-->

Tuesday, September 22, 2009

အသံကြောင့် ဖားမသေစေချင်

ကျမချစ်တဲ့ တိုင်းပြည်လေးထဲမှာ အခုလက်တလော ဖြစ်ပျက်နေတာလေးတွေ ကြားနေရတာ စိတ်မချမ်းမြေ့လွန်းလို့ ဒီစာလေးကို ရေးလိုက်တာပါ။ ဘယ်သူ့ကိုမှ သာစေ နာစေရယ်ဆိုတဲ့ ဆန္ဒမပါပါဘူး။ အပြုသဘောနဲ့ ရေးလိုက်တာပါ။ ကျမ အကိုတော်၊ နောင်တော်တွေအတွက် မခံစားနိုင်လွန်းလို့ပါ။

သိပြီးသားလည်းဖြစ်ကြမှာပါ။ နိုင်ငံတကာ သတင်းဌာနကြီးတွေက သတင်းစာမျက်နှာတွေ၊ ပြည်ပအခြေစိုက်တဲ့ မြန်မာသတင်းမီဒီယာတွေမှာ နအဖ က အကျဉ်းသား ၇၀၀၀ ကျော်ပြန်လွှတ်ပေးနေတယ်၊ နိုင်ငံရေး အကျဉ်းသားတွေ ဘယ်လောက်ပါတယ်၊ ဘယ်သူတွေ ပါတယ်ဆိုတာတွေပေါ့။

ဒါပေမယ့်ရှင် … နအဖ လုပ်ပုံများ … အရှေ့က ဟန်ပြလေး လွှတ်ပေး … အနောက်မှာတော့ တသီကြီး ဖမ်းထားလိုက်ကြတာ … ဖမ်းနေကြတာ … တယောက်ပြီးတယောက် တယောက်ပြီးတယောက် … အန်တီစုနဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး ဆုတောင်းပွဲတွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့တဲ့ လူငယ်လေးတွေ … အန်တီ့ဓာတ်ပုံလေးတွေကို လိုက်ဝေတဲ့ လူငယ်လေးတွေ … တယောက်ပြီးတယောက် … ဖမ်းသွားကြတာ … ဆွမ်းကျွေးဘာညာ လက်ခံတဲ့ သံဃာတော်တွေကို ဖမ်းသွားကြတာ …


ဒီလူတွေ မှာ ဘာအပြစ်ရှိလို့လဲ … ဗုဒ္ဓဘာသာတိုင်းပြည်တခုဖြစ်တဲ့ ကျမတို့တိုင်းပြည်မှာ ကိုယ့်ဘာသာကိုယ်တောင် လွတ်လွတ်လပ်လပ် ဘုရားဝတ်ပြုတာနဲ့ ဖမ်းရောလား .. ဒါဆို တခြား ဘာသာခြားတွေဆိုရင် ဘယ်လိုနေမလဲ .. ဒီထက်ဆိုးမှာလား .. ကျမတို့တိုင်းပြည်ဟာ ဗုဒ္ဓဘာသာ သာသနာထွန်းကားတဲ့ တိုင်းပြည်ဆိုတာ ဟုတ်မှ ဟုတ်ပါသေးရဲ့လား … စဉ်းစားစရာပါ …

အန်တီစုရဲ့ပုံလေးတွေ လူတွေကို လိုက်ဝေတာဘာများ အပြစ်ရှိပါသလဲ။ အန်တီပုံလေးတွေ လက်ဝယ်ထားတာဟာ ပြစ်မှုကြီးတခုပါလား။ အကယ်လို့များ သန်းရွှေကြီးပုံကို အဲလိုလိုက်ဝေမယ်ဆိုရင် လက်ဝယ်ထားမယ်ဆိုရင်ရော ပြစ်ဒဏ်ဖြစ်မှာလား .. မတရားတာ ပြောပါတယ်။

အရှေ့က ဟန်ပြလွှတ်ပေးနေတာလေးကိုချည်းကြည့်ပြီး ကောင်းပါ၏၊ ဟုတ်ပါ၏၊ ကျေးဇူးတင်ပါ၏ .. ကုလသမဂ္ဂညီလာခံတက်မှာမို့ လွှတ်တာနေမှာ .. ဂျွန်ဝက်ဘ် လာလို့ လွှတ်ပေးတာနေမှာ .. ဘာဘာညာညာ ပြောနေတာထက် … အနောက်က တသီကြီးလိုက်ဖမ်းနေပြီး ထောင်ထဲမတရား အမှုဆင်ပြီး ထည့်ဖို့ ကြံစည်နေရုံတင်မက လက်တွေ့မှာလည်း လုပ်နေတာတွေကို ပိုပြီးပြောဖို့ အရမ်းကို လိုနေပါပြီ။ မြန်မာပြည်က လူတွေ အားလုံးသိရုံတင်မက ကမ္ဘာကလည်း သိဖို့လိုပါတယ်။

နောက်တခုက ကျော်ဆန်းဆိုတဲ့လူ ပြောတဲ့စကား။ မီဒီယာကို မီဒီယာနဲ့ ပြန်တိုက်မယ်ဆိုတဲ့ စကား။ အခုအချိန်မှာ ကြားနေ သိနေရတာတွေက ဒီ မီဒီယာကြောင့် အကျိုးရှိတာတွေဖြစ်လာတာတွေ ရှိသလို အကျိုးမရှိဖြစ်သွားတာတွေလည်းပါပါတယ်။ ကျော်ဆန်းကို အားပေးတာမဟုတ်သလို ပြည်ပမီဒီယာတွေကိုလည်း အားလျော့သွားအောင်လုပ်တာမဟုတ်ပါဘူး။
ဒီလိုပြောလို့ ကျမကို မီဒီယာ သမားတွေ မုန်းကြပါလိမ့်မယ်။ မင်းက ဘာမို့လို့ ငါတို့ကို ဒီလိုပြောရလဲလို့ ဆိုချင်ဆိုကြပါလိမ့်မယ်။
ဟုတ်ကဲ့ .. တကယ်တော့ ကျမ ဘာကောင်မှ မဟုတ်ပါဘူး။ ကျမဟာ သတင်းသမားလည်း မဟုတ်သလို နိုင်ငံရေးသမားလည်း မဟုတ်ပါဘူး။ ကျမဟာ ပြည်သူထဲက ပြည်သူပါပဲ။ ပြည်သူတယောက်အနေနဲ့ တွေးမိမြင်မိတာလေးတွေကို အပြုသဘောနဲ့ ဆွေးနွေးတာပဲဖြစ်ပါတယ်။

အခုဆိုရင် နအဖ ဖမ်းနေတဲ့ လူငယ်တွေဟာ မီဒီယာကို တတိန်တိန်တက်နေကြတဲ့ လူငယ်တွေပါတယ်ဆိုတာကိုတော့ ဘယ်သူမှ ငြင်းလို့ရမယ်မထင်ပါဘူး။ မင်းပြောမှလား ငါတို့သိသားပဲလို့ ပြောကြမှာပဲ။ ဟုတ်ပါတယ် သိကြပါတယ် .. ဒါပေမယ့် ဒီမီဒီယာတွေဆိုတာ ကိုယ့်ကို သတင်းပေးတဲ့ source တွေကို ဘယ်လောက်တန်ဖိုးထား ထိန်းသိမ်းကြပါသလဲ။
ကိုယ့်သတင်းပေးတဲ့ source လေးတွေကို ဘယ်လောက်များ ကာကွယ်မှုပေးကြပါသလဲ။ နာမည်မသုံးပေးပါနဲ့ဆိုရင် .. သတင်းမခိုင်လုံမှာစိုးလို့ ..ဆိုပြီး သုံးလိုက်တာတွေ … အသံမသုံးပါနဲ့ဆိုရင် အသံဖျက်လိုက်ရင် မကောင်းဘူး၊ အသံမပါရင် မခိုင်လုံဘူးဆိုပြီး သုံးလိုက်တာတွေ … အကြောင်းပြချက်အမျိုးအမျိုးနဲ့ နာမည်၊ အသံ စတာတွေ သုံးလိုက်ကြတာတွေ အများကြီးပါပဲ။ ကိုယ်သတင်းရမှ အလုပ်ဖြစ်မှာလားရှင် .. ကိုယ်တွေက အပြင်မှာ လွတ်လွတ်လပ်လပ်နေရတိုင်း အထဲက ကျီးလန့်စာစားနေနေရတဲ့သူတွေရဲ့ ဘ၀တွေကို မစာနာကြတော့ဘူးလား။

ဒီလူတွေ အဖမ်းခံရရင် ထောင်ထဲရောက်ရင် ရှင်တို့က ဘယ်လိုများ ကူညီမှုပေးကြမှာလဲ။ ဘာတွေများ လုပ်ပေးကြလို့လဲ။ သတင်းတင်ပြီး နိုင်ငံတကာသိအောင် လုပ်ပေးတယ်လို့ လွယ်လွယ်မပြောပါနဲ့ .. အဲဒီသတင်းတွေကြောင့် အာဟာရမဖြစ်ပဲ အဆိပ်ဖြစ်ပြီး ထောင်ထဲမှာ ခနခန ထုထောင်းခံနေရတာတွေကို ရှင်တို့သိကြမြင်ကြရဲ့လား …
သတင်းသမားကျင့်ဝတ်တွေ ဘာတွေ ရှိကြမှာပါ။ သတင်းရဖို့ သတင်းဦးဖို့ထက် ကိုယ်ရေးလိုက်တဲ့ သတင်းတပုဒ်ဟာ၊ စာလုံးတလုံး စာကြောင်းတကြောင်းဟာ သူများကို ထိခိုက်နိုင်သလား၊ ဘယ်လိုဖြစ်နိုင်မလဲဆိုတာလေး ကြိုတင်စဉ်းစားပြီး လုပ်ကြရင် ကောင်းမယ်ထင်ပါတယ်။

နောက်တခုက နအဖကဖြင့် မသိသေးဘူး။ စတိတ်မန့်တွေ ပလူပျံနေအောင်တင်ကြ၊ ကြေငြာချက်တွေထုတ်ကြနဲ့ ရန်သူကိုသတိပေးသလိုဖြစ်ပြီး အထဲမှာတော့ ပလူပျံနေအောင် အဖမ်းခံနေကြရတာ။ သတိထားဖို့လိုပြီထင်ပါတယ်။ သတင်းတပုဒ် မတက်လိုက်နဲ့ တက်လိုက်ပြီဟေ့ဆိုရင် အထဲမှာ အဲဒီသတင်းနဲ့ ဆက်စပ်တာတွေကို လိုက်ပြီး မျက်လုံးထောက်ထောက်ကြည့်နေကြတာပါ။ မထင်ရင် မထင်သလို လိုက်လိုက်ဆွဲနေတာပါ။

သတင်းတွေဆိုတာ မရှိမဖြစ်လိုအပ်တာမှန်ပေမယ့်၊ သတင်းတွေနဲ့ တိုက်ပွဲဝင်တာမှန်ပေမယ့် အဆိပ်တော့ မဖြစ်သင့်ဘူးလို့ ကျမထင်တယ်လေ။ မီဒီယာတွေပေါ်မှာ တိန်တောက်လိုက်တိုင်း နအဖက ကြက်ကလေး ငှက်ကလေးဖမ်းသလို ကွိခနဲ ဆွဲဆွဲသွားတာ အစဘယ်ရှာရကောင်းမှန်းမသိဖြစ်နေတာတွေကို စဉ်းစားဖို့ လိုပြီထင်ပါတယ်။ ပြည်သူတွေနဲ့ နိုင်ငံတကာကို သတင်းတွေ ဖြစ်ရပ်မှန်တွေ တင်ဆက်ပေးတာမှာ ရန်သူကိုပါ သတင်းပေးဖြစ်နေတာလိုပဲ။

တယောက်ကို မိသွားရာက တနွယ်ငင် တစင်ပါပြီး စွမ်းရည်ရှိတဲ့ လူငယ်တွေ အကုန် ထောင်နန်းစံရမှာကို ကျမ မလိုလားပါဘူး။ မဟုတ်တမ်းတရားတွေ စွပ်စွဲပြီး မရမက စွဲချက်တင် ထောင်ထဲအတင်းထည့်တာတွေ မဖြစ်စေချင်တော့ပါဘူး။ အလိမ္မာနဲ့ လှုပ်ရှားစေချင်ပါတယ်။

ပြည်တွင်းက လှုပ်ရှားသူတွေအနေနဲ့ကလည်း တဆိတ်ရှိ မီဒီယာတက်ပြော၊ တဆိတ်ရှိ မီဒီယာတက်ပြော .. မပြောနဲ့လို့ ကျမ မဆိုလိုပါဘူး။ ဒီလိုပြောမှလည်းဖြစ်မှာပါ။ ဒီလိုပြောမှလည်း ပြည်သူတွေက သိမှာမှန်ပါတယ်။ ဒါပေမယ့် ကိုယ့်လုံခြုံရေးကို ကိုယ်ကြည့်ကြပါအုံး။ ကြာကြာဝါးမယ့်သွား အရိုးကြည့်ရှောင်ဆိုတဲ့ ဆိုရိုးရှိတာကို အလေးမထား မလိုက်နာပဲ နေလို့မရပါဘူး။
ဘယ်သူမဆို ကိုယ်လုပ်တဲ့အလုပ်ကို ဂုဏ်ယူချင်ကြတယ်၊ ကိုယ်လုပ်တဲ့အလုပ်ကို လူသိစေချင်ကြတယ်ဆိုတာ သဘာဝပါ။ ဒါပေမယ့် ကိုယ်တွေလုပ်နေတဲ့အလုပ်ဟာ ကောက်ရိုးမီးလိုပဲ ဟုန်းခနဲ့ ထတောက်ပြီး ခနတဖြုတ်ပဲလုပ်မှာလား။ ရေရှည်လုပ်မှာလားဆိုတာ စဉ်းစားကြဖို့လိုပါတယ်။

မင်းကကြောက်လို့ပြောတာလား။ မင်းကရော ဘာတွေလုပ်နေလို့လဲ။ မင်းကြောက်တတ်ရင် မင့်ဘာသာနေပါ့လား။ ငါတို့က ထောင်ကျလဲကျ ဆိုလာရင်တော့ .. ဟုတ်ကဲ့ ကျမကြောက်တတ်တာမှန်ပါတယ်။ ကျမ ရှင်တို့လို သတ္တိရှိရှိ ဘာမှမလုပ်ရဲပါဘူး။
ကျမက ကိုယ်လုပ်တဲ့ လုပ်ငန်းတွေ အကောင်အထည် မဖော်နိုင်သေးခင် ဘယ်သူ့ကိုမှ နအဖ လက်ထဲမရောက်စေချင်တဲ့ စေတနာနဲ့ပါ။ ဘယ်သူ့ကိုမှ စရဖက အဆင့်မရှိတဲ့ကောင်တွေ ရိုက်ပုတ် ကန်ကြောက်တာတွေကို မခံစေချင်ပါ။ အသံကြောင့် ဖားသေ ဆိုသလို မီဒီယာမှာ တတိန်တိန် အရင်တက်လာပြီး အဖမ်းအဆီးခံလိုက်ရတော့ လုပ်မယ်လို့ ရည်ရွယ်ထားတာလေးတွေ မလုပ်ဖြစ်ပဲ အပျက်အပျက်နဲ့ နှာခေါင်းသွေးထွက်တဲ့အခြေအနေတွေ ဖြစ်နေတာ လက်တွေ့ပါ။ ဘာဆိုဘာမှ မလုပ်လိုက်ရပဲ အကျိုးအမြတ်မရှိ အလဟဿ လည်စင်းခံပေးနေရာတာတွေ ဖြစ်သင့်လား မဖြစ်သင့်လားဆိုတာ စဉ်းစားကြပေါ့ရှင်။ အခုအချိန်ဟာ အတွင်းမှာ လှုပ်ရှားနေတဲ့ လူတယောက်ဆိုလည်း တယောက် အင်အားလျော့တယ်ဆိုတာ သိနေကြတာပဲ။ သတိလေး ချပ်စေချင်ပါတယ်။

နောက်တခုက ကင်မရာတွေအကြောင်းပါ။ ကျမသူငယ်ချင်းကပြောတယ်။ တနေ့ သူရန်ကုန်ရောက်တော့ မြို့တော်ခမ်းမနား ဓာတ်ပုံရိုက်ချင်တာ အဲဒီနားမှာ ရဲတွေက သူ့ကိုချည်းကြည့်နေတာနဲ့ သူစိတ်ထဲ တမျိုးပဲတဲ့။ ဓာတ်ပုံ ရိုက်သာလာရတယ် နောက်ကျောမလုံသလိုပဲ။ စင်ကာပူမှာဆို ဓာတ်ပုံရိုက်တာဆိုတာ ဘာမှ အထူးအဆန်းမဟုတ်ဘူးတဲ့။ မြန်မာတွေ အဲလို ရိုက်လေ့ရိုက်ထမရှိတာ လူရှေ့သူရှေ့ ရှက်တတ်တာ သိပါတယ်တဲ့။ သူ့အသိ သတင်းထောက်တွေကိုပြောပြတော့ ပြည်ပက မီဒီယာတွေမှာ လှို့ဝှက်လုပ်နေတဲ့ သတင်းထောက်တွေလားဆိုပြီး သကောင့်သားတွေက ကင်မရာ၊ ဗီဒီယို ကင်မရာ ကိုင်တဲ့သူတွေကို အန္တရယ်ကောင်လို စောင့်ကြည့်နေကြတော့ သူတို့ပြည်တွင်းသတင်းထောက်တွေတောင် နောက်ကျောမလုံဘူး။ သာမန်ပြည်သူတွေတောင် အလှဓာတ်ပုံလေးဘာလေး ရိုက်ချင်ရင် မရဲဘူးလို့ ပြောပါသတဲ့ …
အော် .. ဘယ်နေရာမှ မလွတ်လပ်တဲ့ ဘ၀ပါလားနော် …

ဒီကြားထဲမှာလည်း အသားထဲက လောက်ထွက်တဲ့ သစ္စာဖောက်တွေက ရှိသေးတယ်ရှင်။ ကိုယ်လည်း မြန်မာလူမျိုးတယောက်ပဲရှင် .. ကိုယ့်မြန်မာအချင်းချင်း ချောက်တွန်းပြီး ထောင်တွင်းပို့တာတော့ ဘယ်လိုစိတ်ဓာတ်မျိုးတွေလည်း နားကိုမလည်နိုင်တော့ပါဘူး။ ချင်းမိုင်မှာဆိုရင် မြန်မာအဖွဲ့အစည်းတွေရဲ့ရုံးတွေကို ထိုင်းရဲတွေနဲ့ ၀င်စီးပြီး လူတွေဖမ်းတာတွေ … ဒါမျိုးတွေ လုပ်ရက်တယ်ရှင် …
နဂိုကမှ ကိုယ့်တိုင်းပြည်ထဲ ကိုယ်နေတာ လူဖြစ်ရခြင်း၏ အခွင့်အရေးလေး မြူမှုန်လောက်တောင် မရရတဲ့အထဲမှာရှင် ..
နအဖ အဖွဲ့က စရဖ တွေ၊ စွမ်းအားရှင်တွေ ဆိုတာကိုလည်း သြချမိပါတယ်။ ဒီလူတွေဟာ ဗုဒ္ဓဘာသာတွေမှ ဟုတ်ပါရဲ့လားရှင် … ဘာသာရေး အဆုံးအမ မရှိကြဘူးလား … သားသမီးချင်း၊ နှမချင်း ကိုယ်ချင်း စာနာစိတ်တွေ မရှိကြတော့ဘူးလားရှင် …
မကောင်းတာလုပ်ရင် မကောင်းတာ ပြန်ခံရမယ်ဆိုတဲ့ ၀ဋ်ဆိုတာ လည်တတ်တယ်ဆိုတဲ့ ကံ ကံ၏ အကျိုးတရားကို မသိကြတာလား၊ နားမလည်တာလား၊ ကိုယ်တိုင်မကြုံသေးလို့ မသိသေးတာလား၊ ဒါမှမဟုတ် ကိုယ့်စားဝတ်နေရေးအတွက် မစို့မပို့ဝင်ငွေလေး ပျောက်သွားမှာစိုးလို့လား ကျမမသိပါ။

နအဖ ဖိလွန်းလို့ နင်းပြားဖြစ်နေတဲ့ ပြည်သူတွေကို အဆိပ်တွေနဲ့ ထပ်ပြီး မထိုးချကြပါနဲ့ရှင် ..
သစ္စာဖောက်လက်ထောက်ချတဲ့ စိတ်ဓာတ်ယုတ်ညံ့တဲ့သူတွေရော .. ကြိုးဆွဲရာ လိုက်ကပြီး ရုန်းထွက်ဖို့ မကြိုးစားပဲ ကြီးနိုင်ငယ်ညှင်း စိတ်ဓာတ်ရှိတဲ့ သူတွေရော .. သူတို့အားလုံး အမြင်မှန်ရပြီး ကိုယ့်တဦးတယောက်တည်းအတွက်မကြည့်ပဲ တိုင်းပြည်တခုလုံးအတွက် အနာဂတ် ကလေးငယ်လေးတွေအတွက် ကိုယ်ချင်းစာစိတ်နဲ့ သိမြင်နားလည်တတ်ကြပါစေ၊ ဒီလိုပဲ ပြည်တွင်းပြည်ပ မီဒီယာ ကြီးကြီး ငယ်ငယ် ပိစိတွေရော ဘလော့ဂ်ဂါတွေပါမကျန် ပြည်တွင်းက တက်ကြွလှုပ်ရှားသူတွေအဆုံး ဘယ်အလုပ်မဆို ကြိုတင်တွေးဆဆင်ခြင်ပြီး အလိမ္မာနဲ့ အားလုံး အန္တရယ်ကင်းတဲ့လမ်းကိုလျှောက်လို့ မိမိလိုရာ တိုက်ပွဲ ဆင်နွှဲအောင်မြင်ကြပါစေလို့ပဲ ကျမဆုတောင်းပါတယ်ရှင်။

ပြည်တွင်းမှ ညီမငယ် တဦး ပေးပို့သည်။

No comments: