-->

Saturday, August 29, 2009

ဗုဒ္ဓဂါယာမှ အပြန် (နောက်ဆုံးပိုင်း)

ဗာရာဏသီကနေ ၁၃ ကီလိုမီတာ ကွာဝေးတဲ့ ဆာရ်နာထ် (Sarnath) ဆိုတဲ့နေရာ ကတော့ ဗုဒ္ဓ ပဉ္စ၀ဂ္ဂီ ငါးပါးကို ဓမ္မစကြာတရားဦး ဟောကြားခဲ့တဲ့ မိဂဒါဝုန်တောရှိရာနေရာဖြစ်ပါတယ်။

ကျမတို့ မြန်မာတွေ သိကြပြောကြတဲ့ မိဂဒါဝုန်ဆိုတာ သူတို့တိုင်းပြည်မှာတော့ 'ဣသိပတန' (Isipatana or Rishipattana)၊ 'မိဂဒါယ' (Mrigadava or Migadaya)၊ သရနာထ၊ ဆရ်နာထ် (Sarnath) ဆိုပြီး အမည်အမျိုးမျိုး ခေါ်တွင်ခဲ့ပါတယ်။ အခုအချိန်အထိလည်း အဲလို အမည်အမျိုးမျိုးနဲ့ ခေါ်နေကြသေးပေမယ့် ကုလားအများစုကတော့ ဆာရ်နာထ် လို့ပဲ သိကြခေါ်ကြတာ များပါတယ်။

ချောက်ကဏ္ဍီ စေတီ

မိဂဒါဝုန်တော မရောက်ခင်မှာ ဗုဒ္ဓကို ပဉ္စ၀ဂ္ဂီ ငါးပါးက ခရီးဦးကြိုပြုတဲ့နေရာ စေတီကြီးရှိပါတယ်။ ကုလားတွေကတော့ ချောက်ကဏ္ဍီလို့ ခေါ်ကြပါတယ်။ အဲဒီစေတီဟာ တ၀က်တပျက် ပြိုကျနေတာဖြစ်ပြီး အင်္ဂလိပ်တွေ အုပ်ချုပ်ခဲ့တဲ့ အချိန်တုန်းက စေတီပျက် ကုန်းပေါ်မှာ ကင်းမျှော်စင် လုပ်ထားခဲ့တာကို ဒီနေ့အထိ တွေ့နိုင်ပါသေးတယ်။




ဗုဒ္ဓက ဘုရားဖြစ်ပြီးတဲ့အချိန်မှာ ကျေးဇူးရှိခဲ့တဲ့သူတွေကို တရားဦးဟောမယ်လို့ ကြည့်တဲ့အခါမှာ ပဉ္စ၀ဂ္ဂီ ငါးပါးကို သွားမြင်ပါတယ်။ ဒီပဉ္စ၀ဂ္ဂီ ငါးပါးဟာဖြင့် ဗုဒ္ဓ သိဒ္ဓတ္ထမင်းသားဘ၀ ဒုက္ကရ စရိယာကျင့်တုန်းက သူနဲ့အတူ ရှိနေတဲ့သူတွေပဲ ဖြစ်ပါတယ်။ သိဒ္ဓတ္ထမင်းသားက အစားနည်းနည်းပဲစားပြီး ဒုက္ကရ စရိယာကျင့်ရာကနေ ပုံမှန်အတိုင်း စားသောက်ပြီး တရားကျင့်တာကို ပြောင်းလိုက်တဲ့အခါမှာ ဘုရားဖြစ်တော့မှာမဟုတ်ဘူးဆိုပြီး ပဉ္စ၀ဂ္ဂီ ငါးပါးက အထင်မှားစွန့်ခွာပြီးတော့ မိဂဒါဝုန်တောမှာ လာနေကြတာဖြစ်ပါတယ်။

ဗုဒ္ဓက သူတို့ဆီကို လာမယ်လဲဆိုရော ပဉ္စ၀ဂ္ဂီ ငါးပါးဟာ ဗုဒ္ဓကို ခရီးဦးကြိုမပြုဘူးလို့ ဂတိအပြန်အလှန်ပေးကြပေမယ့် တကယ့်တကယ်တမ်း ဗုဒ္ဓရောက်လာချိန်မှာတော့ မိဂဒါဝုန်တောအပြင်ကိုထွက်ပြီး သူ့ထက်ငါ အလုအယက် ခရီးဦးကြိုခဲ့ကြပါတယ်။ သူတို့ ခရီးဦးကြိုခဲ့တဲ့ နေရာ အထိမ်းအမှတ်စေတီက အသောကမင်းကြီး ကုသိုလ်တော်ဖြစ်ပါတယ်။


မိဂဒါဝုန်တောရှိရာ ၀င်းကျယ်ကြီးထဲကိုတော့ သစ်ပင်တွေ စီစီရီရီ စိုက်ထားတဲ့ အုတ်ခင်းလမ်းလေးကနေ ၀င်ရပါတယ်။ မျက်ခင်းစိမ်းကိုကျော်ဖြတ်သွားရင်တော့ အုတ်နီနီနဲ့ ကျောင်းဆောင်ဟောင်းနေရာ တွေကို အရင်တွေ့ရပါတယ်။

ဗုဒ္ဓရဲ့ နောက်လိုက်တပည့်သံဃာတော်တွေ ရေချိုးဆင်းတဲ့အခါ သုံးတဲ့ မြေအောက်လှိုဏ်ဂူလမ်းဆိုတာကိုလည်း တွေ့နိုင်ပါတယ်။ သူ့ကိုတော့ ကျောက်ပြားကြီးတွေနဲ့ အပေါ်က မိုးထားပြီး အောက်က လှိုဏ်လမ်းထဲကို ကြည့်လို့ရအောင် ကျောက်ပြားတချပ် လှပ်ပေးထားတာရှိပါတယ်။

ဓမ္မကြာတရားဦးဟောခဲ့တဲ့နေရာမှာတော့ အသောကမင်းကြီးတည်ထားခဲ့တဲ့ ဓမ္မရာဇိက စေတီကြီး တစ်ဆူရယ် သူ့ရဲ့ အထိမ်းအမှတ်ဖြစ်တဲ့ ခြင်္သေ့လေးကောင်ရုပ်နဲ့ အထိမ်းအမှတ်ကျောက်စာတိုင် တခု ရှိပါတယ်။ ဒါ့အပြင် အနတ္တလက္ခဏသုတ် ဟောခဲ့တဲ့နေရာမှာလည်း ဓမ္မေခ စေတီကို တည်ထားခဲ့ပါတယ်။

ဒီစေတီတွေနဲ့ ကျောင်းဆောင်တွေကို ခေတ်အဆက်ဆက်မင်းတွေက အထပ်ထပ် ပြုပြင်ထိန်းသိမ်းခဲ့ကြပေမယ့် အိန္ဒိယ နိုင်ငံရဲ့ ဟိန္ဒူ၊ မူစလင် စစ်ဖြစ်ပွားချိန်မှာ အခြားသာသနိက အဆောက်အဦးတွေလိုပဲ ဖျက်ဆီးခံခဲ့ရပါတယ်။

ကျောင်းဆောင်ပျက်တွေကြားမှာတော့ အသောကမင်း ကျောက်စာတိုင် အပိုင်းအစတွေကို အင်္ဂတေမိုး၊ သံတိုင်ကာပြီး ထားထားတာတွေ့ရပါတယ်။ ကျောက်တိုင်ပေါ်က ဗြဟ္မီ ဘာသာနဲ့ ရေးထိုးထား စာတွေကို အခုထိ တွေ့နိုင်ပါသေးတယ်။


အသောကမင်း ကျောက်စာတိုင်ဟာလည်း ဟိန္ဒူ၊ မူစလင် စစ်တွင်းမှာ ပိုင်းချိုးဖျက်ဆီးခံခဲ့ရပါတယ်။ အဲဒီကျောက်စာတိုင်က မြေထဲမှာ ကျန်နေတဲ့အပိုင်းကိုတော့ ရှေးဟောင်းသုတေသနပညာရှင် အလက်ဇန္ဒား ကန်နင်ဟန် (Alexender Cunningham) က ၁၉၃၅ ခုနှစ်ဝန်းကျင်မှာ တွေ့ရှိဖော်ထုတ်ခဲ့ပါတယ်။

အသောက ကျောက်စာတိုင်က ဗြဟ္မီစာ


မောရိယခေတ်လက်ရာဖြစ်တဲ့ ဒီကျောက်စာတိုင်ရဲ့ အထက်ပိုင်းနဲ့ မိဂဒါဝုန်က တူးဖော်ရရှိတာတွေနဲ့အတူ ဆာရ်နာထ် ပြတိုက်မှာ ထားထားပါတယ်။

ကျောက်စာတိုင်ထိပ်ပိုင်းအမြင့်က ၂မီတာကျော်ပါတယ်။ အောက်ပိုင်းက ညီညာချောမွေ့တဲ့ နီညိုရောင် ဖြစ်ပါတယ်။ အဲဒီကနေ ထိပ်ပိုင်းတက်သွားရင် ကြာမှောက်ကြာလှန် ကြာပွင့်ချပ်တွေရယ် အဲဒီအထက်မှာတော့ လိုင်းကြောင်းတွေ ရှိပါတယ်။ ကြာပွင့်အထက်မှာတော့ စကြာဝိုင်းလေးခု ရံထားတဲ့ ခုံဝိုင်းလေးရှိပါတယ်။

စကြာပုံလေးခု တခုနဲ့တခုကြားမှာ ခြင်္သေ့၊ ဆင်၊ နွား နဲ့ မြင်းပုံတွေပါပါတယ်။ အဲဒီအထက်မှာတော့ အရပ်လေးမျက်နှာကို မျက်နှာမူပြီး အချင်းချင်းကျောပေးထားတဲ့ ခြင်္သေ့လေးကောင်ကို ထွင်းထုထားပါတယ်။
လက်ရာမြောက်လွန်းတဲ့အတွက် မောရိယခေတ်နဲ့ အဲဒီနောက်ပိုင်းခေတ်တွေမှာ အခု မိဂဒါဝုန်က ကျောက်စာတိုင်လို အနုပညာလက်ရာမှီတာ မရှိဘူးလို့ ပညာရှင်တွေက ဆိုကြပါတယ်။
အသောက တံဆိပ်ပုံ


အသောက ကျောက်စာတိုင်တွေကို အိန္ဒိယပြည်အနှံ့က သူတည်ခဲ့တဲ့ စေတီ ဘုရားဝင်းတိုင်းမှာ တွေ့ရပါတယ်။ ကျောက်စာတိုင်ထိပ်မှာ ပါလေ့ရှိတဲ့ ခြင်္သေ့လေးကောင်ကျောပေး ရပ်နေကြတဲ့ပုံကို အန္ဒိယနိုင်ငံရဲ့ အမှတ်တံဆိပ်အဖြစ် အသုံးပြုပါတယ်။ ခြသေ့င်္လေးကောင် ခြေရင်းမှာရှိတဲ့ အသောက စင်္ကြာ (Ashoka Chakra) ကိုတော့ အိန္ဒိယအလံမှာ အသုံးပြုပါတယ်။

ပြတိုက်ကို ပို့ဆောင်ထိန်းသိမ်းခြင်းမရှိတဲ့ ကျောင်းဆောင်ဟောင်းတွေက တိုင်တွေလို့ ယူဆရတဲ့ အင်္ဂတေပန်းကနုတ်တွေနဲ့ ကျောက်တိုင်ဖြူဖြူတွေကတော့ ကျောင်းဝင်းထောင့် ချောင်ကျကျ တနေရာမှာ ရေညှိအလိမ်းလိမ်းနဲ့ လှဲလျောင်းလို့နေပါတယ်။ တချို့ဟာတွေက အင်္ဂတေပန်းမဟုတ်ပဲ ကျောက်တိုင်ကြီးကို ပန်းကနုတ်တွေ ထွင်းထားတာပါ။ ဘယ်ခေတ်က လက်ရာဆိုတာတော့ ကျမလည်း မသိပါဘူး။ လှတာတော့ အခုခေတ်လက်ရာတွေထက်တောင် လှပ သပ်ရပ်လှပါတယ်။

အဲဒီကျောက်ပုံကြီးကတော့ သာယာတဲ့ကျောင်းဝင်းကို ပန်းခြံလို သဘောထား၊ လာအပန်းဖြေတဲ့ မဇ္ဈိမတိုင်းသား စုံတွဲတွေ ထိုင်စရာနေရာကို ဖြစ်နေတော့တာပဲရှင်။ ကျမဖြင့် အဲလိုရှေးဟောင်းလက်ရာလှလှလေးတွေကို ဖြစ်သလို ပစ်ထားလို့ နှမြောလိုက်တာများ။

ကျောင်းဆောင်နေရာတွေကလည်း အသစ်ပြန်ပြင်ထားတာမှာ ဇောက်ထိုးဖြစ်နေတဲ့ လူပုံထွင်းထုထားတဲ့ ကျောက်ပြား အုတ်ပြားတွေက ကြုံရာ ကျောက်ကျိုး အုတ်ကျိုးပဲ့တွေကို အဆင်သင့်သလို စီထည့်လိုက်တာဆိုတာ ပေါ်လွင်နေပါတယ်။ စီမံကွပ်ကဲတဲ့သူများ မရှိလေလို့လား ခေတ်သစ် ပန်းရံသမားတွေက မသိနားမလည်တာ ပြီးစလွယ် လုပ်လိုက်တာများလားလို့ စဉ်းစားစရာပါ။

တခြားတနေရာမှာတော့ ကျောင်းဆောင်ပျက်နေရာ တခုလုံးကို သံတခါးပိတ် သော့ခတ်ထားပြီး သွပ်မိုးအဆောင်အောက်မှာ အင်္ဂတေပန်းနဲ့ ကျောက်တိုင်တွေကို ထားထားတာ တွေ့ရပါတယ်။ ကျမသဘောသာဆိုရင် ပြတိုက်မှာပဲဖြစ်ဖြစ် ဒါမှ မဟုတ် နေရာတခု သတ်သတ်မှတ်မှတ်ထားပြီး လေ့လာချင်တဲ့သူ လေ့လာနိုင်အောင်ဖြစ်ဖြစ် သေသေချာချာ ထိန်းသိမ်းထားမှာပဲ။


ဓမ္မစင်္ကြာ တရားဦးဟောတဲ့နေရာက ဓမ္မရာဇိက စေတီကြီးကိုတော့ အခုအချိန်မှာ အောက်ခြေ Foundation ကိုပဲ မြင်ရတော့မှာပါ။ အကြောင်းကတော့ ၁၈ ရာစုအတွင်းမှာ ဗာရာဏသီကလူတွေဟာ အဆောက်အဦးတွေ ဆောက်လုပ်ဖို့ ဒီစေတီကြီးက အုတ်တွေကို ဖျက်ယူကြလို့ပါတဲ့။


အဲဒီစေတီနားလေးမှာ တရားဟောခဲ့တဲ့ ပလ္လင်နေရာရှိပါတယ်။ ချိုင့်လေးထဲမှာရှိနေတဲ့ အဲဒီပလ္လင်ကို သံစည်းရိုးကာထားပါတယ်။ အဲဒီနေရာက အရင်က အခုလို မကာရံထားပါဘူး။ အရင်လူတွေ မီးပူဇော်တာတွေလုပ်တာကြောင့် မီးခိုးမှိုင်းတွေ ဖယောင်းဆီတွေနဲ့ မည်းနေပါတယ်။ ရွှေချထားတာတွေကိုလည်း တစွမ်းတစ တွေ့ရပါတယ်။ ပျက်စီးမှာကို ထိန်းသိမ်းဖို့အတွက် ကာရံလိုက်တာလို့ သိရပါတယ်။


ဓမ္မေခ စေတီကြီးကတော့ သိပ်မပျက်ယွင်းသေးတာကို တွေ့ရပါတယ်။ စေတီပတ်လည်က လှပတဲ့ အင်္ဂတေ ပန်းကနုတ်တွေကိုလည်း တွေ့မြင်နိုင်ပါသေးတယ်။ တချို့နေရာမှာတော့ စေတီတော်ပျက်နေတာကို ပြင်တာမှာ အသစ်ကပ်လိုက်တဲ့ ကျောက်တွေက ဒီပန်းကနုတ်တွေကို အုပ်ကွယ်နေတာကို ထင်ထင်ရှားရှားတွေ့ရမှာဖြစ်ပါတယ်။

တိဘက်လူမျိုး ဘုရားဖူးတွေက ဓမ္မေခ စေတီပေါ်ကို စေတီရင်ပြင်ကနေ အကြွေစေ့တွေ ပစ်တင်လေ့ရှိပါတယ်။ အကြွေစေ့က ပြန်ကျမလာခဲ့ရင် ကံကောင်းတယ်လို့ အယူရှိကြလို့ပါတဲ့။ ကျမပစ်တင်တဲ့ အကြွေစေ့တွေကတော့ တချွင်ချွင်နဲ့ ပြန်ကျတာများ ကျမနဖူးပေါ်တောင် ပြန်ကျတဲ့အထိပါပဲ။


စေတီ၊ ကျောင်းတော်ရာတွေနဲ့ ကပ်လျက်က သီးသန့်ခြံဝင်းကာထားတဲ့ ဥဒေါင်းငှက်တွေ ရွှေသမင်တွေနဲ့ မိဂဒါဝုန်တောကတော့ ဗုဒ္ဓလက်ထက်တုန်းကတည်းကလိုပဲ ဘေးမဲ့တောအဖြစ် ရှိနေပါသေးတယ်။

ကျမတို့ မြန်မာ ဇာတ်တော်ကြီးတွေမှာ ဖော်ပြထားတဲ့ မိဂဒါဝုန် ရွှေသမင်ဘေးမဲ့တောရယ်လို့ ဖြစ်လာရတာကတော့ ဒီလိုပါ။


ဘုရားလောင်းနဲ့ ဒေ၀ဒတ်မင်းလောင်းတို့ သမင်ခေါင်းဆောင်ဘ၀နဲ့ သမင်၅၀၀ စီအုပ်ချုပ်ခဲ့တဲ့ အချိန်မှာဖြစ်ပါတယ်။
ဗာရာဏသီကို အုပ်ချုပ်တဲ့ ဗြဟ္မဒတ်မင်းဟာ တောကစားထွက်တဲ့အခါ တောနဲ့သတ္တ၀ါတွေ သေကြေပျက်စီးကြတာကြောင့် ဘုရားလောင်း သမင်က မင်းကြီးကို တောမကစားပါနဲ့ တပတ်ကို သမင်တကောင်ကျ ဆက်သမယ်ဆိုပြီး ပြောလိုက်ပါသတဲ့။ မင်းကြီး သဘောတူတာကြောင့် နေ့စဉ် သမင်တကောင်စီ မင်းကြီးဆီသွားပြီး အသေခံရပါတယ်။
တနေ့မှာတော့ ဒေ၀ဒတ်မင်းလောင်း သမင်ရဲ့ အုပ်စုထဲက ကိုယ်ဝန်အရင့်အမာနဲ့ သမင်မရဲ့ အလှည့်ကျလာပါတယ်။ သမင်မက ကလေးမွေးဖွားပြီးမှ သွားဖို့နဲ့ အခြားသမင်နဲ့ အစားထိုးပေးဖို့ တောင်းပန်ပေမယ့် ဒေ၀ဒတ်မင်းလောင်းက ခွင့်မပြုပါဘူး။

ဘုရားလောင်းသမင်ကို သမင်မက သွားတောင်းပန်တဲ့အခါမှာတော့ ဘုရားလောင်းက သမင်မကိုယ်စား သူကိုယ်တိုင်သွားမယ်ဆိုပြီး ဗာရာဏသီက သားသတ်သမားတွေဆီသွား လည်စင်းခံလိုက်ပါတယ်။

အဲဒီအကြောင်းတွေကို သိလိုက်တဲ့ မင်းကြီးက ဘုရားလောင်း သမင်ကို အသက်ချမ်းသာပေးရုံသာမက ကျန်တဲ့သမင်တွေကိုလည်း ဘေးမဲ့ပေးလိုက်ပါတယ်။ သမင်တွေနေတဲ့တောကိုလည်း သရင်္ဂ= သမင်ကို နာထ=ကယ်သောသူ လို့ အစွဲပြုပြီး သရင်္ဂ နာထလို့ ခေါ်ပြီး ခေတ်ကာလတွေ တရွေ့ရွေ့ပြောင်းလာတော့ ဆာရ်နာထ် ဖြစ်လာတာလို့ ဆိုပါတယ်။


သမင် (မိဂ) တွေကို ဘေးမဲ့ပေးရာ (ဒါယ) တော (၀န) ဖြစ်လို့ 'မိဂဒါယ ၀န' ကနေ 'မိဂဒါ ၀ုန်' လို့ ဖြစ်လာတယ်လို့လည်း ဆိုကြပါသေးတယ်။

အိန္ဒိယက ဗုဒ္ဓ၀င် ဒဏ္ဍာရီတွေကတော့ တမျိုးရှင့်။ 'ဣသိပတန' (Isipatana or Rishipattana) လို့ အစပိုင်းမှာ ကျမ ပြောပြခဲ့တဲ့ Isipatana ဆိုတာက သူတော်စင်တွေ မြေပေါ်ကို ကျလာတဲ့နေရာလို့ အဓိပ္ပါယ်ရပါတယ်တဲ့။
ဗုဒ္ဓမွေးဖွားခါနီးအချိန်မှာ ဒေ၀ါနတ်မြတ်တွေက ဗုဒ္ဓမွေးလာမယ့်အကြောင်းကို သူတော်စင် ၅၀၀ တို့ကို ပြောပြလိုက်တယ်။ အဲဒီသတင်းကိုကြားတော့ သူတော်စင်တွေဟာ ကောင်းကင်ပေါ် ဈာန်ကြွသွားကြပြီး ရုတ်ချည်း ပျောက်ကွယ်သွားကြတယ်။ သူတို့ဆီက ဓာတ်တော်မွေတော်တွေကတော့ မြေပေါ်ကို ကျလာပါသတဲ့။ ဒါကြောင့် ဆာရ်နာထ်လို့ ခေါ်တာပါတဲ့။ နောက် ဒဏ္ဍာရီ တခုမှာကတော့ ဆာရ်နာထ်လို့ ခေါ်တာဟာ ဟိမ၀န္တာတောင်ပေါ်ကို တရားသွားကျင့်မယ့် သူတော်စင်တွေဟာ ဒီနေရာကနေ ဈာန်ရယူပြီး ဟိမ၀န္တာကို သွားကြလို့ပါတဲ့။

မိဂဒါဝုန်နဲ့ ပတ်သက်နေတဲ့ ကျမတို့ တခါတလေ အမှတ်တမဲ့ ပြောမိတဲ့ စကားလုံးလေး တခု ရှိပါသေးတယ်။ အဲဒါကတော့ ကျမတို့ စိတ်ညစ်လာရင် အမှတ်တမဲ့ ညည်းတွားတတ်ကြတဲ့ 'သေဟဲ့ နန္ဒိယ' ဆိုတဲ့ စကားလေးတခွန်းပါပဲ။ အဲဒီစကားလုံးကို ပြောတိုင်း လူကြီးသူမတွေက ဟဲ့ အဲလိုမပြောရဘူး မပြောကောင်းဘူးဆိုပြီး မာန်မဲလေ့ရှိပါတယ်။ လူကြီးတွေ ဒီလိုပြောတာကို တားဆီးရတဲ့ အကြောင်းရင်းကတော့ ဒီလိုပါ။

ဗုဒ္ဓ မိဂဒါဝုန်ကိုရောက်လာတော့ သတင်းသုံးဖို့ ကျောင်းဆောင်ဆောက်လုပ်လှူဒါန်းတာက ဗာရာဏသီက နန္ဒိယ သူဌေးပါတဲ့။ အဲဒီ သူဌေးဟာ သဒ္ဓါ တရားထက်သန်လွန်းတော့ သူမသေခင်ကတည်းက နတ်ပြည်မှာ သူ့အတွက် နတ်ဗိမာန် ဖြစ်ပေါ်နေပါတယ်တဲ့။ သူ့အတွက် ဇနီးလောင်း နတ်သမီးတွေကလည်း ရှိနေလေတော့ သူမြန်မြန်သေအောင်လို့ အဲဒီ နတ်သမီးတွေက 'သေဟဲ့ နန္ဒိယ' လို့ ဆုတောင်းနေကြတာကြောင့်ပါတဲ့။

ဓမ္မစင်္ကြာ တရားဦးဟောတဲ့နေရာ ၀န်းကျယ်ကြီးရဲ့ တဖက်ဝန်းထဲကို သွားခဲ့ရင် မူလဂန္ဓကုဋီတိုက် ဂူဘုရားရှိပါတယ်။ အထဲမှာတော့ ဗုဒ္ဓ၀င်ခန်း နံရံဆေးရေးပန်းချီတွေကို တွေ့မြင်ရပါတယ်။


မူလဂန္ဓကုဋီတိုက်ကနေ ထွက်လာရင် ဘယ်ဖက်မှာ မြန်မာပြည်ကသူတွေ လှူဒါန်းထားတဲ့ တန်ဆောင်းလေးတခုရှိပါတယ်။ အဲဒီမှာ ဗုဒ္ဓ က ပဉ္စ၀ဂ္ဂီ ငါးပါးကို ဓမ္မစင်္ကြာတရားဦးဟောနေတဲ့ ရုပ်တုတွေရှိပါတယ်။ ဘုရားဖူးရာသီရောက်လို့ ဒီနေရာကို ဘုရားဖူးတွေ ရောက်ခဲ့ရင် ဆီမီးပန်းတွေ ကပ်လှူပြီး ဓမ္မစင်္ကြာ ရွတ်ဖတ်ပူဇော်လေ့ရှိပါတယ်။ အဲဒီနေရာမှာ ဓမ္မစက္က ပ၀တ္တနသုတ် (ဓမ္မစင်္ကြာတရားတော်)ကို ပါဠိ၊ မြန်မာ၊ အင်္ဂလိပ်၊ ထိုင်း၊ ကိုရီးယား၊ တရုတ်၊ ဂျပန်၊ တိဘက်၊ သီရိလင်္ကာ စတဲ့ ဘာသာရပ်တွေနဲ့ ရေးထွင်းထားတဲ့ ကျောက်ပြားတွေ ရှိပါတယ်။


ဝင်းအပြင်ဖက်ထွက်ရင် ဓမ္မစင်္ကြာ တရားဟောကြားနေဟန် လက်တ၀ါးသာသာ ဆင်းတုလေးတွေ လိုက်ရောင်းနေတဲ့ ကုလားလေးတွေနဲ့ တွေ့ရမှာပါ။ မြေစေးနီနီနဲ့ ပုံလောင်းလုပ်ထားပြီး မီးဖုတ်ထားတဲ့ အဲဒီဆင်းတုလေးတွေကို ၁၀ ရူပီး ၀န်းကျင်ပေးရပါတယ်။ ကြေးနဲ့ လုပ်ထားတာတွေကတော့ ၅၀ ရူပီးလောက် အထိ ဆစ်ဝယ်လို့ ရပါတယ်။

သူတို့တွေလည်း ကျမတို့ ပုဂံက ကလေးတွေလိုပါပဲ။ Hello, this is ancient one. Plesase look. Please buy နဲ့ ဧည့်သည်ကို အလုအယက် ရောင်းကြတာပါပဲ။ နိုင်ငံခြားသား ဧည့်သည်တွေမို့ ဈေးကို မတန်မဆလည်း တင်ထားတတ်ကြပါသေးတယ်။ မြန်မာတွေမှန်းသိရင် သူတို့က မြန်မာလို '၁၀၀ လား' 'ကောင်းတယ်' နဲ့ ခေါင်းလေးတွေကို စပရိန်တပ်ထားသလို ဘယ်ညာရမ်းပြီး တခါခါလေးနဲ့ ပြောတတ်ပါသေးတယ်။

ရှေးဟောင်းပစ္စည်းပုံစံလိုဖြစ်အောင် ကြပ်ခိုးတိုက်၊ ရေညှိတက်အောင်ရေစိမ်ထားတာ သိပေမယ့်လည်း အမှတ်တရမို့ တခုတော့ ကျမ ၀ယ်ခဲ့ပါသေးတယ်။

မိဂဒါဝုန် ၀န်းအပြင် လမ်းတဖက်ခြမ်းမှာတော့ အမှတ်တရ ပစ္စည်းအရောင်းဆိုင်လေးတွေရှိပါတယ်။ အဲဒီဆိုင်လေးတွေမှာ ဗာရာဏသီထွက် ဆာရီစလှလှလေးတွေလည်း ရနိုင်တာမို့ ဗာရာဏသီ မသွားဖြစ်တဲ့ သူတွေအဖို့ အဲဒီဆိုင်တွေမှာ ၀ယ်ယူနိုင်ပါတယ်။

ဗာရာဏသီ မသွားဖြစ်တဲ့သူတွေအဖို့ ဆာရ်နာထ်မှာနားနေဖို့အတွက်လည်း တည်းခိုခန်းတွေ ဟိုတယ်တွေရှိသလို ကျမတို့ မြန်မာတွေအဖို့ မြန်မာဘုန်းတော်ကြီးကျောင်းလည်းရှိပါတယ်။

ကျမတို့ ကတော့ ဆာရ်နာထ်မှာ တနေ့တာ အချိန်ဖြုန်းပြီး နေ့လည်စာ စားပြီးချိန်မှာတော့ ဂါယာကို ပြန်လာခဲ့ပါတယ်။ ဂါယာက မြန်မာဘုန်းတော်ကြီးကျောင်းကို ရောက်ချိန်မှာတော့ ညနေစောင်းနေပါပြီ။

ဂါယာကနေစထွက်လာကတည်းက ခရီးတလျှောက်လုံး အိပ်ချိန်ကလွဲလို့ ကားပေါ်မှာပဲမို့ ကားစီးရမှာကို ကျမတို့ တော်တော့ကို ကြောက်နေပါပြီ။ ကားစီးဖို့ကိုလည်း တော်တော့ကို လန့်နေကြပါတယ်။ အိမ်ကိုလည်း မြန်မြန် ပြန်ရောက်ချင်လှပါပြီ။
အိန္ဒိယမှာကတော့ တောခေါင်ခေါင်က ရွာငယ်ဇနပုဒ်လေးတွေတောင် ကတ္တရာခင်းလမ်းနဲ့ပါပဲ။ လူတွေ စည်းကမ်းမရှိ လမ်းတွေကို ဖျက်ဆီးထားလို့ ပျက်နေတာတွေတော့ ရှိတာပေါ့လေ။ အဝေးပြေးလမ်းတွေကလည်း ဖြူးနေအောင် ကောင်းတယ်ဆိုပေမယ့် တပတ်လုံးလုံး ကားပေါ်မှာဆိုတော့ ကျမတို့ အတော့်ကို ငြီးငွေ့မိပါတယ်။

ဂါယာရောက်တော့ မိုးတွေရွာထားတာ ဘယ်နေရာကြည့်ကြည့် စိမ်းစိုစိုနဲ့ ဖြစ်နေပါတယ်။ ရာသီဥတုကလည်း ကျမတို့ရောက်စတုန်းကလို မပူတော့ပါဘူး။ နယူးဒေလီမှာလည်း ဒီလိုမိုးတွေ ရွာနေရင် သိပ်ကောင်းမှာပဲလို့ တွေးမိပါတယ်။ ဒီမှာရွာနေတဲ့ မိုးကို ဒေလီ ယူသွားရအောင်လို့လည်း အချင်းချင်း နောက်ပြောင်ပြောဖြစ်ပါတယ်။

ဂါယာကနေ နောက်တနေ့ည ရထားနဲ့ ဒေလီကိုအပြန်မှာတော့ ပင်ပန်းလာသမျှ ရထားပေါ် အိပ်လိုက်လာတာ မနက်ဒေလီကိုရောက်ခါနီး ကုလားတွေ အုတ်အုတ်ကျက်ကျက်ဖြစ်လာမှ နိုးပါတော့တယ်။ ကျမဆုတောင်းပြည့်တယ်ပြောရမလားပဲ။ ဒေလီမှာ မိုးတွေရွာထားလို့ ရာသီဥတုက အေးအေးလူလူရှိနေပါတယ်။

ဒေလီဘူတာမှာတော့ လူတွေလူတွေ ကျမတို့ဆီက ပွဲဈေးတန်းတိုးနေတာလို ကြက်ပျံမကျစည်ကားလို့ နေပါတယ်။ အဲလိုပြောလို့ ပွဲလမ်းများရှိလေသလား ခရီးသွားရာသီမို့လို့လားလို့တော့ မထင်လိုက်ပါနဲ့။ အိန္ဒိယမှာက ရထားနဲ့ ခရီးသွားတာဟာ ဈေးသက်သာပြီး သက်တောင့်သက်သာ ရှိလေတာမို့ ရထားစီးကြတဲ့ ခရီးသည်က အခြား ဘယ်နိုင်ငံနဲ့မှ မတူအောင် များလွန်းနေတာပါ။ ခါးပါးနှိုက်ကိုသတိမထားမိတဲ့ ကျမကတော့ ကျောပိုးအိတ်အပြင်ဖက်မှာ ထိုးထားတဲ့ ထီးတချောင်း ခါးပိုက်နှိုက်ကို လက်ဆောင်ပေးလိုက်ရပါတယ်။

အိမ်ပြန်ရောက်ချိန်မှာတော့ ကျမတို့မှာ အရမ်းကိုပင်ပန်းပြီး ချုန်းချုန်းကျသွားတာပါပဲ။ ကျမတို့က ဂါယာ ရောက်ဖူးချင်လွန်းလို့ ရတဲ့အချိန် ၆ ရက်လေးကို ရှိတဲ့ ဘတ်ဂျက်လေးနဲ့ မဖြစ်ဖြစ်အောင် သွားခဲ့ရတာမို့ အရမ်းကို ပင်ပန်းပါတယ်။ ဘုရားဖူးရတာလည်း ပုဆိန်ပေါက်ပဲ ဖူးရတယ်လို့ သူငယ်ချင်းတွေက ပြောပါတယ်။ ပင်ပန်းပေမယ့် ဗုဒ္ဓဂါယာခရီးက ကျမအဖို့ ဗဟုသုတတွေ အများကြီးရစေခဲ့ပါတယ်။

ဗုဒ္ဓဂါယာ ဘုရားဖူးသွားမယ့်သူတွေအတွက်


ဗုဒ္ဓဂါယာကို မြန်မာပြည်က လာမယ့်သူတွေကတော့ ဘုရားဖူးအဖွဲ့တွေက စီစဉ်ပေးကြတာမို့ အဆင်ပြေပြေအေးအေးချမ်းချမ်း ဘုရားဖူးခွင့်ရကြမှာပါ။ အစားအသောက်အတွက်ကလည်း မြန်မာဘုန်းကြီးကျောင်းတွေမှာ စီစဉ်ပေးတာမို့ မြန်မာအစာကိုပဲ အဆင်ပြေပြေ စားလို့ရမှာပါ။ မဟုတ်ရင်တော့ အာလူးပူရီနဲ့ တိုးမှာပေါ့ရှင်။ ကိုယ့်ဘာသာကိုယ် ခရီးစီစဉ်လာတာဆိုရင် မြန်မာဘုန်းကြီးကျောင်းတွေမှာလည်း တည်းခိုလို့ရပါတယ်။ တည်းခိုတဲ့သူတိုင်းအတွက် အခန်းတွေလည်းသပ်သပ်ရပ်ရပ်ရှိပါတယ်။
ဆောင်ရန် ရှောင်ရန်တွေကတော့ ……
- ငွေအကြွေလဲလို့ ကလေးငယ်တွေကို ပေးချင်လေ့ရှိတဲ့ မြန်မာတွေအဖို့ ဂါယာက မဟာဗောဓိဘုရားဝင်းထဲမှာ လဲလို့ရပါတယ်။ လဲမယ်ဆိုရင် သူတို့ကတော့ ရူပီး ၁၀ တန်ရွက်တွေ ပေးပါလိမ့်မယ်။ အကြွေစေ့ကိုရအောင်လဲပါ။ ကျမတို့ မြန်မာအတွက် ၁၀ ဆိုတာ ဘာမှမရှိဘူးလို့ မြင်ကောင်းမြင်နေပါလိမ့်မယ်။ အိန္ဒိယမှာက အများဆုံးပေးမှ ၅ ရူပီးပေးပါတယ်။ အခုလက်ရှိ ငွေလဲနှုန်းက ၁ ရူပီးကို ၂၀ ကျပ် ရှိပါတယ်။ ၁၀ ရူပီးဆိုတာ ပေးရတဲ့သူအဖို့ များလာတာနဲ့အမျှ ခံနိုင်မှာ မဟုတ်ပါဘူး။

- ခါးပိုက်နှိုက်၊ အလစ်သမား အထူးသတိထားပါ။ မိမိပစ္စည်း မိမိတာဝန်ပါပဲ။ စားသောက်ဆိုင်တွေဝင်ရင် ကိုယ့်ပစ္စည်းကိုယ် ကျန်မကျန် ပြန်စစ်ပါ။ မြန်မာပြည်က ဆိုင်တွေလို ပစ္စည်းကျန်ခဲ့ရင် ပြန်လိုက်ပေးတာ သိမ်းထားပေးတာတွေ မရှိပါဘူး။

- ကိုယ့်ရဲ့အရေးကြီး စာရွက်စာတမ်းတွေဖြစ်တဲ့ ပတ်စ်စပို့၊ လေယာဉ်လက်မှတ်စတာတွေ တန်ဖိုးကြီးပစ္စည်းတွေဖြစ်တဲ့ ဖုန်း၊ ကင်မရာ အစရှိတာတွေကို သေသေချာချာ ထိန်းသိမ်းပါ။

- ကင်မရာ ဘက်ထရီ အားသွင်းတဲ့ကြိုးတွေ၊ Adapter တွေကို မမေ့ မပျောက်ပါစေနဲ့။ အိန္ဒိယမှာက ပလက်ခေါင်းပုံစံက Three way round pin များပါတယ်။ Adapter လိုရမယ်ရ ယူလာသင့်ပါတယ်။ မြန်မာပြည်က ပလက်အများစုက Two way အပြား ဒါမှမဟုတ် Two way အလုံးလေးတွေဖြစ်ပါတယ်။

- ရာသီဥတုက ပူရင်တအားပူ အေးရင်တအားအေး၊ နေ့ပူညချမ်း ရာသီဥတုမျိုးရှိတာမို့ ချည်ထည် လက်ရှည်လေးတွေပဲ ၀တ်သင့်ပါတယ်။ အောက်တိုဘာကနေ ဇန်န၀ါရီအထိကတော့ ညဖက်ဆိုရင် တအားအေးတတ်တာမို့ အနွေးထည်လည်း ယူလာသင့်ပါတယ်။ အဲဒီအချိန်တွေမှာ ဂါယာမှာက ဆိုသလောက်မအေးပေမယ့် လုမ္ပီနီရှိတဲ့ နီပေါဖက်သွားမယ်ဆိုရင် ရာသီဥတု အေးမြလွန်းပါတယ်။

- အသားအရည် ထိခိုက်လွယ်တဲ့သူတွေအဖို့ နေပူဒဏ်ခံ sking lotion လူးဖို့လည်း လိုအပ်ပါမယ်။

- ထီးဖြစ်ဖြစ် ဦးထုပ်ဖြစ်ဖြစ် ဆောင်းသင့်ပါတယ်။

- ဘုရားဖူးလာတဲ့ လူငယ်တွေအဖို့ကတော့ လျှပ်ပေါ်လော်လီတဲ့ အ၀တ်အစား အတိုအပြတ်တွေ မ၀တ်သင့်ပါဘူး။ ဘုန်းတော်ကြီးကျောင်းတွေမှာ တည်းခိုရမှာနဲ့ ဘုရားဖူးလာတာဖြစ်တဲ့အတွက် သက်တောင့်သက်သာရှိမယ့် ဒူးအထက်မရောက်တဲ့ စကပ်ရှည်ရှည်၊ ဘောင်းဘီရှည်ရှည်ပဲ ၀တ်သင့်ပါတယ်။ ထမီဝတ်လို့လည်းရပါတယ်။ ယောဂီထမီလေးတွေနဲ့ ဘုရားဖူးလာကြသူတွေ အများကြီးရှိပါတယ်။

- ၀တ်ရ ချွတ်ရလွယ်ပြီး လမ်းလျှောက်ရတာ သက်တောင့်သက်သာရှိမယ့်ဖိနပ်မျိုး စီးသင့်ပါတယ်။

- အိတ်ဆောင်လက်နှိပ်ဓာတ်မီးလေးတွေ ဆောင်ထားဖို့လိုပါတယ်။ အချို့နေရာတွေမှာမီးက ခွဲတမ်းနဲ့ပဲရတာမို့ ကိုယ်ရောက်တဲ့အချိန် မီးပျက်တာနဲ့ ကြုံတတ်ပါတယ်။ ဘုန်းတော်ကြီးကျောင်းတွေမှာတော့ အင်ဗာတာမီး ထားထားတတ်ပါတယ်။

- မိမိသောက်နေကျ ဆေးတွေတပါတည်း ယူလာခဲ့ဖို့ မမေ့ပါနဲ့။ ဥပမာ - သွေးတိုး၊ ဆီးချိုလို ရောဂါရှိတတ်သူတွေ၊ ကားမူးတတ်သူများအဖို့ ကိုယ်သောက်နေကျ အမူးအမော ပျောက်ဆေး၊ ရှုဆေးဗူးတွေ အလုံအလောက် တပါတည်း သယ်လာသင့်ပါတယ်။ ဒီရောက်မှ ၀ယ်ဖို့ပြုဖို့က ခက်ပါတယ်။ ကိုယ်သွားရမယ့်ခရီးက ခရီးစဉ်တလျှောက်လုံး ကားနဲ့ချည်းသွားရတာတွေချည်းမို့လို့ပါ။ ချွေးထွက်များတဲ့သူဖြစ်မယ်ဆိုရင် ဓာတ်ဆားထုတ်လေးတွေလည်း မမေ့ခဲ့ပါနဲ့။ ဘုရားဖူးအဖွဲ့ကလည်း အရေးပေါ်သုံး ရှေးဦးသူနာပြု First Aid Kit တွေတော့ ပါမယ်ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်သောက်နေကျဆေး ကိုယ့်နားအဆင်သင့်ရှိနေမယ်ဆိုရင် ကောင်းတာပေါ့နော်။

- ခြင်မကိုက်အောင်လူးတဲ့ဆေးတွေလည်း ဆောင်ထားဖို့လိုပါမယ်။

- Hand Sanitizer ဒါမှမဟုတ် Hand Gel နဲ့ Tissue လေးတွေလည်း ဆောင်ထားဖို့ လိုပါမယ်။ ခရီးဆောင် ဆပ်ပြာလေးတွေလည်း မမေ့ပါနဲ့။ City Mart လိုဆိုင်တွေမှာ ဒီပစ္စည်းလေးတွေ ၀ယ်လို့ရပါတယ်။

- အပြင်ဆိုင်တွေမှာရောင်းတဲ့ ကုလားအစားအစာတွေ စားရင် သတိထားပါ။ စားနေကျ မဟုတ်တော့ ၀မ်းပျက်ဝမ်းလျှောဖြစ်တတ်ပါတယ်။ သောက်ရေကိုလည်း ရေသန့်ဘူးသာဝယ်သောက်ပါ။ ရေသန့်ဘူးဝယ်တဲ့အခါမှာလည်း ပုလင်းဖုန်းက ပါကင်ပိတ်ဟုတ်မဟုတ်ကို သေချာစစ်ဆေးပါ။ ပုလင်းထဲမှာ အနည်တွေတွေ့ရင် သံသယရှိရင် မ၀ယ်ယူပါနဲ့။

- တည်းခိုတဲ့အခါ ဘုန်းတော်ကြီးကျောင်းတွေမှာ တည်းခိုရတာမို့ သဒ္ဓါပေါက်ပြီး ငွေလှူဒါန်းလိုတဲ့အခါ လှူလို့ရအောင် စာအိတ်လေးတွေလည်း မမေ့ခဲ့ပါနဲ့။ လိုခါမှ ပြေးဝယ်စရာ ဆိုင်မရှိပါဘူး။

- အမှတ်တရ ပစ္စည်းလေးတွေ ၀ယ်တဲ့အခါ ဈေးကို သေချာဆစ်ပါ။ တချို့တွေက ဈေးမတန်တဆ တင်ထားတတ်ကြပါတယ်။

ဘုရားဖူးသွားသူပဲဖြစ်ဖြစ် လေ့လာရေးသွားသူပဲဖြစ်ဖြစ် အားလုံး စိတ်ချမ်းမြေ့စွာနဲ့ ပျော်ရွှင်စရာ ခရီးဖြစ်ပါစေလို့ ဆုမွန်ချွေပါတယ်ရှင်။

အခြားဖတ်စရာ ဗုဒ္ဓဂါယာ အကြောင်းများ ....

ဗုဒ္ဓဂါယာ လေ့လာရေးခရီး အပိုင်း (၆)- ရှေးဟောင်းမြို့တော် ဗာရာဏသီ
ဗုဒ္ဓဂါယာ လေ့လာရေးခရီး အပိုင်း (၅)- ဖွားတော်မူတဲ့ လုမ္ပီနီ
ဗုဒ္ဓဂါယာ လေ့လာရေးခရီး အပိုင်း (၄)- ပတ္တနား၊ ဝေသာလီနဲ့ ပရိနိဗာန်ပြုတဲ့ ကုသိနာရုံ
ဗုဒ္ဓဂါယာ လေ့လာရေးခရီး အပိုင်း (၃)- ရာဇဂြိုလ်၊ နာလန္ဒာ တက္ကသိုလ်
ဗုဒ္ဓဂါယာ လေ့လာရေးခရီး အပိုင်း (၂)- ဒုက္ခရစရိယာ ကျင့်ရာ တောင်နဲ့ သုဇာတာ ရွှေခွက်မျောရာ နာရဉ္ဇရာမြစ်
ဗုဒ္ဓဂါယာ လေ့လာရေးခရီး အပိုင်း (၁)- ဂါယာနှင့် ဗုဒ္ဓပွင့်ရာ မဟာဗောဓိ

မာန်

No comments: