အမေရိကန်နိုင်ငံကို Refigee ဒုက္ခသည် တယောက်အနေနဲ့လာခဲ့ကြပြီဆိုမှဖြင့်
တယောက်တပေါက် လိုက်ပြောနေရသည်ထက် ကျယ်ကျယ်ပြန့်ပြန့် ပြောဖြစ်ဖို့စလာပြီ။ အစမှာတော့ မပြောပြချင်။ သူတို့မှာလည်း သူတို့အဆက်အသွယ်နှင့်မို့ သိပြီးသားဖြစ်မည်ထင်ခဲ့သည်။
သို့သော်တချို့ကမသိ။ ကုန်ခဲ့သောတပါတ်က နယူးဒေလီမှ ၁ဝဝ ကျော်လာလိမ့်မည်ဟု သတင်းရသည်။ လွန်ခဲ့သောလတွေက ရောက်နှင့်နေကြသူတွေအကြောင်း သတင်းသဲ့သဲ့ကြားရသည်။ မလေးရှားနှင့် ထိုင်းနိုင်ငံတို့မှ လာသူတွေကိုလည်း တွေ့ရသည်။ မည်သို့ပင်ဆိုစေ ရောက်လာသူတွေ သတင်းကြားရ၍ ဝမ်းသာမှုတော့ ရှိသည်။ သို့ပေမဲ့ ဘဝင်မကျတာတွေကများနေသည်မို့ ဤဆောင်းပါးကို ရေးဖြစ်သည်ဟု ပြောရလောက်သည်။
အကြောင်းကသည်လို ……
မည်သည့်နိုင်ငံမှာဘဲလာလာ သူတို့တွေကို အန်ဂျီအို တွေက သင်တန်းလို့ဆိုမလား သိသင့်သိထိုက်တာလေးတွေကို ပြောကြားပေးလိုက်သည်။ သည်တော့ ထင်တလုံးနဲ့လာခဲ့သောသူတွေ မထင်တာတွေ တွေ့ကြပြီ ဆိုမှဖြင့် ပြဿနာက မီးခိုးကြွက်လျှောက် …
အမေရိကန်နိုင်ငံကို လာခဲ့သည့် လေယာဉ်ခရီးစဉ်အတွင်း လေယာဉ်ပေါ်မှာကျွေးသည့် အချိုရည်၊ စားသောက်စရာတွေက ဗိုက်နှင့်မဆန့်၊ လေယာဉ်မယ်လေးတွေကလည်း သဘောကောင်း၊ ဆက်ဆံရေးကလည်း ချိုသလား၊ ဖေါ်ရွေသလားမပြောနှင့်၊ ကိုယ့်ရွာကလူတွေလိုလို။
ဟော-- အမေရိကနိုင်ငံဧ။် အနောက်ဘက် ကာလီဖိုးနီယားပြည်နယ် လော့အိန်ဂျယ်(လ်) မြို့ကိုဆိုက်တော့ မျက်စိကလေးတွေက ကြောင်သူငယ်တွေလိုဖြစ်သွားသည်။
ဘယ်သူ့ကိုစောင့်နေရမှန်းမသိ၊ တော်တော်လေးကြာမှ အန်ဂျီအိုက လူတယောက်ရောက်လာသည်။ အထုပ်အပိုးတွေ၊ အိတ်တွေကို ပျောက်သွားမှာစိုး၍ ကြည့်နေရသည်မှာလည်းမလွယ်။ သူကဗမာတယောက်မို့ အခြေအနေက ကိုယ့်ဘက်မှာ ရှိနေသေးသည်။ ထမင်းက မစားရသေး၊ ဘယ်သူကလာကျွေးမည်မှန်းမသိ၊ ဗိုက်ဆာနေသည့်အချိန်မှာမှ ထမင်းကရောက်လာသည်ကိုတော့ မှတ်မိသည်။
ထိုင်းဘက်ကလာသော ဒုက္ခသည်တွေကိုပါ တွေ့ရသည်၊ သူတို့ကပို၍ဆိုးသည့်အနေအထား၊ စင်စစ် ခန့်မှန်းကြည့်လျှင် ဘာသာစကားတတ်မည့် အရိပ်အရောင် မတွေ့မြင်ရ တကယ့်ဒုက္ခသည် စခန်းမှ လာသူတွေ၊ နယူးဒေလီမှ သူတွေလို မဟုတ်။
ဟိုတယ်မှာ တစ်ညထားပြီး သွားရောက်ရမည့်နေရာအတိုင်း ပြည်တွင်းလေဆိပ်ကို ပို့ပေးသည်။ အဓိကအားဖြင့် မိမိတို့ အထုပ်အပိုးများ၊အိတ်များ မပျောက်ရှစေရေး ဂရုတစိုက်ရှိဖို့လိုသည်။
လေဆိပ်တွင် အမေရိကန်အမျိုးသမီးလေးတယောက် ပြဿနာဖြစ်၍ ငိုနေတာတွေ့ရသည်၊သူမ၏ အသက်ရှိမှ၂ဝ ဝန်းကျင်သာသာ၊ ကျွန်တော်တို့အနားမှာ ဟိုအိတ်ဖွင့် ဒီအိတ်ဖွင့်နှင့်၊ စင်စစ်တခုခု ပျောက်နေသည့်ပုံ၊ လုံခြုံရေးအမျိုးသမီး လူမဲတယောက်ကိုသွားပြောသည်။ ဘေးနားမှာ သွားငိုပါလို့ ပြောသောအနေအထား၊ လိုက်ပြီးရှာပေးခြင်းမျိုးမဟုတ်၊ ဖုံးတွေဆက်သည်၊ ဘယ်သူမှ လာဖေါ်မရ။
ခရီးသွားတဦးအနေနှင့် ပြဿနာမှာ လေယာဉ်လက်မှတ် သို့မဟုတ် ပါတ်(စ)ပို့စာအုပ်မှ အပအခြားမရှိ၊ ခုတော့ ကျွန်တော်တို့ထွက်ခွါသည့်အချိန်ထိ ကောင်မလေးမှာ ငို၍နေခဲ့တုံး၊ မည်သူမျှ အကူအညီ ပေးချင်သည့်အနေအထားမရှိခြင်းကို နဲနဲသဘောပေါက်မိသည်။
မိမိတို့ တည်းခိုနေထိုင်ရမည့် နေရာရောက်တော့ အခန်းကတခန်းထဲ၊ မိသားစုကလေးယောက်၊ မည်သို့မျှမဖြစ်။ သို့ပေမဲ့ ကပ်သီးကပ်သတ် အိပ်လိုက်ရသည်၊ နောက်တနေ့ကျတော့ ဒုက္ခသည်များကို ကူညီသော ရုံးကိုသွားရသည်၊ သားသမီးရှိသူများ လိုက်ပို့သောသူများရှိက အဆင်ပြေသောအနေအထား။
ရုံးမှာနာမည်များကို ရေးစရာရေးထည့်။ ပြီးသည်နှင့် ဘဏ်မှဒေါ်လာ၂ဝဝကို သွားထုတ်သည်။ တလအတွက် ဝယ်ခြမ်းစရာပိုက်ဆံဟုဆိုသည်။ မြေပုံကားချပ်တခုပေးလိုက်သည်။ ယင်းမှာ မြေအောက်ရထားနှင့်လာပြီး ဆင်းရမည့်နေရာ။ မှတ်ထား။ ပြန်လျှင် မြေပုံကိုကြည့်ပြီးပြန်။
နေရထိုင်ရသည်မှာ မည်သို့မှအဆင်မပြေ။ ဘယ်သူဘဲလာလာ အခန်းကတခန်းထဲရသည်။ အခြားမိသားစုတခုက ဟိုဘက်အခန်း၊ တနေရာတည်းက လာကြသည်လည်းမဟုတ်။ နှစ်ခန်းရလို့လည်း မည်သို့မှအဆင်မပြေ။ ကျွန်တော်တို့က နေရာပြောင်းပြီးနေလိုက်မှ စိတ်ချမ်းသာရာရသွားသည်။
ပေးလိုက်သောဒေါ်လာနှင့် ဝယ်စားမည်ဆိုတော့ တတ်နားလည်ဖို့လိုသည်။ အကြွေစေ့တွေကို နားလည်အောင်လေ့လာရသည်။ အစားမသောက်ဝယ်စားသည့်ကတ် မရခင် ယင်းဒေါ်လာနှင့်
ဝယ်ခြမ်းရသည်။ ၁ လစာမို့သတိနှင့်ထား၍ ဝယ်ရသည်။ ကုန်သွားလျှင်ဘယ်သူမျှ လာပေးမည်မဟုတ်။
တနေ့က အိမ်ပေါ်ထပ်မှ ထိုင်းကလာသော မိသားစုတွေ ဒုက္ခသည်ရုံးကိုသွားကြသည်။ သွားမည် ဆိုကတည်းက သူတို့စိတ်ပူနေတာမြင်ရသည်။ မတတ်နိုင် မည်သူမျှလိုက်ပို့နိုင်မှာမဟုတ်။ ခက်သည်မှာ အင်္ဂလိပ်စကားကို သူတို့တွေမပြောတတ်။ ၁၁ နှစ်သားလေးနှင့် ၈နှစ်သားလေး အပါအဝင် သူတို့မိသားစု ၄ ယောက်အမေရိက နိုင်ငံ နယူးယောက်မြို့ကိုရောက်တော့ အခက်အခဲမရှိဟု ထင်ခဲ့သည်ဟုဆိုသည်။
ယင်းနေ့က ရုံးကိုတော့ရောက်သွားသည်။ ပြန်သည့်အခါ ဘယ်လိုဖြစ်သည်မသိ။ ကောင်မလေးနှင့် ခလေးနှစ်ယောက်က ငိုပြီးအိမ်မှာပြောလာသည်။ အဖေဖြစ်သူ မရှိတော့ဘူး ဆိုပြီး သားအငယ်ကောင်က အော်ငိုသည်။ အမေဖြစ်သူက မျက်ရည်တစမ်းစမ်းနှင့်။
နယူးယောက်မြို့က မြေအောက်ရထားနှင့်သာ သွားရသောမြို့ဖြစ်သည်။ သည်ခလေးတွေက ဘယ်မှာဆင်းရသည် တက်ရသည်ကို မည်သို့မျှမသိ။ ရုံးကိုမေးတော့ ရောက်လာမှာပါဟု ဘာသာပြန်ကောင်လေးက ပေါ့ပေါ့ကလေးပြောသည်။
ကျွန်တော်ကမူ မပေါ့နိုင်။ သူတို့ကအင်္ဂလိပ်စကားမတတ်တာကတကြောင်း၊ လောလောဆယ် အိမ်ခန်းထဲမှာ ခလေးတွေက ငိုနေကြပြီဆိုတော့ ငြိမ် ပြီးမနေနိုင်။ သူတို့အပြောအရ သွားမည့်နေရာ ရောက်ပြီဟုပြောလိုက်သောကြောင့် ခလေးတို့အဖေက ဦးစွာဆင်းလိုက်သည်။ ခလေးနှင့်အမေဖြစ်သူက လူတွေကြားထဲ တိုး၍မဆင်းနိုင်ချိန် ရထားက တံခါးပိတ်သွားတော့ တကယ့်ပြဿနာ။ မှန်တံခါးကိုကြည့်ပြီး ခလေးတွေက အော်ဟစ်ငိုကြ။ ပလက်ဖေါင်းရောက်သွားသောအဖေဖြစ်သူက ရထားပြေးလမ်းတလျှောက် လိုက်ပြေးနှင့်။
ရထားပေါ်မှာ မေးလာသော သူတွေကို မည်သို့မျှမပြောပြတတ်။ သို့သော်လည်း ဘေးနားမှ လူတွေက ရှေ့ဘူတာမှာဆင်းခိုင်းပြီး ပြန်၍သွားမည့်ရထားနှင့်လိုက်သွားရန် လက်ဟန်ခြေဟန်ဖြင့် ပြောပြပြီး ဆင်းစေခိုင်းသည်။ သူတို့က ပြန်ပြီးလိုက်လာသောအခါ ဘူတာမှာ ခလေးအဖေကိုမတွေ့တော့။
သည်လိုနှင့် ကျွန်တော်တို့အခန်းကိုလာပြီး အကူအညီတောင်းနေခြင်းဖြစ်သည်။ သို့ဆိုလျှင် ကျွန်တော်က စုံထောက်ဦးစံရှားလုပ်ရအောင် အမေရိကမှာ ကိုယ်ကိုယ်တိုင်တောင် ရေရေလည်လည် လူပါးမဝါးသေး၊သို့ပေမယ့် အကြောင်းမဟုတ်။
နယူးယောက်မြို့ကြီးမှာ လူပျောက်ရှာဖို့ အကူအညီတောင်းသူက တောင်းပြီဆိုမှတော့ အကြီးကောင်ကို လက်ဆွဲခေါ်လာသည်။ သည်ကောင်က သူ့အဖေက မိုးရေထဲမှာ သွားချင်သွားနေမည်မို့ဆိုကာ အနွေးထည်လေးတထည်တောင် သူ့အဖေအတွက်ယူခဲ့သေးသည်။ အိမ်ခန်းမှာ သူတို့လေးတွေ ငိုနေတာကိုထိုင်ကြည့်နေမဲ့အစား ဘာဘဲဖြစ်ဖြစ် ထ၍လာတာကိုက သဘာဝကျနေသည်ဘဲမို့ လူပျောက်ရှာပုံတော်လုပ်ရန် ထွက်လာခဲ့ခြင်းဖြစ်သည်။
သူတို့ချင်းလူအုပ်ကွဲတာ ၂နာရီလောက်ကတည်းကဆိုလျှင် ခုဆို၆နာရီရှိပြီမို့ စိုးရိမ်ရေမှတ်ကိုလည်း ပြနေသည်။ ကျွန်တော်ကား အန်ဂျီအိုတွေကိုလည်း တော်တော်စိတ်ပျက်နေသူဖြစ်သည်။ ထို့ကြောင့်သူတို့မရှာလျှင် ကျွန်တော်ကိုယ်တိုင်ရှာမည်ဆိုသော သဘောနှင့် ထွက်လာခြင်းလည်းဖြစ်သည်။
မိုးကလည်းရွာနေသည်။ နယူးယောက်မြို့မှာ မိုးကရွာတတ်သည်။ နေကသိပ်ပူတာမဟုတ်။ ဆောင်းဖက်ဆိုလျှင် ဆီးနှင်းတွေက ခြေသလုံးလောက်ကို ဖုံးသည်။ သည်နေ့က မိုးရွာသောနေ့မို့ အကြီးကောင်က သူ့အဖေအတွက် စိုးရိမ်သည်မှာလည်း မှန်နေသည်၊
ကံအားလျှော်စွာ မြေအောက်ရထား ဘူတာနားကိုရောက်လုဆဲဆဲ ခလေးတွေရဲ့အဖေကို တွေ့သည်။ အကယ်၍ မတွေ့ဘဲသာ မြေအောက်ထဲကို ဝင်ပြီးသွားပြီဆိုသည်နှင့် ကျွန်တော်တို့နှစ်ယောက်ကိုပင် ထပ်၍ လူပျောက်ရှာရမည့်ကိန်း ဖြစ်သွားမည်။ ဘယ်မှာဆင်းမှန်းမသိ ပြောသည့်နေရာက တမျိုးဖြစ်နေသည်ကိုက ရှာရခက်နေခြင်းလေ။ သူ့ကလေးတွေရထားပေါ်မှာ ပါသွားသည်နှင့် ဘူတာမှာရှိသော ရဲကို အကူုအညီတောင်းသည်။ ရဲတွေက ဖုံးတွေဆက်ပေးကြသည်။ ထိုင်ခိုင်းထားသည်။
နောက်မှ ပြန်တော့မည်ဆိုကာ အိမ်လိပ်စာပေးပြီးလာခဲ့ခြင်းဟု ပြောပြသည်။ မတွေ့ရင်လဲ ဘာမှမလုပ်တတ်ဆိုတော့ ယခုကဲ့သို့ ပြန်လာခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
စင်စစ်အားဖြင့် သူတို့တွေက ကျွန်တော့ဖုံးနံပါတ်ကိုလည်းမယူထား။ ယင်းဖုံးနှင့်သူတို့ ဆက်သွယ်ပြောနေသည်ဘဲ။ ရောက်သည့်နေ့မှာ သူတို့ထိုင်းနိုင်ငံကိုဆက်တော့ သူတို့ကိုကံကောင်းသည်ဟု ပြောသံကြားရသေးသည်။ နောက်ပိုင်းတွင် ဖုံးနံပါတ်များ မည်သို့အရေးကြီးကြောင်းပြောပြရသည်။ အိမ်လိပ်စာ ကိုမှတ်ထားဖို့ပြောပြရသည်။
လေဆိပ်မှာတွေ့ခဲ့သော အမေရိကကောင်မလေးနှင့် ဤမိသားစုတို့ ပြဿနာက အကူအညီ ဆိုသောပြသနာဖြစ်သည်။ လူလွတ်၊ အလုပ်လက်မဲ့ ဆိုလျှင် လာပြီးကူညီပေးလို့ရသည်။
သို့မဟုတ်က အလုပ်ရှုပ်ခံ၊ အလုပ်အပြုတ်ခံပြီး မည်သူမျှ ကူညီရန်လာကြမည်မဟုတ်။ အန်ဂျီအိုက တာဝန်ရှိပါလျက်နှင့် မကူညီနိုင်ခြင်းကြောင့် သည်လိုပြဿနာတွေ ပေါ်ပေါက်ခြင်းဖြစ်သည်။ အလုပ်ပြုတ်သွားလျှင်ဆိုသော ပြသနာမှာ နဲနဲနောနောမဟုတ်။
အမေရိကနိုင်ငံမှာ တနေရာနှင့်တနေရာမတူကြ။ တချို့မှာ ၄လ၊ တချို့မှာ ၆လ အိမ်လခကို အမ်ဂျီအိုမှ ပေးသည်ဟုဆိုသည်။ မည်သို့ပင်ဆိုစေ နယူးယောက်မှာ ၄ လ ထောက်ပံ့ငွေ ရရှိသောသူများမှာ
ဖြစ်သလိုရုန်းကန်ဖို့ ကြိုးစားရသည်။ ပထမ ၁လမှာ လူမူရေးကဒ်၊ အစားအသောက်ကဒ်၊ အလုပ်လုပ်ခွင့်ကဒ် တို့ကိုစောင့်ဆိုင်းနေသည်နှင့်ပင် ၂ လလောက်အချိန်ကုန်သွားသည်။
နောက် ၁လ မှာ အလုပ်ကို သေသေချာချာ ရအောင်ကြိုးစားရှာဖွေရတော့မည်။ အဘယ့်ကြောင့်ဆိုသော် အန်ဂျီအို က မပေးလျှင် နေရေးထိုင်ရေးပြသနာကစလာတော့မည်ဖြစ်သည်။
ဘာသာစကား မတတ်လျှင် စက်ရုံတွေမှာ ရနိုင်သည်။ သို့သော် ပင်ပန်းသည်။ မနက်၅ နာရီကပင် အိပ်ရာမှထ၍ မြေအောက်ရထားနှင့်သွားရသည်။ ည ၈ နာရီ အိမ်ခန်းပြန်ရောက်သည်။ ဤသည်မှာ
နေ့စဉ်ဖြစ်သည်။ ယင်းအလုပ်မှ လစာသည် ၁ထောင်ကျော်ရလျှင် အိမ်လခ ၅ဝဝ၊ မီးရထားကဒ်နှင့် အခြားဗါဟီရသုံးငွေနှင့်ဆိုလျှင် ဒေါ်လာ၃ဝဝ၊ ကျန်သည့်ဒေါ်လာ၂ဝဝကိုတော့ စုပေတော့ဟုပြောရတော့မည်။ စားသောက်စရိတ်က မကုန်သေး။ ကဒ်နှင့် ဝယ်စားလို့ရနေသည်။
အခြားဗါဟီရသုံးငွေဆိုသည်မှာ လေယာဉ်ခကို ပြန်ဆပ်ရသည့်အတွက် ၃၆ ဒေါ်လာ။ အဝတ်လျှော်ခ။ ဆေးလိပ်ကြိုက်သူများ၊ ဘီယာကြိုက်သူများ ဆိုက လျော့ပြောလျှင်ပင် ၁ဝဝ-ကျော်၂ဝဝ ရှိပေလိမ့်မည်။
ယင်းကြောင့် အိမ်လခကိုပေးနိုင်ရန် အန်ဂျီအိုမှ ထောက်ပံ့နေစဉ်ကာလအတွင်း စပေါ်ပေးပြီးငှါးနိုင်မည့်အတွက် သေသေချာချာ စုဆောင်းထားရန်လိုသည်။
လူပျိုလူလွတ် ယောက်ျားကလေးများဆိုလျှင် ၁၂ဝဝ ဒေါ်လာပေးရသောအိမ်ခန်းကို လူ ၃ယောက်ပေါင်းပြီး စု၍နေတတ်ကြသည်လည်းရှိသည်။ ဤသည်မှာ အလုပ်တခုတည်း တချိန်တည်းတွင် လုပ်ကိုင်နေသူများဆိုက တော်သေးသည်။ အလုပ်မတူကြလျှင် တယောက်နှင့်တယောက် စကားပြောဖို့အရေး စနေ၊တနင်္ဂနွေ စောင့်ရသေးသည်။
အလုပ်အားရက်ဆိုလျှင် ယင်းနေ့များသာ ဖြစ်သည်မို့ နိုင်ငံရေးအခမ်းအနား၊ ဥပုဒ်နေ့ ဥပုဒ်စောင့်ခြင်းများကို ယင်းနေ့တွင်သာ လုပ်ကြရသည်။ နိုင်ငံရေးသမားများအဖို့ နိုင်ငံရေးအခမ်းအနား ပြုလုပ်ခွင့် ဆုံးရှုံးသောနိုင်ငံဖြစ်သည်။ ဝမ်းနည်းပြီးကြိတ်ငိုရုံမှ တပါး အခြားမည်သို့မျှမတတ်နိုင်။
အခြားနေ့များတွင် အလုပ်မှလွဲ၍ မည်သည့်ကိစ္စမှ မလုပ်နိုင်။ ဖုံးဆက်လျှင် နေ့ခင်းချိန်ဆက်ရန်မလွယ်လှ။ ဖုန်းကဒ်ကို မိနစ်နှင့်ဝယ်ထားရသောကြောင့် ည ၉ နာရီကျော်မှ ဖုံးဆက်ရန် အဆင်ပြေသည်။ စနေ၊ တနင်္ဂနွေ တို့မှာ အမေရိကတနိုင်ငံလုံးကို လွပ်လွပ်စွာဆက်လို့ရသည်။ မိနစ်မကုန်။ ၁ မိနစ်ကို တဒေါ်လာနှုန်းနှင့် ဝယ်ထားရသော ဖုံးမျိုးရှိရာ အခြားအချိန်များတွင် ဘယ်သူဘဲဆက်ဆက် လက်ခံပြောလိုက်သည်နှင့် ကုန်ပြီ။
သည်တော့ နေ့ခင်းဖက်မဆက်ဖြစ်။ ဒါ့အပြင် အလုပ်ခွင်တွေမှာဆို ဖုံးဆက်ခွင့်မရှိ။ ပိတ်သာထား။
တချို့က ၂လလောက်နေပြီး မိမိတို့နှင့် ရင်းနှီးသူများရှိရာ ပြောင်းရွှေ့ကြသည်။ အလုပ်မရှိသောမြို့တွေ၊နေရာတွေက အလုပ်ရှိနေရာသို့ ပြောင်းရွေကြခြင်းဖြစ်သည်။
နယ်တွေမှာဆိုလျှင် ကားမောင်းတတ်မှဖြစ်မည်။ ကားလိုင်စင်ကလွယ်သည်။ တပ်ကဆပ်ပြည်နယ်မှာ ရှိသော နွားသားစက်ရုံမှာ အလုပ်လုပ်နေသော ကျွန်တော်နှင့်ရင်းနှီးသော ကရင်ကောင်လေးမှာ ကားဝယ်လိုက်ပြီဟုပြောသည်။ တနှစ်တောင်မပြည့်သေးချေ။ ယင်းမြို့မှာ အိမ်လခ ဈေးချိုသည်။
အခန်းနှစ်ခန်းကို ၄ဝဝ ကျော်မျှပေးရရာ လင်မယားနှစ်ယောက်စလုံးအဆင်ပြေသည်။ မနက်ကို မိန်းမကမနက် ၅ နာရီ အလုပ်သွား ၁၂ နာရီ အိမ်ပြန်၊ အလုပ်ဆင်းပြီး ယောက်ျားက ညနေ ၃ နာရီသွား၊ ည ၁၁ နာရီမှ အိမ်ပြန်၊ ခုတော့ကားလေးတစီး ရှိနေပြီ။ ကားဝယ်သည်ဆိုတာကမဆန်း၊ လူတိုင်းလိုလို ဝယ်နိုင်ကြသည်။ အလုပ်က အဆင်ပြေဖို့သာ အရေးကြီးသည်။
နယူးယောက်မှ ၆ နာရီခန့်သွားရသော ယူတီကာ မြို့မှာဆိုလျှင် အပေါ်ထပ် ၃ခန်း၊ အောက်ထပ်ခန်း ၃ ခန်း ပါ အိမ်ဈေးက ဒေါ်လာ ၃သောင်းကျော်လောက်နှင့် ၀ယ်ယူနိုင်သည်။ ယင်းမြို့မှာ မြန်မာအရေအတွက် ၁သောင်းကျော်လောက်တောင် ရှိသည်ဟုဆိုကြသည်။ ယခုအချိန်မှာ အလုပ်ရှားနေသောမြို့ဖြစ်သည်။ နယူးယောက်မြို့မှာတော့ အိမ်ဈေးက ၃ သိန်းမှ ၅ သိန်းကျော် ခန့်ရှိသည်။
နို့စို့အရွယ်ကလေးငယ် ရှိသူများရော၊ ကျောင်းနေရွယ် ကလေးရှိသူများကိုပါ အန်ဂျီအိုမှ ကျောင်းလခများကို အားလုံးစီစဉ်ပေးရာ ကလေးတွေအတွက်မူ ဘာမှ စီစဉ်စရာ စိုးရိမ်စရာ မလိုလှပါ။ အသက် ၆၅ နှစ်ကျော်သူများ၊ ကျန်းမာရေးမကောင်းသူများအတွက်ဆိုလျှင် အမေရိကန်အစိုးရမှ အားလုံးကို လိုလေသေးမရှိ နေရေးထိုင်ရေး ထမင်းချက်ကအစ စီစဉ်ပေးထားတတ်သည်။ သို့သော် ယင်းကိစ္စများကို လိုက်ပါဆောင်ရွက်ပေးဖို့ လူလိုသည်။
သူငယ်ချင်းမရှိ၊ မိတ်ဆွေမရှိ စကားမတတ်၍ ထိုင်ငိုသော ကလေးမတွေရဲ့သတင်းကို ကြားဖူးသည်။ ဘယ်သူမဆို ကိုယ့်အားကိုယ်သာကိုးလေတော့။ သက်ဆိုင်ရာ အစားအသောက်ဝယ်ရန်ကဒ်၊ အိုင်ဒီကဒ်၊ ဆိုရှယ်ကဒ်၊ အလုပ်လုပ်ခွင့် ကဒ်များကို သေသေချာချာ ထိမ်းသိမ်းထားရမည်။ ပျောက်သွားလျှင် အန်ဂျီအိုက ဘာမျှမလုပ်ပေးတော့။ ဒီကြားထဲ ငွေကုန်ရလိမ့်မည်။
ကွန်ပြူတာ ဝဘ်ဒီဇိုင်းပညာရပ်ကို သေသေချာချာ တတ်မြောက်ကျွမ်းကျွင်သူများ ဆိုလျှင်တော့ နယူးယောက်မြို့မှာသာ အလုပ်ကောင်းကောင်းမွန်မွန် ရရှိနိုင်သည်။ မြန်မာစာရိုက်တတ်ရုံ၊ အင်္ဂလိပ်စာရိုက်တတ်ရုံ အဆင့်လောက်နှင့် အလုပ်ကောင်းရရန် မလွယ်။
အရေးကြီးသည်မှာ ၄ လအတွင်း အိမ်လခကို စပေါ်ပေးပြီး ငှါးနိုင်ရန်နှင့် ၂ လမျှ မိမိရောက်ရာမြို့တွင် နေပြီးသည်နှင့် ယင်းနေရာမှာ ဆက်လက်ရပ်တည်ဖို့ မိမိအတွက်ဖြစ်နိုင် မဖြစ်နိုင် စဉ်းစားရန်လိုသည်။
သို့မဟုတ်က အခြားပြည်နယ်သို့ပြောင်းရန် စီစဉ်ရပေလိမ့်မည်။ မြို့ကြီးသို့မပြောင်းလာခင် ကားမောင်းလိုင်စင်ကိစ္စကို အပြီးသတ်ဆောင်ရွက်ခဲ့ဖို့လည်းလိုသည်။ အမောင်းသင် လိုင်စင် ရရုံနှင့် မြို့ကြီးပေါ်သို့လာရန် စိတ်မကူးမိဖို့အရေးကြီးသည်။
ဒုတိယအချက်အနေဖြင့် အင်္ဂလိပ်ဘာသာစကားကို ပြောတတ်အောင် လေ့ကျင့်လာဖို့တော့လိုသည်။ တလုံးမှ မတတ်လျှင် မလွယ်လှပါ။
ဒုက္ခသည်များ အမေရိကားဆိုပြီး ထင်တလုံးနဲ့တော့ မလာခဲ့ကြဖို့တော့ လိုသည်။
ခိုင်အောင်ကျော်( စစ်တွေ )
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment