝရက စစ်အစိုးရကိုယ်တိုင် စက်တင်ဘာ လှုပ်ရှားမှုမှာပါတဲ့ သံဃာတော်တွေကို ရဟန်းအတုအယောင်လို့စွပ်စွဲလို့ မပြီးခင်မှာ ဒီလိုနာမည်ကြီးသရုပ်ဆောင်တယောက်ရဲ့ အပြုအမှုပေါ်လာတဲ့အတွက် ဒီလို မလုပ်သင့်ပါဘူးလို့ ဝေဖန်လိုက်ပါတယ်။

"ဘုရားရှင် ကိုယ်တော်မြတ်ကိုယ်တိုင်က အင်္ဂုတ္တရ ပါဠိတော်မှာ ဟောထားခဲ့တာက ဘာဟောလည်းဆိုတော့ ဒါ သံဃာဆိုတာ သင်္ဂေါဟောတိ ဒုတ်သိလောနာမဆိုတာ သံဃာတို့မြင်ရင် ဒုတ်သီလ ပုဂိုလ်ရယ်လို့ မရှိဘူးပေါ့။ အစိုးရစော်ကားသလို ရုပ်ရှင်အနုပညာသည်တယောက်အနေနဲ့ပေါ့လေ ဒီလိုသံဃာတွေကို အစိုးရအလိုကျ စော်ကားတာကတော့ ဦးဇင်းတို့ ရဟန်းသံဃာတွေအနေနဲ့ လုံးဝ သည်းခံနိုင်တဲ့တရားကတော့ မရှိပါဘူး၊ ဒါပေမယ့် ဦးဇင်းတို့ကတော့ ဘာသာတရားအရကတော့ ဘာသာနည်းနဲ့ပဲ ပြန်ပြီးတော့ဆုံးမရမှာပါပဲ၊ အဓိကကတော့ ပြည်သူလူထုအနေနဲ့ပေါ့လေ တကယ်လို့ ဒီလို အနုပညာမျိုးတွေ အစိုးရကို ဖားတဲ့ အနုပညာရှင်မျိုးတွေရှိရင်တော့ သူတို့ရဲ့ကားတွေ သူတို့နဲ့ ပတ်သက်တဲ့ဥစ္စာတွေကို လုံးဝ မကြည့်ကြပါနဲ့လို့ ဦးဇင်းတို့အနေနဲ့ကတော့ မေတ္တာရပ်ခံချင်တာပေါ့ဗျာ ပြည်သူလူထုကို။ ထင်ယောင်ထင်မှား ဖြစ်နေတဲ့ တိုင်းပြည်ရဲ့ အခြေအနေကလည်း အရမ်း အဆိုးဆုံးအခြေအနေမှာ ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ အနုပညာရှင်တွေဟာ တိုင်းပြည်ရဲ့ ရှေ့ဆောင်လမ်းပြ ပုံစံမျိုးတွေ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ သူတို့တွေကလည်း တာဝန်သိတယ်ဆိုရင်တော့ ရုပ်ရှင်သရုပ်ဆောင် တယောက်အနေနဲ့ပေါ့နော် ဒီလိုမျိုးကိစ္စကို လုံးဝ မလုပ်သင့်ဘူးလို့ ဦးဇင်းအနေနဲ့မြင်တာပဲ" လို့ မိန့်ပါတယ်။


အခုလိုတွေသံဃအသိုင်းအဝိုင်းနဲ့ ဗုဒ္ဓဘာသာအသိုင်းကြားမှာဖြစ်နေတဲ့အတွက် သရုပ်ဆောင် အကယ်ဒမီမင်းမော်ကွန်းကို ဘာရည်ရွယ်ချက်နဲ့ ဒီပုံရိုက်ဖြစ်ခဲ့တာလဲလို့ မေးကြည့်တဲ့အခါမှာတော့

"သာသနာဆိုတာလည်း စော်ကားစရာ မရှိပါဘူး၊ သံဃာဆိုတာလည်း စော်ကားစရာ မရှိပါဘူး၊ ကျနော်တို့ရင်ထဲမှာ အမြဲတမ်း ယုံကြည်ကိုးကွယ် ဆည်းကပ်ရမယ့်အရာပါပဲ။ ကျနော်တို့တွေမှာ တက်တူးထိုးတယ်ဘာညာဆိုတာက ဒါက လူငယ်သဘာဝပါ လွန်ခဲ့တဲ့ ၅ နှစ် ၆ နှစ်လောက်ကတည်းက ထိုးထားတာပါ။ နောက် အဲဒီနှစ်က ကျနော့်သားကို ရှင်ပြုတဲ့နှစ်ပါ၊ ကျနော်က အဲဒီမှာ သူငယ်ချင်းတွေနဲ့ အားလုံးစုပြီးတော့မှ ကျနော်လည်း ရဟန်းဒကာပေါ့နော်၊ သားလည်းရှင်ပြု ကျနော်ကိုယ်တိုင်လည်း ဝတ်ဆိုတော့ အဲလို ဝတ်တာပါ၊ နောက် ကျနော်တို့ ဘုန်းကြီးကျောင်းမှာ သန့်ရှင်းရေးလုပ်ကြရင်းနဲ့ အမှတ်တရ ရိုက်ထားခဲ့တဲ့ ဓာတ်ပုံလေးပါ၊ လွန်ခဲ့တဲ့ နှစ်နှစ်ကျော်လောက်ကတည်းကပါ။ အဲဒီတော့ သူတို့ပြောတယ်ဆိုလို့ရှိရင် နောက်ကို ဆင်ခြင်ဖို့ပဲရှိပါတယ်ခင်မျာ့။ တခြားရည်ရွယ်ချက် ဘာမှ မရှိပါဘူးခင်မျာ့။ ကျနော်တို့တကယ် လူငယ်သဘာဝ အမှတ်တရလေး လုပ်မိတဲ့သဘောပါ၊ အဲဒီအတွက်ကိုလည်း ကျနော်က ဒီသံဃာတော်တွေကို တောင်းပန်ပါတယ်။
မင်းမော်ကွန်းက သူတမင်ရည်ရွယ်တာမဟုတ်ပဲ အပျော်သဘောနဲ့ ရိုက်ခဲ့တဲ့အတွက် မတော်ဘူးဆိုရင် နောက်ဆင်ခြင်ပါ့မယ်" လို့ တောင်းပန်စကား ပြောသွားပါတယ်။

တမင်ရည်ရွယ်လို့ပဲဖြစ်စေ အပျော်သဘောပဲဖြစ်စေ လုပ်ခဲ့တဲ့ ဒီလုပ်ရပ်အပေါ် သံဃဝိနည်းရူထောင့်အနေနဲ့ ဘယ်လိုအကျိုးအပြစ်များ ရှိနိုင်သလဲလို့ မြင်းခြံ သံဃမဟာနာယက အဖွဲ့မှာ ဝိနည်းကိစ္စတွေဖြေရှင်းပေးနေတဲ့ တိုက်ကုန်းကျောင်းဆရာတော် ဦးဇောတိပါလကို လျှောက်ထားကြည့်ခဲ့ပါတယ်။

"ရဟန်းတော်တွေ တောင်းပန်လို့တင်ကြေသွားမဲ့ကိစ္စတော့မဟုတ်ဘူး။ သာသနာတော်ကို အယောင်ဆောင်ပြီးတော့ သူတို့လုပ်ပါတယ်ဆိုရင် ဒီအပြစ်က သူ့တော့ အကျိုးပေးတတ်တယ်ဗျ အကယ်၍ သူက အပျော်သက်သက်လုပ်ပါတယ်ဆိုရင်တော့ အပြစ်ကနည်းနည်းတော့ အကျိုးပေးတဲ့နေရာတော့ သိပ်မကြီးလောက်ဘူးထင်တာပဲ သိက္ခာပုဒ်လွန်ကျူးလာတဲ့ပုဂ္ဂိုလ်ဆို ဥပမာတခု ဘုရားဟော ထားတဲ့ အာနာပါတိမောက်ပုဒ်လွတ်ကျူးထားတဲ့ပုဂ္ဂိုလ်တဦးဟာ အကယ်၍များ တရားအားထုတ်လို့ရှိရင် ဒီဘဝမှာ သူက ဝီစိကိစ္စ နိပ်စက်တတ်တော့ သမာဓိမရနိုင်ဘူးပေါ့ တရားထူးရနိုင်ဖို့ခဲယဉ်းသွားတာပေါ့ သာသနာတော့ နည်းနည်းအရှိန်အဝါတော့ အထင်မြင်သေးစရာတော့ဖြစ်လာတာပေါ့" လို့ ဆရာတော်က မိန့်ပါတယ်။

သရုပ်ဆောင်မင်းမော်ကွန်းကတော့ ဒီပုံဟာ စက်တင်ဘာသံဃလှုပ်ရှားမှုမတိုင်ခင်ကတည်းက ရိုက်ခဲ့တာပါလို့ပြောပါတယ်။ ဗုဒ္ဓဘာသာအသိုင်းအဝိုင်းနဲ့ သံဃာတော်တွေကြားက မကျေနပ်မှုအတွက် သူ့အနေနဲ့ နောက်နောင် ဒီလို ကိစ္စတွေကို မလုပ်တော့ပါဘူးလို့ တောင်းပန်စကားပြောဆိုသွားတယ်ဆိုတော့ သူ့ရဲ့ ပရိတ်သတ်တွေ ကျေနပ်ကြမယ်လို့ ထင်ပါတယ်နော့်။

အာအက်ဖ်အေမှ နားထောင်ပြီး ပြန်လည်တင်ပြပါတယ်၊၊
အညာနွေတမာမြေ

No comments: