-->

Wednesday, November 4, 2009

အတွေး အပိုင်းအစများ

သူငယ်ချင်းတယောက်ပေးလာတဲ့ လင့်ခ်လေးကို နှိပ်ကြည့်မိလိုက်တဲ့ခဏ …

မရမ်းနုရောင် ၀တ်စုံ၊ တည်ကြည်တဲ့ အပြုံး၊ စူးရှတဲ့မျက်ဝန်း၊ အေးချမ်းတဲ့ မျက်နှာနဲ့ ကျက်သရေရှိလှတဲ့ အမျိုးသမီးတဦး …
သူ့ပတ်ဝန်းကျင်မှာ အနောက်တိုင်း ၀တ်စုံကို သပ်သပ်ရပ်ရပ် ၀တ်ထားတဲ့ အနောက်တိုင်းသား နှစ်ယောက်။ ပြီးတော့ ကင်မရာတွေ ကိုယ်စီနဲ့ သတင်းထောက်တွေ …


ဒါဟာ မြန်မာပြည်သူလူထုက သိပ်မြတ်နိုးလေးစားတဲ့ အန်တီစု … အင်းယားလိတ် ဟိုတယ်မှာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kurt Campbell နဲ့ တွေ့တဲ့အချိန်က ပုံလေးတွေပါပဲ။

အဲ့ဒီ အနောက်တိုင်းသားနှစ်ယောက်ရဲ့ မျက်နှာမှာ အန်တီစုကို လေးစားတဲ့ အမူအရာတွေ တွေ့ရသလို ကင်မရာတွေတဖျတ်ဖျတ်နဲ့ သတင်းထောက်တွေရဲ့မျက်နှာတွေပေါ်မှာလည်း အန်တီ့ကို ချစ်ခင်လေးစားတဲ့ ဟန်ပန် အမူအရာတွေ

ကျမအဖို့တော့ အန်တီ့မျက်နှာလေးကြည့်ရတာ သိပ်ကျက်သရေ ရှိပါတယ်။ အန်တီကို အခုလို ပုံစံလေးနဲ့ တွေ့လိုက်ရတာ သိပ်ဝမ်းသာတာပါပဲ။ အန်တီ့ အမူအရာလေးတွေက သိပ်ချစ်စရာ ကောင်းလှပါတယ်။

ကျမချစ်တဲ့ အန်တီစုရဲ့ ပုံလေးတွေကို ဖော်ပြလို့ မရနိုင်တဲ့ ခံစားမှုတွေနဲ့ ကြည့်နေရင်းနဲ့လေ … ကြံကြံဖန်ဖန် တွေးစရာလေးတွေ စိတ်ထဲပေါ်လာပါတယ်…

အန်တီ့မျက်နှာဖောင်းဖောင်းလေးက ကျန်းမာရေးကောင်းလို့ သာမန် ပြည့်ဖောင်းတာမျိုးလေးမှ ဟုတ်ရဲ့လား … နေမကောင်းလို့ ဆေးတွေစားရလို့ အန်းတန်းတန်းဖြစ်နေတာမျိုးလား …

ဖွေးဥနေတဲ့ အသားအရေလေးမှာ ၀တ်ထားတဲ့ မရမ်းနုရောင်ဝတ်စုံလေးက အရောင်ဟပ်နေလို့သာ အန်တီ့ ပါးနဲ့ နှုတ်ခမ်းလေးမှာ ပန်းနုရောင် သန်းနေတာလား … အန်တီဝတ်ထားတဲ့ ၀တ်စုံလေးသာ မရမ်းနုရောင်မဟုတ်ရင် အန်တီ့မျက်နှာလေး ဖြူဖပ်ဖြူရော်
ဖြစ်နေမလား …

အန်တီက နှုတ်ခမ်းနီ ကြိုက်တယ်လို့ ကြားဖူးထားတာ … အခု ဘာလို့ နှုတ်ခမ်းနီ မဆိုးထားတာလဲ … ပန်းကြိုက်တဲ့ အန်တီ့ခေါင်းမှာ ပန်းတွေ မတွေ့ရဘူးနော် …

အန်တီ့မျက်ဝန်းထောင့်နဲ့ လည်တိုင်မှာ ဇရာရဲ့အရိပ်ယောင်တွေ ...

နူးညံ့တဲ့ လက်တစုံက ပွေ့ထားတဲ့ အိတ်လေးထဲမှာ ဘာတွေများ ထည့်လာပါလိမ့် …

ရှားနှစ်ရောင် ကတ္တီပါ ပုံတော်ဖိနပ်လေးပေါ်က ဖွေးဥနေတဲ့ အန်တီ့ခြေဖ၀ါးလေးတွေက ပြင်ပက နေရောင်ခြည်နဲ့ လေနုအေး ထိတွေ့ခွင့်မရတဲ့ အပင်လေးတွေလိုများလား …

အန်တီစုရဲ့ ပုံစံလေးဟာ နွမ်းလျနေတဲ့ပုံစံဖြစ်နေပေမယ့် .. အပြုံးတွေဟာ လန်းဆန်းနေတယ် … ဟန်ပန်တွေက တက်ကြွနေတယ်။ နုပျိုမှုကို ဇရာက လုယူနေပေမယ့် မျက်ဝန်းတွေက စွန်ရဲတကောင်လို စူးရှနေတယ် ..

ပါးလျလျနှုတ်ခမ်းတွေပေါ်က အပြုံးဟာ ဟန်ဆောင်မှုစိုးစင်းမရှိပဲ တည်ကြည်လေးနက်လွန်းလို့ မြင်ရသူတွေအဖို့ အေးချမ်းသွားပြီး ချစ်ခင်လေးစားမှုတွေ ဖြစ်ပေါ်စေတယ်လို့ ကျမမြင်ပါတယ်။

နိုင်ငံရေးကိစ္စ၊ တိုင်းရေးပြည်ရာတွေကို အပထားလို့ အခုလို အပြင်ထွက်ခွင့်ရတော့ သာမန်လူတယောက်အနေနဲ့ အန်တီဘယ်လိုများခံစားရမလဲ …

အင်းယားလမ်းက အိမ်လေးထဲ ပြန်ရောက်တဲ့အချိန် အန်တီစု ဘာလုပ်နေမလဲ …

သူချစ်တဲ့တိုင်းပြည်နဲ့ ပြည်သူတွေအတွက် ကိစ္စရပ်တွေကို ဆွေးနွေးအပြီးမှာ အန်တီတယောက် မောပန်းနေမလား .. ဒါမှမဟုတ် ရှေ့ဆက် လုပ်ဆောင်ရမယ့်ကိစ္စတွေကို စဉ်းစားတွေးတောနေလေမလား …

မာန်

ပုံလေးတွေရဲ့ မူရင်း လင့်ခ်က ဒီမှာ ပါ ...

No comments: