-->

Tuesday, November 3, 2009

၂၀၀၉ တန်ဆောင်တိုင် ကျီးမနိုးပွဲ လှုပ်ရှားမှုများ

နိုဝင်ဘာ ၁ရက်မှာ ကျရောက်တဲ့ တန်ဆောင်မုန်းလပြည့်နေ့ တန်ဆောင်တိုင်ပွဲတော်နဲ့ ကျီးမနိုးပွဲကာလမှာ မန္တလေးနဲ့ ရန်ကုန်က ဒီမိုကရေစီအလိုရှိတဲ့ လူငယ်လေးတွေရဲ့ လှုပ်ရှားမှုတွေကိုတွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မန္တလေးက တန်ဆောင်တိုင်ပွဲ ညနေခင်းမှာ ပိုက်ဆံတွေ ကျဲဖြန့်တဲ့အထဲမှာ ၂ဝ၁ဝ ရွေးကောက်ပွဲအလိုမရှိ သံဃာသတ်အစိုးရအလိုမရှိ စတဲ့စာတန်းတွေကို တံဆိပ်ရိုက်နှိပ်ထားတဲ့ ၅ ကျပ်တန်ကနေ ၂၀၀ တန်အထိ ငွေစက္ကူတွေပါတယ်လို့ မြို့ခံတွေက ပြောပြပါတယ်။


ဘယ်အဖွဲ့က လုပ်တယ်မှန်း မသိပေမယ့် ပိုက်ဆံတွေပေါ်မှာ သံဃာသတ်အစိုးရ နိုး၊ စစ်အာဏာရှင်စနစ် နိုး။ နာဂစ်အခြေခံဥပဒေ နိုး။ ဆိုတဲ့ စာတမ်းတွေက သုံးမျိုးပါတယ်။ အဲဒီပိုက်ဆံတွေထဲမှာ ၁၅ ကျပ်တန်တောင်ပါတယ်လို့ ဆိုကြပါတယ်။

RFA သတင်းဌာနက သတင်းတခုမှာတော့ ဒီလှုပ်ရှားမှုကို လူထုလှုပ်ရှားမှု ဖေါ်ဆောင်ရေးနဲ့ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအဖွဲ့(လဖစတ) က လုပ်ခဲ့တာလို့ဖော်ပြထားပါတယ်။

သံဃာကို ဒုက္ခပေး ပြည်သူကို ကျွန်လို့မှတ်၊ နာဂစ်ခံရတဲ့အချိန် မတရား အတည်ပြုထားတဲ့ ဥပဒေနဲ့ ထိုသူတို့ကို ဆက်လက်အုပ်ချုပ်ခွင့် ပေးမည်လား ဆိုပြီးတော့ဝေတာဖြစ်တယ်လို့ အဲ့ဒီသတင်းမှာ ဖော်ပြထားပါတယ်။

ရန်ကုန်မြို့က ကျီးမနိုးပွဲ လုပ်တဲ့အချိန်မှာတော့ လမ်းမတော်မြို့နယ်က တန်ဆောင်တိုင်ပွဲတော် လုပ်တဲ့နေရာ လမ်းမပေါ်မှာ “သန်းရွှေအစိုးရအလိုမရှိ။ ၂ဝ၁ဝ အလိုမရှိ” ဆိုတဲ့စာတွေကို ကတ္တရာလမ်းပေါ်မှာ ဆေးနီတွေနဲ့မှုတ်ထားတာတွေ့တယ်လို့ လမ်းမတော်က မျက်မြင်တွေကပြောပါတယ်။

မနက်ပိုင်းမှာတော့ အဲဒီစာတမ်းတွေကို အာဏာပိုင်တွေက ကတ္တရာတွေဖုန်းပြီး ဖျက်ပစ်နေတယ်လို့ ပြောပြကြပါတယ်။
ဒီလှုပ်ရှားမှုကို လုပ်တာကတော့ မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်နဲ့ အကောင်းဆုံးမြေသြဇာအဖွဲ့ကလို့ သိရပါတယ်။

အကောင်းဆုံးမြေသြဇာအဖွဲ့ဟာ တောင်ဒဂုံရပ်ကွက်မှာလည်း ဖရီးဘားမားဆိုတဲ့စာတွေ၊ ၂ဝ၁ဝ အလိုမရှိဆိုတဲ့ စာတွေ၊ ပိုစတာတွေ ကပ်ခဲ့တယ်လို့ သိရပါတယ်။

အညာနွေတမာမြေ

No comments: