-->

Tuesday, November 3, 2009

ဘ၀တူချင်းတွေရဲ့ ကြီးနိုင်ငယ်ညှင်း လုပ်ရပ်

မကွေးတိုင်းပခုက္ကူခရိုင် ဝါဇီမှာရှိတဲ့ လုံခြုံရေးနဲ့ဆိုင်တဲ့ ပုံနှိပ်လုပ်ငန်းစက်ရုံ ဆေးတပ်ဖွဲ့က တပ်သားကို အထက်အရာရှိက အပြစ်ပေးတာမှ လက်လွန်ပြီး သေဆုံးသွားတာကို အရေးမယူပေးပဲ ထိန်ချန်ထားလို့ မိသားစုနဲ့ ၀န်ထမ်းတွေက မကျေမနပ်ဖြစ်နေကြပါတယ်။

ဆေးတပ်ဖွဲ့က ကိုယ်ပိုင်အမှတ် တ/၃၇၉၆၂၈ တပ်သား ထွန်းသက်အောင်ဟာ အရက်သောက်တယ်ဆိုပြီး ကိုယ်ပိုင်အမှတ် တ၊၈၉၃၆၇၃ အရာခံဗိုလ် ဇော်မျိုးအောင်က ဖမ်းဆီးအပြစ်ပေးခဲ့ပါတယ်။


အပြစ်ပေးတာ ၂ ရက်အကြာမှာ လက်လွန်ပြီး တပ်သားထွန်းသက်အောင်သေဆုံးသွားခဲ့ပါတယ်။ အခုလိုသေဆုံးရတာဟာ ဖမ်းဆီးထားစဉ်မှာ မတရား ညှင်းပန်းနှိပ်စက်ခံရတာကြောင့်ဖြစ်တယ်လို့ စက်ရုံဝန်ထမ်းတွေကဆိုပါတယ်။

“ဆေးရုံဝင်းထဲက အောက်ထပ်မှာရှိတဲ့ ရှစ်ပေပတ်လည်အခန်းထဲမှာ ခြောက်ပေါက်ထဲမှာ ကလေးကို ထိပ်တုံးခတ်ထားတယ်။ ဒီကလေးကို ဖမ်းတုန်းက သူက ထိပ်တုံးကိုဖမ်းပြီးတော့ ပြေးခိုင်းတယ်။ ပြေးတာ အရှိန်လျှော့ရင် နောက်ကနေ လေးခွနဲ့ပစ်တယ်။ နောက်ပြီးတော့ တံတောင်နဲ့ဒူးနဲ့ထောက်ပြီးတော့ ကွန်ဂရစ်လမ်းပေါ်မှာ ပြေးခိုင်းတယ် အရှိန်လျှော့ရင် နောက်ကနေ ပိတ်ကန်တယ်။ နောက် ထိပ်တုံးခတ်တယ်၊ ထိပ်တုံးခတ်ပြီးတော့ အဲဒီ ထိပ်တုံးအပြင်မှာထွက်နေတဲ့ ခြေထောက်ကို စစ်ဖိနပ်နဲ့နင်းပြီးတော့ မျက်နှာကို လက်သီးနဲ့ထိုးတယ်။ နောက်ပြီးတော့ ဒုတ်နဲ့ရိုက်တယ်၊ လည်ပင်းကို ခါးပတ်နဲ့ပတ်ပြီးတော့ တရွတ်တိုက်ဆွဲတယ်။ ၄၆ နာရီကြာတယ်။ မိဘတွေ သွားတဲ့အချိန်မှာ ဒီကလေးက တောင့်ပြီး အေးတောင်နေပြီ” လို့မိသားစုနဲ့ နီးစပ်သူတယောက်က ပြောပြပါတယ်။

သေဆုံးသူရဲ့အလောင်းကို ဘာဆေးစစ်ချက်မှမယူပဲ ဒီအတိုင်း မိသားစုကိုခေါ်ပြီး သဂြိုဟ်လိုက်တယ်လို့ဆိုပါတယ်။ နှိပ်စက်ညှင်းပန်းတဲ့သူ အရာခံဗိုလ် ဇော်မျိုးအောင်ကိုတော့ ခုချိန်ထိအရေးယူပေးတာမရှိသေးပဲ သေဆုံးသူရဲ့မိသားစုတွေကို တိုင်တန်းမှုတွေမလုပ်ဖို့ အထက်အရာရှိတွေက ခြိမ်းခြောက်ထားတယ်လို့သိရပါတယ်။

သေဆုံးသူ မောင်ထွန်းသက်အောင်ရဲ့ ဖခင် ဦးခင်မောင်ညိုဟာလည်း ဒီစက်ရုံမှာ အရပ်ဖက် အရာခံဗိုလ်အဆင့်လောက်ရှိတဲ့ ဝန်ထမ်းတဦးဖြစ်တယ်လို့ပြောပါတယ်။ သူတို့မိသားစုဟာ စက်ရုံနယ်မြေမှာ လ္ဘက်ရည်ဆိုင်ဖွင့်ပြီးရောင်းချနေတာက တကြောင်း ဝန်ထမ်းတွေဖြစ်တာကတကြောင်းကြောင့် မကျေနပ်ပေမဲ့ ဘယ်လိုမတတ်နိုင်ပဲ ကြိတ်မှိတ်နေရတယ်လို့ ဆွေမျိုးသားချင်းတွေက ပြောကြပါတယ်။

အညာနွေတမာမြေ

No comments: