-->

Thursday, November 19, 2009

လူလှည်းမှာ နွားစီးသွားတာ မြင်လိုက်သည်

ခိုင်အောင်ကျော် (စစ်တွေ)ပေးပို့သည်

ငယ်ငယ်တုန်းက အပျော်တွေစဉ်းစားမိသည်။ ခလေးမို့ ခလေးဘာသာ၊ လှည်းနောက်က တွဲလွဲခို ယီးလေးခိုပြီး စီးပြီးလိုက်တတ်သည်။ ဝေးဝေးတော့မဟုတ်။ လူကြီးခြေလှမ်း ဆယ်လှမ်းမျှ။ ရွာဦးကျောင်းက အဘဖြူအော်မှ ကပ်လိုက်ပြီး မစီးကြတော့။ သို့ပေမဲ့ နောက်နေ့ကျတော့လဲ လှည်းလာမလား စောင့်နေတတ်ကြသည်။ နေ့စဉ်ရက်ဆက် စောင့်ခြင်းမျိုး။

အမေနှင့် ဈေးသို့အဖေါ်လိုက်ဖူးသည်။ စားစရာတွေကို ပူဆာစရာမလို။ လက်ညိုးထိုးရုံနှင့် ၀ယ်ပေးသည်မို့ ပျော်ပျော်နှင့် ခဏခဏ လိုက်သည်။ တလတကြိမ် မီးဖိုချောင်အတွက် ဆန်ကအစ ငပိအဆုံး ၀ယ်သည့်အခါ အထမ်းသမားနှင့် ပြန်ရသည်။ ဆိုက္ကားက ယင်းအချိန်မှာ မပေါ်သေး။ သို့မဟုတ် ဘတ်စ်ကားငှားလာရသည်။ ဈေးရောင်းသူက တန်ရာတန်ဖိုးရောင်းလျှင် ၀ယ်ပြီးလာသည်။ ကားငှါးရလျှင် ကားငှါးခပေးလိုက်သည်။ ဘာမျှ အထွေအထူးမရှိ။


မီးကင်းစောင့်သည့် အဘိုး ဦးရွှေသာအောင် ဆုံးတော့ မီးကင်းပေါ်မှာဘဲ အလောင်းဆင်သည်။ သူ့မှာ သားသမီးမြေးမြစ်မရှိ။ ရပ်ကွက်က ကောက်ခံပြီးသဂြိုလ်ပေးလိုက်ကြသည်။ မီးကင်းဘေးနားက ကွက်လပ်မှာ နေ့စဉ် တရားနာပွဲ ပြုလုပ်သည်။ ညပွဲမို့ စည်သည်။ ဆင်းရဲသော်လည်း အသုဘပွဲစည်သည်။ တရပ်ကွက်လုံးလိုလို နောက်ဆုံးခရီးလိုက်ပို့ကြသည်။ ခုအချိန်ထိတောင်မှ အမှတ်ရနေဆဲ။

အရီးလေး ဒေါ်ညိုမြမှာ မုဆိုးမဖြစ်သည်။ ယောက်ျားက ငယ်ငယ်ရွယ်နှင့် သောက်စားမူးယစ်ပြီး အသက်မရှည်။ ခလေးတွေက လူမမယ် စာမပီတွေ သုံးယောက်ကျန်ရစ်ခဲ့သည်။ သည်တော့ မှောင်ခိုဈေးမှာ အထည်ဟောင်းတွေ ရောင်းပြီး အသက်မွေးရသည်။ သူများဆီက တ၀က်ဈေးနှင့် ၀ယ်သည်။ ပြန်ရောင်းတော့ ဈေးပိုနှင့်ရောင်း။ အရှုံးမရှိသော စီးပွားရေးဖြစ်သည်။ ကံကောင်း၍ ဘုရားတရားမသည်ဟု တခါတရံ အရီးလေးဒေါ်ညိုမြ ပြောတတ်သည်။ ဘာကိုပြောမှန်းမသိ။

နယ်ကလာသော သူတွေမှာ လှေကလေးတွေနှင့် မြို့ကိုခဏခဏ ဈေးရောင်းဈေးဝယ် လာကြသည်။ လှေဘဲဖြစ်ဖြစ်၊ စက်လှေဖြစ်ဖြစ် မြို့ မှာ ဆိုက်ကပ်နေကြသည်မှာ ကမ်းနားတလျှောက် မျက်စိတဆုံး။ ဘုန်းကြီးပျံပွဲများရှိက ညပွဲတောင် ကြည့်ကြပြီး မိုးလင်းမှ၊ ပတ်စာခွာမှ ရွာသို့ ပြန်သွားတတ်ကြသည်။ လုသံမကြား၊ ခိုက်သံမကြား၊ ဇာတ်ပွဲက သီးချင်းလေးတွေကို ဆိုပြီး ပြန်သွားကြသည်။

အထူးကုဆရာဝန်မကြီးက သူ့ယောက်ျားအကြောင်းကို တနေ့က စကားစပ်၍ ပြောလာသည်။ အရက်က ခုအချိန်ထိ သောက်တုံးမို့ ပြောဆိုပေးပါဟုဆိုလာခြင်းဖြစ်သည်။ သူက ငယ်ငယ်ကတည်းက တခုံတည်း ထိုင်ပြီး ကျောင်းနေခဲ့သော သူငယ်ချင်း၊ ပို့ဆောင်ဆက်သွယ်ရေးဌာနမှာ စက်ရုံမှူးဖြစ်နေသည်။ မော်လမြိုင်မှာ ရောက်တော့ သူနှင့် ငယ်ဖြစ်ဟောင်းတွေ သူငယ်ချင်းအကြောင်းတွေကို ပြောကြရာ ညအိပ်ရန် မိန်းမဖြစ်သူက တားယူရသည်။

အစိုးရကျောင်းတွင် မတက်လို၍ အလွတ်ပညာသင်ကျောင်းတွင် ကျောင်းတက်ရသည်မှာ ပျော်စရာ မမေ့ရက်စရာ။ တိုက်ပုံအင်္ကျီနှင့်မှ ကျောင်းတက်ရသောကြောင့် ပျော်ရသည်မှာလည်း အမှန်ဟုပြောရမည်။ အကယ်၍ ကျောင်းနောက်ကျလျှင် ကျောင်းခန်းထဲကို မ၀င်ရတော့။ နေပူထဲမှာ အပြင် ကျောင်းမြေကွက်၌ နေ့တ၀က်ခန့် ရပ်နေရသည်။ ကျောင်းလခက ကြီးသည်။ သင်ကြားမှုက ကောင်းသောကြောင့် ကျူရှင်မရှိ။ လိုလည်းမလို။

လူသတ်ခံရ၍ လာသည်ဟု ပြေသံကြားလျှင် ငယ်ငယ်က ဘယ်သူမှ အိမ်ပြင်မထွက်ကြ။ လှည်းပေါ်တွင် တင်ဆောင်လာသည်ကို မြင်ရသည်နှင့် ကြောက်စိတ်တို့မှာ တော်တော်နှင့် မပြေတတ်ကြ။ လူသေတာကို မမြင်ဖူး၍လည်း ချောင်းကြည့်တတ်ကြသေးသည်။
အချုပ်ခန်းမှာ အဖမ်းဆီးခံဖူးသူများကို တခါတခါ သနား၍ ကြည့်တတ်ကြသည်။ ထောင်ကျသူဟုဆိုလျှင် အလိုအလျှောက် အနားကို ယောင်၍မျှ မကပ်ရဲကြ။ သူခိုးတွေ ဆိုလျှင်လည်း ညမီးကင်းစောင့်သည့် အချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် တွေ့တတ်သည်။ ထမီစုတ်လှမ်းထားသည်ကို ရုပ်ပြီးခိုးသောသူခိုး အဆင့်တွေကိုဘဲ ဖမ်းတတ်ကြသည်သာ တွေ့ဖူးသည်။

စာကြည့်တိုက်မှာဆိုလျှင် သတင်းစာတွေ၊ ဖတ်စရာတွေနှင့် ညညဆို စာအုပ်ငှားသူတွေနှင့် ပျော်စရာကောင်းလှသည်။

သီတင်းကျွတ်၊ တန်ဆောင်မုန်း လပြည့်နေ့တွေမှာ နံရံကပ်စာစောင် လုပ်တော့ တရွာလုံးလိုလို ကဗျာဆရာတွေလို ရေးကြ၊ စာရေးဆရာတွေလို ၀တ္ထုတွေရေးကြနှင့် ရွာတန်းရှည်မီးထွန်းပွဲ စည်ကားလှသည်။

တက္ကသိုလ်ကပြန်လာသော ကျောင်းသားကျောင်းသူတွေက သင်္ကြန်မှာ ရေလောင်း၊ ကကြ၊ မူးမူးရူးရူးနှင့် ပျော်နေကြတာကို မြင်တော့ သူတို့လို တက္ကသိုလ်ကျောင်းသား ဖြစ်ချင်ခဲ့သည့်စိတ်တွေ ပေါ်ပေါက်ကြရသည်။ ဘွဲ့ရပြန်တော့ အလုပ်မရခင်မှာပင် မြို့ထဲမှ ငွေကြေးချမ်းသာသူ သားသမီးတွေနှင့် မင်္ဂလာဆောင်တာ မြင်တာကို အားကျ၍လည်း ဖြစ်ချင်ဖြစ်ချင်ဖြစ်မည်။

တချို့က ရန်ကုန်မှာပင် အလုပ်အကိုင် နေရာကျ ပြီး တနှစ်တခေါက်တောင် အလည်မရောက်နိုင်ကြတော့။ ရွာမှ အလှည်သွားသူများက သူတို့အကြောင်းပြောတော့ လွမ်းသလိုလို။

မိဘသေဆုံးလျှင်တောင်မှ ရက်လည်ကျပြီး ပြန်ရောက်သူများဆိုလျှင် ပို၍တောင် သနားစိတ်များ ၀င်ကြသေးသည်။ ရွာကိုမေ့၍ ရွာကို သတိမရသူများကို ရွာမှလူများက အပြစ်တင်သူများ ရှိသလို တချို့က ပိုလို့ပင် အားကျနေသေးသည်။

လွန်ခဲ့သော အပါတ်က ရွာသို့ပြန်လာချင်သည်ဟု စကားစပ်၍ ပြောဖြစ်သည်။ တိတိကျကျ ပြောရလျှင် နှစ်ပေါင်း လေးဆယ်ပါတ်ဝန်းကျင် ရှိနေလောက်ပြီ။ သူတို့က ချက်ချင်း အဟန့်အတား စကားဆိုသည်။ မလာစေချင်ဟု ဆိုသည်။

လူတွေလည်း သေဆုံးကုန်ကြပြီ။ အခြားနယ်သူနယ်သားတွေက ရွာမှာနေထိုင်လာကြသည်။ ပျော်စရာ မကောင်းတော့။
ရပ်ဆွေရပ်မျိုးများလည်း မရှိကြတော့။ ပို၍ဆိုးသည်မှာ လူတွေ တော်တော် ဆင်းရဲနေကြသည် ဟုဆိုသည်။ စားနိုင်သူများ ရှားသည်ဟု ပြောပြသည်။ လူငယ်တွေဆို တအိမ်တယောက်ကျ အဖမ်းခံရခြင်းမျိုး၊ ထောင်ကျဖူးခြင်းမျိုး ဖြစ်နေကြသည်ဟု မယုတ်မလွန် ပြောသည်။

ကျွန်တော်ရွာသို့ မပြန်ဖြစ်သော စကားတခွန်းမှာ သည့်အတွက်ကြောင့် ဖြစ်သည်ဟု ပြော၍ ရနိုင်လောက်သည်။
မြို့ကိုပြန်လာလို့ကတော့ ဘာလုပ်မှာလဲ၊ အလည်လဲ မလာနဲ့တော့၊ လူတွေက လှည်းကိုနွားလိုဆွဲပြီး သွားနေရတယ်။ ကတ္တရာလမ်းပေါ်မှာ နွားလှည်းတွေကို မသွားရတော့ဘူး။ လူကဘဲ နွားလိုဆွဲပြီးသွားနေရတော့ လမ်းမလျှောက်နိုင်တဲ့နွားတွေ၊ နွားပေါက်စတွေကို လှည်းပေါ်မှာ တင်ပြီးမြင်နေရတဲ့အခါ ဘယ်လိုခံစားရမလဲနော်။

ဈေးမှာဆိုရင်လဲ ရောင်းတဲ့လူကလဲ ရောင်းခပေးရသလို နယ်ကလာတဲ့ လှေတို့၊ စက်လှေတို့ ဆိုရင်လဲ အခကြေးငွေပေးရတယ်။ နောက်ဆုံးသေရင်တောင်မှ သဂြိုလ်ခပေးရတယ်။

ကျောင်းမထားနိုင်လို့ ခလေးတွေ စာမသင်ရဘဲ ထမင်းငတ်နေကြတယ်။ ရွာကို သတိရတယ်ဆိုတာကိုတော့ ယုံပါရဲ့ ဒါပေမဲ့ မလာနဲ့တော့။ ဘာဖြစ်လို့လဲဆိုရင် ငရဲမှ တကယ့် အရှင်လတ်လတ်ငရဲ ခံနေကြရတာနော်တဲ့ …
စိတ်ထဲမှာ အမှန်တကယ် ခံစားကြည့်မိပါသည်။ လူလှည်းပေါ်မှာ နွားစီးလာတာမြင်ရတော့ မျက်ရည်ဝဲရပါသည်ဟုသာ ပြောချင်ပါတော့သည်။

ခိုင်အောင်ကျော် (စစ်တွေ)

အညာနွေတမာမြေ

No comments: