-->

Wednesday, August 5, 2009

ပဲခူးက ၆.၈.၈၈ အမှတ်ရဖို့ ကျဲသွားတဲ့စာတွေအကြောင်း

လွန်ခဲ့တဲ့ ၂၁ နှစ်က ဦးနေဝင်းအုပ်ချုပ်တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ တပါတီအာဏာရှင်ကို တနိုင်ငံလုံးကပြည်သူတွေအုံကြွပြီး ဒီမိုကရေစီကို တောင်းဆိုခဲ့တဲ့ ၈ရက်၈လ ၈၈ မတိုင်ခင် ၂ ရက်အလို ပဲခူးမြို့က ကျောင်းသားတွေကို စစ်တပ်က ပြစ်သတ်ခဲ့တဲ့ ၆ ရက် ၈လ နေ့ကို မမေ့ကြဖို့ နိုးဆော်တဲ့ကဗျာ စာရွက်တွေ ပဲခူးမြို့နေရာတော်တော်များများမှာ ဖြန့်ဝေခဲ့ကြပါတယ်။ ပဲခူးရွေမောဓေါဘုရားနားတဝှိုက်နဲ့ သနပ်ပင် ပဲခူးလမ်းမပေါ်တွေမှာ အေဖိုးလျှောက်လွှာစာရွက် ထက်ဝက်ပိုင်း အရွယ်တွေ ဖြန့်သွားတာကို တွေ့ခဲ့တဲ့ ဒေသခံတယောက်က သူရရှိခဲ့တဲ့ စာရွက်ပါ ကဗျာကို ဖတ်ပြပါတယ်။

"ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်တွေ မရှိတော့ရင်တောင်မှ ကျွန်ုပ်တို့ရဲ့ ဝိညာဉ်တွေက ဆက်လက်ရှင်သန်နေမှာပါ။ အဲဒါတခုဗျာ နောက်တခုက ၆ရက် ၈ လ ၈၈ ပဲခူးမြေမှာ အပြစ်မဲ့တဲ့ ကျောင်းသားတွေလည်း သေကြေတဲ့ သွေးမြေကျတဲ့နေ့ကို သင်တို့ မေ့ထားနိုင်ပြီလားဆိုတဲ့ စာပိုဒ်လေး နှစ်ခုပေါ့၊ အောက်က ၈၈ ဝိညာဉ်များဆိုပြီးတော့ အဲဒီစာရွက်လေး လမ်းမှာကျဲတော့ ကျနော်လည်း သွားရင်းလာရင်း လမ်းမှာကောက်ပြီးတော့ တွေ့လို့ပေါ့ဗျာ ကောက်လာတာပေါ့၊ ဘယ်သူဝေသွားတယ် ဘာတယ်ဆိုတာတော့ မသိဘူး။ ပြန့်ကျဲနေတာပဲ၊ သနပ်ပင်လမ်းတောက်လျှောက် ဘုရားအနီးနားတဝိုက်ပေါ့။ အရွက် ၂ဝဝ၊ ၃ဝဝ လောက်ရှိမလား မသိဘူး"

ဒီစာရွက်တွေမှာပါတဲ့ ၈၈ ဝိညာဉ်များဆိုတဲ့စာကို ကြည့်ခြင်းအားဖြင့် ကျောင်းသားတွေလုပ်တာဖြစ်နိုင်တယ်လို့ဆိုပါတယ်။ စာရွက်တွေရရှိတဲ့ပြည်သူတယောက်အနေနဲ့ သူ့အမြင်ကို အခုလိုပြောပြပါတယ်။

"ရှစ်လေးလုံးကတော့ တတိုင်းပြည်လုံးအတိုင်းအတာပေါ့နော်၊ ရှစ်လေးလုံးမရောက်ခင်မှာ ဆန္ဒပြပွဲတွေဖြစ်တာ ပဲခူးမှာ ၆ရက်နေ့ပေါ့နော်၊ အဲဒီနေ့မှာ အဲဒါကို ၆ရက် ၈ လ ၁၉၈၈ ကို အမှတ်တရာအနေနဲ့ အခုလို လုပ်တယ်လို့ ကျနော်တို့ထင်တယ်။ ပြည်သူနဲ့ကျောင်းသားတွေ ဗမာပြည်က ဒီမိုကရေစီလိုလားသူတွေ ဒီနေ့တိုင်အောင် ဒီမိုကရေစီတိုက်ပွဲတွေကို မမေ့နိုင်သေးဘူးဆိုတာ ကျောင်းသားတွေရဲ့ အစွမ်းသတ္တိပေါ့ဗျာနော်၊ ဒါတွေ ရဲရင့်ပြတ်သားတဲ့ လုပ်ဆောင်မှုတွေကို မြင်တွေ့ရတဲ့အတွက် အားတက်ပါတယ်"

စာရွက်တွေတွေ့တဲ့အချိန်က မနက်စောစော ၆နာရီလောက်မှာ တွေ့ခဲ့တာဖြစ်ပြီး နေမြင့်တဲ့အခါမှာတော့ အာဏာပိုင်တွေက လိုက်လံသိမ်းဆည်းပြီး ဘယ်သူတွေ ဒီစာရွက်တွေဖြန့်ခဲ့သလဲလို့ လိုက်လံစုံစမ်းနေတယ်လို့သိရပါတယ်။ နောက်ထပ်မြို့ခံတဦးကို မေးကြည့်တဲ့အခါမှာလည်း သူတို့လည်းတွေ့မြင်ခဲ့ကြောင်းနဲ့ ၆ရက် ၈လ ၈၈တုန်းက ပဲခူးကောလိပ်ကကျောင်းသားတွေက ကျားကြီးမောင် ဆိုတဲ့ကားနဲ့ မြို့ထဲကို ဆန္ဒပြဖို့ထွက်အလာ စာတိုက်ကြီးနားအရောက်မှာ စစ်တပ်က သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ကျောင်းသားလူငယ် ၈ ဦးလောက်သေခဲ့တယ်လို့လည်းပြောပါတယ်။ ဒီကနေ့ ပဲခူးမှာ မိုးရာသီ သစ်ပင်စိုက်ပွဲတော်အတွက် ပဲခူးတိုင်းမှူး ရောက်နေချိန် ဒီလိုစာရွက်ဖြန့်ဝေခဲ့တာကြောင့် သက်ဆိုင်ရာအာဏာပိုင်တွေက ဘယ်သူတွေလုပ်သလဲဆိုတာ အပူးတပြင်းလိုက်ရှာနေကြတယ်လို့ သိရပါတယ်။

အညာနွေတမာမြေ

No comments: