-->

Wednesday, November 11, 2009

အမျိုးသားနေ့ ဆိုတာ

အမျိုးသားနေ့ …

ငယ်ငယ်က ကျောင်းမှာ အမျိုးသားနေ့ရောက်တိုင်း ကဗျာပြိုင်ပွဲမှာ လက်သီးလက်မောင်းတန်းရင်း ရွတ်ခဲ့ဖူးတဲ့ ကဗျာလေး .. အခုအချိန် အလွတ်မရတော့ … “အမျိုးသားနေ့ တို့မမေ့” ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးခဲ့ဖူးတဲ့ စာစီစာကုံးလေးတွေ … ဘယ်အချိန် ဘယ်နေ့ကစလို့ အဲ့ဒီခေါင်းစဉ်ကို မရေးရတော့တာလဲ ဆိုတာကိုလည်း မမှတ်မိတော့ …

ဒါပေမယ့် “တန်ဆောင်မုန်းလပြည့်ကျော် ဆယ်ရက်နေ့သည် အမျိုးသားနေ့ဖြစ်သည်” လို့ ငယ်ငယ်က နှုတ်တိုက်ရွတ်ခဲ့တဲ့ စာတမ်းလေးကို အမြဲမှတ်မိနေတယ်။ တန်ဆောင်မုန်း လပြည့်ကျော်ပြီဆိုရင် အမျိုးသားနေ့ ရောက်တော့မှာပဲဆိုတာကို အမြဲ အမှတ်ရှိနေတယ်။ ကျောင်းသားလူငယ်တိုင်း ပညာသင်ခွင့်မရနိုင်အောင် ကန့်သတ်ထားတဲ့ ကိုလိုနီခေတ် ပညာရေးကို ဆန့်ကျင်ဆန္ဒပြရာကနေ အမျိုးသားနေ့ဖြစ်လာတယ်ဆိုတာ အမြဲအမှတ်ရနေတယ်။

အမျိုးသားနေ့ရယ်၊ ကျောင်းသားလူငယ်တွေရယ်၊ ရွှေတိဂုံ ရင်ပြင်တော်ပေါ်က ပထမ ကျောင်းသားသပိတ် အထိမ်းအမှတ်ကျောက်တိုင်ရယ် ဆက်စပ်နေတယ်ဆိုတဲ့ အသိက အခုထိ ရှိနေသေးတယ်။ မောင်ငယ် ညီမငယ်တွေကိုလည်း အဲ့ဒီအကြောင်းတွေ ကိုယ်သိသလောက် အမြဲပြောပြဖြစ်နေသေးတယ်။

ဒီနေ့ အမျိုးသားနေ့ … ၈၉ နှစ်ပြည့် … ကျမချန်ခဲ့တဲ့ တိုင်းပြည်လေးမှာတော့ .....

ကျမချန်ခဲ့တဲ့ တိုင်းပြည်လေးမှာတော့ ..... ဘယ်လိုအခမ်းအနားတွေ ဘယ်မှာ ကျင်းပနေလဲ ကျမ မသိရ။

သေချာတာကတော့ အခုနောက်ပိုင်းကလေးတွေ ကျောင်းတွေမှာ ကျမတို့ ငယ်ငယ်တုန်းကလို အမျိုးသားနေ့ အထိမ်းအမှတ် ဟောပြောပွဲတွေ၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲတွေ မရှိတော့ရုံသာမက၊ သင်နေရတဲ့ မြန်မာ့သမိုင်းမှာတောင် ဒီအကြောင်း ကျမတို့တုန်းကလို အကျယ်တ၀င့် မပါတော့ဘူး … သူတို့လေးတွေအဖို့ အမျိုးသားနေ့ဆိုတာ ကျောင်းပိတ်ရက်တရက် ဆိုတာကလွဲလို့ ဘာဟောပြောပွဲ၊ ဘာကဗျာပြိုင်ပွဲမှ မသိကြတော့ဘူး ဆိုတာပါပဲ။

စိတ်မကောင်းစရာတခုကတော့ ရွှေတိဂုံ ရင်ပြင်တော်ပေါ်က ကျောင်းသားသပိတ် ကျောက်တိုင်ကို စစ်အစိုးရက ကြည့်မရ၊ လေ့လာလို့ မရတော့အောင် အတားအဆီးတွေ လုပ်ထားတယ်ဆိုတာပါပဲ။

ဒါတွေအပြင် ကျမ စိတ်အထိခိုက်ဆုံးကတော့ ကိုယ်တိုင်ကြုံတွေ့လိုက်ရတဲ့ ပြည်ပက အမျိုးသားနေ့ အထိမ်းအမှတ်ပွဲလေးတခုပါ။
အဲ့ဒီ အထိမ်းအမှတ် အခမ်းအနားလေးမှာ တက်လာတဲ့လူက ၂၀ မပြည့်တပြည့်။ မြန်မာပြည်သားတွေ အများကြီးရှိနေတဲ့ နေရာက မြန်မာပြည်သားတွေ အမျိုးသားနေ့ကို မေ့များမေ့နေရော့သလား။ အမျိုးသားနေ့ဆိုတာ ငါတို့နဲ့ မဆိုင်လို့များ သတ်မှတ်ထားလေကြသလား … အမျိုးသားနေ့ဆိုတာကို လုံးဝများ မသိကြတာလား … ဘာအကြောင်းတွေကြောင့်များ … ဘာတွေဖြစ်လို့များ ……

ခေါင်းထဲ အတွေးတွေ ချာချာလည်အောင် တွေးပေမယ့် အဖြေကို ရှာမတွေ့ခဲ့ပါဘူး။

ဝမ်းနည်းနေတဲ့ ကျမနားထဲ ၀င်တချက် မ၀င်တချက်ဖြစ်နေတဲ့ စကားအပိုင်းအစလေးတွေက ၀မ်းနည်းစိတ်ကို ဒေါသဖြစ်အောင် နှိုးဆွနေသလို …

ကျမခံစားမိတာတခုပဲ ရှိပါတယ်။ ဒီအမျိုးသားနေ့ဆိုတာ အမျိုးသားအောင်ပွဲနေ့ .. တိုင်းရင်းသားလူမျိုးတွေ အားလုံးနဲ့ သက်ဆိုင်တဲ့နေ့ … မတရားသဖြင့် အုပ်ချုပ်မင်းလုပ်ခဲ့တဲ့ ကိုလိုနီစနစ်ကို စတင်တော်လှန်ခဲ့တဲ့ ပထမကျောင်းသားသပိတ် စတဲ့နေ့ … မြန်မာပြည်ဖွား တိုင်းရင်းသားပေါင်းစုံပါဝင် တိုက်ပွဲဝင်တဲ့နေ့ … အမျိုးသားရေးစိတ်ဓာတ် နိုးကြားစေတဲ့နေ့ … စစ်အဆိုးရက အနာဂတ် ကျောင်းသားလူငယ်တွေရင်ထဲကနေ မပျောက်ပျောက်အောင် လုပ်နေတဲ့နေ့

… အဲဒီနေ့ကို အမြဲအမှတ်ရရှိနေရမယ်၊ မျိုးဆက်သစ်တွေကို အမျိုးသားရေးစိတ်ဓာတ် လက်ဆင့်ကမ်းပေးရမယ့်ဟာကို ကိုယ်ကိုယ်တိုင်ကမှ စိတ်ဝင်တစားမရှိ ကိုယ်နဲ့မဆိုင်သလို ဖြစ်နေကြလေတော့ …

ဟိုး အဝေးက လူပင်လယ် ကွင်းကျယ်ကြီးထဲမှာတော့ လက်ခုပ်လက်ဝါးသံ … ပျော်ရွှင်စွာ ရယ်မောနေတဲ့အသံတွေ လွင့်ပျံနေလေရဲ့ ……

မာန်

No comments: