-->

Thursday, November 5, 2009

အရေးကြီးပုဂ္ဂိုလ်ကြောင့် နစ်နာရသူ

ကာကွယ်ရေးဝန်ကြီးဌာနက ဒုတိယ ဗိုလ်ချုပ်ကြီး သာအေးဟာ အောက်တိုဘာ ၃၁ ရက်နေ့က ပခုက္ကူကို လာရောက်ခဲ့ပါတယ်။ သူ့ခရီးစဉ်မှာ လိုက်ပါလာတဲ့ကားတန်းက ကားတစီးဟာ ပခုက္ကူမြို့နဲ့ မိုင်၂ဝ အကွာ လောက်မှာရှိတဲ့ မြစ်ခြေအုပ်စု သိမ်တော်ရွာနားအရောက်မှာ ကားဘီးပေါက်ပြီး လမ်းဘေးမှာ ဆိုင်ကယ်နဲ့ ရပ်နေတဲ့ မြစ်ခြေမြို့က ကိုမျိုးဆန်းကို ဝင်တိုက်မိခဲ့ပါတယ်။

တိုက်တဲ့ကားက VIP ယာဉ်တန်း ၃ စီးမြောက်၊ double cap အနီရောင်၊ ကားနံပါတ်က ဈ/၉၂၄၇ လို့ဆိုပါတယ်။ အဲ့ဒီကားက ဘီးပေါက်ပြီး လမ်းဘေးမှာ ရပ်နေတဲ့ ကိုမျိုးဆန်းကို တိုက်မိတာပါတဲ့။ တိုက်မိတဲ့အချိန်မှာ လုံခြုံရေးတွေက ၀ိုင်းထားပြီးတော့ ကြည့်နေတဲ့သူတွေကို မကြည့်ခိုင်းပဲ အိမ်ထဲ အတင်းပြန်ဝင်ခိုင်းတယ်လို့ မျက်မြင်တွေက ပြောပါတယ်။

အဲဒီနောက်မှာတော့ ည ၁၀ နာရီခွဲလောက်မှာ မြစ်ခြေဆေးရုံရောက်ပြီး အဲဒီကနေ ပခုက္ကူဆေးရုံကို ပို့လိုက်တယ်လို့ ဦးလေးဖြစ်သူက ပြောပြပါတယ်။ ည ၁၂ ခွဲ ပခုက္ကူဆေးရုံရောက်တော့ ဆေးရုံက ဦးနှောက်နဲ့ အာရုံကြောနဲ့ သက်ဆိုင်နေတာကြောင့် သူတို့မကုသပေးနိုင်တာမို့ မန္တလေးဆေးရုံကို သွားဖို့ ပြောပါတယ်တဲ့။ ဒါနဲ့ မန္တလေးသွားဖို့ လုပ်တော့ ဗီအိုင်ပီကားနဲ့ဖြစ်တဲ့ကိစ္စဖြစ်နေလို့ ကားပိုင်ရှင်တွေက လိုက်မပို့ရဲကြဘူးလို့ ပြောပါတယ်။

နောက်တော့မှ ပခုက္ကူက နာရေးကူညီမှုတွေလုပ်နေတဲ့ ဘုန်းတော်ကြီးတပါးရဲ့အကူအညီနဲ့ မန္တလေးဆေးရုံကြီးကို သွားနိုင်ခဲ့ပါတယ်။ အခုအချိန်မှာတော့ လူနာအခြေအနေက ကောင်းမွန်သက်သာလာပေမယ့် ဆေးကုသစရိတ် ၁၃ သိန်းနီးပါး ကုန်ကျခဲ့ပါတယ်။ တိုက်သွားတဲ့ဖက်ကလူတွေကတော့ ဘာအကူအညီမှလည်း မပေးတဲ့အပြင် တိုက်တဲ့ကားနဲ့ယာဉ်မောင်းကိုလည်း အမှုဖွင့်အရေးယူတာမျိုး ဘာမှမလုပ်ပေးတာကြောင့် မိသားစုတွေက မကျေမနပ်ဖြစ်နေကြတယ်လို့ ဦးလေးဖြစ်သူက ပြောပြသွားပါတယ်။

အညာနွေတမာမြေ

No comments: