-->

Tuesday, December 1, 2009

၂၀၁၀ ရွေးကောက်ပွဲတဲ့ -ဟေ့- သပိတ်မမှောက်ကြဘူးလား

ခိုင်အောင်ကျော်(စစ်တွေ)ပေးပို့သည်

ယခုတလော နိုင်ငံရေးပြသနာများကို စဉ်းစားမိတိုင်း ရှက်နေမိသည်၊ မိမိဘာလဲ ဆိုတာကိုပင် မဝေခွဲတတ်ပါဘဲ နိုင်ငံရေး လုပ်နေသော သူများနှင့် ပါတ်သက်၍ ဖြစ်သည်၊ ဦးစွာ ရှင်းလင်းပြောချင်သည်၊

ENC ကို တိုင်းရင်းသားလူမျိုးများကောင်စီဟု ခေါ်သော ကိစ္စနှင့်၎င်း၊ သူတို့၏ အိန္ဒိယနိုင်ငံတွင် ရွေးကောက်ပွဲဝင်သင့်ကြောင်း ဆွေးနွေးချက်များနှင့် ၄င်း။ ကျနော်ဘ၀င်မကျ။ အကြောင်းမှာ သူတို့ကဘဲ ဗမာလူမျိုးတွေကို တိုင်းရင်းသားလူမျိုးပါဟု တွင်တွင်ပြောဆိုကြသည်၊ တိတိကျကျ ပြောရလျှင် ဗမာလူမျိုးကို တိုင်းရင်းသားလူမျိုးပါဟု မပြောဆိုသော အခြားတိုင်းရင်းသားလူမျိုးများ ရှိသည်ဟု မကြားဖူး၊ သည်တော့ ရှင်းပါပြီ၊


ဗမာသည် တိုင်းရင်းသားလူမျိုး တမျိုးဖြစ်သည်၊ သို့ဆိုလျင် ယခု ENC သည် တိုင်းရင်းသားလူမျိုးများကောင်စီဟု ဆိုလျှင် မည်သည့်အတွက်ကြောင့် ဗမာတိုင်းရင်းသားလူမျိုးများ မပါဝင်ရသနည်း၊ သူတို့မပါဝင်ရလျှင် ဗမာမပါဝင်သော အခြားတိုင်းတိုင်းရင်းသား လူမျိုးများကောင်စီဟု ခေါ်ဆိုသင့်သည်၊ သတ်မှတ်သင့်သည်ဟု ထင်သည်၊ ထားတော့ ၊ သူတို့အတွေး၊ သူတို့အတွေးခေါ်နှင့် လုပ်နေမှုကို၊

တလောက အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ တွင် ဆွေးနွေးပွဲတရပ်ကို ပြုလုပ်ခဲ့ကြသည်။ အါးလုံးသိရှိခဲ့ကြသည့်အတိုင်း NCGUB ဒေါက်တာတင့်ဆွေက ရွှေဂုံတိုင်ကျေညာစာတမ်းကို အတည်ပြုဆွေးနွေးသည်၊ သူ့ဘက်က သည်လိုဘဲ ဆွေးနွေးမည်ဖြစ်သည်မို့ တော်တည့်မှန်ကန်လှပါသည်၊ ENC ဆိုသော ဗမာမပါဝင်သည့် အခြားတိုင်းရင်းသားလူမျိုးများကောင်စီကမူ ၂၀၁၀ ရွေးကောက်ပွဲကို ၀င်သင့်သည်ဟု ဆွေးနွေးခဲ့သည်ဟု သတင်းတွေမှာ အတိအကျ ဖေါ်ပြကြသည်၊

လွန်ခဲ့သောလကထင်သည်၊ သူတို့၏ ထိုင်းနိုင်ငံဖက်တွင် အစည်းအဝေးတခု ပြုလုပ်ကြရာ ရွေးကောက်ပွဲကို မ၀င်ရေးအတွက်သာ ဆွေးနွေးကြသေးသည်၊ ခုတော့ ဘာများဖြစ်ကုန်ကြပြီမသိ၊ ကျနော်အထူး အံ့သြမိသည်၊
ယခုဆောင်းပါးကိုလည်း သူတို့တွေ ဖတ်စေချင်ပါသည်၊ အခြားသူများထက် ဤဆောင်းပါးကို သူတို့ဖတ်စေချင်ပါသည်၊ ဘာကြောင့် သူတို့ကို ဖတ်စေချင်ပါသနည်း၊

၂၀၁၀ ရွေးကောက်ပွဲသည် စစ်အစိုးရမှ ပြုလုပ်ပေးမည့် ရွေးကောက်ပွဲ ဖြစ်သည်၊ သူတို့ သက်ဆိုးရှည်ရေး အတွက် ဖြစ်သည်၊ ယခု ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားတွေ ၂၀၀၀ ကျော် အဖမ်းဆီး ခံနေရသည်၊
သူတို့တွေကို လွှတ်ပေးရန်လိုနေသည်၊ ရွှေဂုံတိုင်ကျေညာစာတမ်းကို ကျေညာချက် ထုတ်ပြန်ထားသည်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲဝင်ရေး ၊ မ၀င်ရေးကိစ္စကို မပြော၊ သို့သော် ဒါတွေကို လုပ်ပါဟု ပြောနေသည်၊ မလုပ်လျှင် ဆိုသော် ၊ ယင်းအခြေအနေကို မည်သို့ဖြစ်လာမည်နည်းဟု သံသယမေးခွန်းမျိုး မမေးသင့်ချေ။ ရှင်းနေပါသည်၊

ကျနော်ကိုယ်တိုင်လည်း ၂၀၁၀ ရွေးကောက်ပွဲတွင် လွပ်လွပ်စွာ မဲဆွယ်စည်းရုံးမှု၊ နိုင်ငံရေးအကျဉ်းသားတွေ မလွပ်မြောက်မှု၊ဒေါ်အောင်ဆန်းစုကြည် မလွပ်မြောက်မှု ရှိနေသေးလျှင် သပိတ်မှောက်ရန် DVB မှ အခန်းဆက်ဆောင်းပါးရေးပြီး အသံလွှင့်နေပါသည်၊ ရွေးကောက်ပွဲကိုဝင်ရန် အသံလွှင့်နေခြင်းမဟုတ်၊

ပြီးတော့ ပြည်တွင်းကို ပြောနေခြင်းဖြစ်သည်၊ ပြည်ပတွင် နိုင်ငံတကာကို လှည့်ပါတ်ပြီး ပြောနေခြင်းမဟုတ် ၊ အတိုက်အခံများပီပီ ကျနော်တို့သည် စစ်အစိုးရ၏ လုပ်ရပ်ကို ရှုပ်ချရန်လိုပါသည်၊ ၉၀ ခုရွေးကောက်ပွဲရလဒ်ကို ဆုပ်ကိုင်ထားရန်လိုပါသည်၊ တနည်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ၀န်းရံပေးရန် အထူးအရေးကြီးနေပါသည်၊ ပြည်ပမှ အတိုက်အခံ နိုင်ငံရေး အဖွဲ့အစည်းများ အနေဖြင့် အထူးသိထားရမည့် အချိန်လည်း ဖြစ်သည်၊

ဒေါ်အောင်ဆန်းစုကြည်မှ တွေ့ဆုံဆွေးနွေးရန် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ စာရေးပို့ပေးထားပါသည်၊ တချို့က မျှော်လင့်နေကြပါသည်၊ ကျနော်အနေဖြင့်မူ မမျှော်လင့်၊ ထို့ကြောင့် တွေ့ဆုံဆွေးနွေးရေးကို မလုပ်လိုလျှင် အလုံစုံ ပြိုကွဲပျက်စီးပျက်သုဉ်းခြင်းသို့ဘဲ ရောက်သွားနိုင်သည့် စကားမျိုး ပြောရမည့် အချိန်ဟု ဘီဘီစီ မှာ ပြောလိုက်ပါသေးသည်၊

ဒေါ်အောင်ဆန်းစုကြည်လို ခေါင်းဆောင်ကောင်းတဦးကို ရထားပါလျှက်နှင့် ဤနိုင်ငံတိုးတက်မလာခြင်းမှာ စစ်အစိုးရကြောင့်ဖြစ်သည်၊ ထို့ကြောင့် စစ်အစိုးရ ပြိုကွဲပျက်စီးရေးအတွက် အချိန်အခါ အရ နောက်ဆုံးအချိန်အဖြစ်သတ်မှတ်ရန် လိုနေသည်၊ တွေ့ဆုံဆွေးနွေးရေးကို နောက်ဆုံးအချိန် အဖြစ် နေ့ရက် သတ်မှတ်ပြီး လုပ်ခိုင်းရန်ဖြစ်သည်၊ ယင်းမှာ နိုင်ငံရေး လုပ်ရပ်တခု အဖြစ်ဟု သုံးသပ်ခြင်းဖြစ်သည်၊ ဇတ်မျှော နိုင်ငံရေးကို လိုက်လုပ်ရန် အချိန်လည်း မဟုတ်ချေ၊ ပြည်သူတွေ ခါးတပိုင်း မသန်ကြတော့၊ ခက်နေသည်မှာ ဒေါ်အောင်ဆန်းစုကြည်လို ခေါင်းဆောင်ကောင်းတဦး ရှိသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၌ နောက်လိုက်ကောင်း တရာ မမွေးထုတ်နိုင်ခြင်းဖြစ်သည်၊ အကျဉ်းထောင်ထဲတွင် အဖမ်းဆီးခံနေရသော အဖွဲ့ဝင်များနှင့် နိုင်ငံရေးသမားများကို ဆိုလိုခြင်းမဟုတ်ကြောင်း နားလည်ရန်လိုသည်၊ တဗိုလ်ကျ တဗိုလ်တက်မည့် နောက်လိုက်ကောင်းကို ပါတီတွင်းတွင် မတည်ဆောက်နိုင်ခြင်းကို ဆိုလိုခြင်းဖြစ်ပါသည်၊

ထို့ ကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ၀န်းရံပေးရန်လိုသည်ဟု ပြောနေကြရခြင်းဖြစ်သည်၊ အထူးသဖြင့် ပြည်ပ လူတွေမှာ ၀န်းရံပေးရန်လိုပါသည်၊ သို့သော် ယင်းသို့မဟုတ်ကြ၊ ဒေါ်အောင်ဆန်းစုကြည်ကတွေ့ဆုံဆွေးနွေးရေး တောင်းဆိုနေချိန်မှာ ဗမာတိုင်းရင်းသားလူမျိုးများ မပါဝင်သော အခြားတိုင်းရင်းသားလူမျိုးများကောင်စီ ENC က သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးကို ရောပြီးတောင်းဆိုနေသည်၊ သူတို့မစဉ်းစားကြဟုထင်သည်၊ ပြည်တွင်းတွင် ရှိနေသော တိုင်းရင်းသားနိုင်ငံရေးခေါင်းဆောင်များက ENC သည် ပြည်တွင်းရှိ လူမျိုးများအား ကိုယ်စားမပြုဟု ပြောဆိုပြီးသားဖြစ်သည်၊ တချိန်တည်းမှာ သူတို့ကလည်း ဓေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား လွပ်မြောက်ရေးကို တောင်းဆိုနေကြသည်၊ ၂၀၁၀ ရွေးကောက်ပွဲကို မ၀င်ဟု ကြေညာချက်ထုတ်ပြန်ထားသူများလည်း ဖြစ်သည်၊

သည်တော့ ပြည်တွင်းနှင့် ပြည်ပ ညီညီညွတ်ညွတ် လုပ်စရာသာ ရှိသည်မဟုတ်လား၊ မည်သည့်အတွက်ကြောင့် ပြည်ပမှ ရှိနေသော သူတွေက တမျိုး လုပ်နေကြရသနည်း၊ စစ်အစိုးရက ရွေးကောက်ပွဲကို ပြုလုပ်ရေးအတွက် အကွက်ကျကျ စီမံဆောင်ရွက်နေပြီးဖြစ်သည်၊ သူတို့မှာ ပါတီဖွဲ့စည်းပြီးနေပြီ၊ အလိုတော်ရိများက မဲဆွယ်စည်းရုံးနေကြပြီ၊ ပြည်တွင်းမှာတောင် မဟုတ်၊ ပြည်ပမှ လူတွေပင် ရွေးကောက်ပွဲဝင်ရန် ပြောနေကြပြီ၊ ၀န်ကြီးချုပ်ဟောင်း ဦးနု၏သားသမီးတွေပင် ရွေးကောက်ပွဲဝင်ရန် လုပ်နေကြပြီ၊ ထားတော့ ၊ သူတို့က ကျနော်တို့နှင့် အတွေးအခေါ်ချင်းမတူ၊ ရပ်တည်ချက်ချင်းမတူ၊

ရပ်တည်ချက်ချင်း တူနေပါလျက် ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ရောက်သင့်ပါသည်ဟု ပြောလာခြင်းကမူ မည်သို့မျှ စဉ်းစား၍ မရ၊ သပိတ်မှောက်သင့်သည်ဟု ဆိုသောစကားကို ပြောလျှင် မည်မျှကောင်းလေမည်နည်းဟု တွေးမိပါသည်၊ နိုင်ငံရေးအကျဉ်းသား၂၀၀၀ ကျော် ဖမ်းဆီးခံနေရသောကြောင့် သူတို့မလွပ်မြောက်က ရွေးကောက်ပွဲ မ၀င်ဟု ပြောခြင်းမျိုး ကြားချင်ပါသည်၊ နိုင်ငံရေးပါတီတရပ်အဖြစ် လွပ်လွပ်စွာ နိုင်ငံရေး လှုပ်ရှားမှု မရရှိလျှင် မ၀င်ဟု ပြောသံမျိုးကို ကြားလိုလှပါသည်၊

ကျနော်ကိုယ်တိုင်ကလည်း ရွေးကောက်ပွဲကို စစ်အစိုးရကိုယ်စားလှယ်များကသာ ၀င်ရောက်ယှဉ်ပြိုင်ပြီး ကိုယ့်ပြည်နယ်တွင် အနိုင်ရသွားမှာကို အထူးစိုးရိမ်လှပါသည်။ ထို့ကြောင့် သူတို့ထက် အရည်အချင်းရှိသူများကို စည်းရုံးထားပြီးလည်းဖြစ်သည်၊ ချွင်းချက်အနေဖြင့် တောင်းဆိုမှုများ ရရှိမှသာ ရွေးကောက်ပွဲကို စဉ်းစားထားရေးဖြစ်သည်၊ သို့သော် စစ်အစိုးရသည် နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ကို လွှတ်ပေးမည်ဟု မထင် ၊ ဒေါ်အောင်ဆန်းစုကြည် တဦးတည်းလွှတ်ပေးရုံနှင့်လည်း ရွေးကောက်ပွဲသည် တရားမျှတမှုကော လွပ်လွပ်ပွင့်လင်းမှူကော ရှိသည်ဟု မည်သူပြောဆိုနိုင်ပါမည်နည်း၊

ယခု ရွေးကောက်ပွဲ ဥပဒေထွက်တော့မည်ဟု သတင်းကြားရပြီ၊ သည်တော့ ဝေဖန်ရေး လုပ်ကြတော့မည်၊ ဘာလိုသည်၊ ညာလိုသေးသည်၊ ရေဒီယိုက ပြောကြတော့မည်၊ အဓိက ရွေးကောက်ပွဲပျက်စီးရေး၊သပိတ်မှောက်ရေးထက် စစ်အစိုးရ အလုပ်ဖြစ်ရေးကို ပြောကြတော့မည်၊ နိုင်ငံရေးသုတေသီများများက ဆန်းစစ်ကြတော့မည် ၊ သည်လိုနှင့် ရေဒီယိုနိုင်ငံရေးကို ဆင်နွဲကြတော့မည်ဖြစ်သည်၊ ဆိုရလျင် မည်သူက အလုပ်ဖြစ်သွားမည်နည်း၊ စစ်အစိုးရသာ အလုပ်ဖြစ်သွားပြီး အလုပ်ပြီးမြောက်သွားမည်ဖြစ်သည်ကို မြင်ယောင်ပါတော့သည်၊

ထို့ကြောင့် ရွေးကောက်ပွဲ ဥပဒေကို ဝေဖန်ရေး လုပ်မည့်အစား ရွှေဂုံတိုင်ကျေညာစာတမ်းကို အကောင်အထည်ပေါ်ရေးအတွက် ဆောင်ရွက်လှုပ်ရှားကြရန်သာ အရေးကြီးသည်၊ အဓိကအားဖြင့် ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖေါ်ဆောင်ရေးကို ဦးတည်ရန် အရေးကြီးသည်၊ စင်စစ်အားဖြင့် မည်သည့်နည်းနှင့်မဆို တွေ့ဆုံဆွေးေါနွးရေးလမ်းစ ပေါ်လာပြီဆိုလျှင် ၁၉၉၀ ရွေးကောက်ပွဲရလဒ်သည်သာ ဆွေးနွေးပွဲပန်းတိုင်ဖြစ်ကြောင်း ကျနော်တို့ အသိအမှတ်ပြုထားရန်အရေးကြီးသည်။

၉၀ ခုနှစ်ရွေးကောက်ပွဲရလဒ်ကို အကောင်အထည် မဖေါ်ဆောင်သော စစ်အစိုး၏ ၂၀၁၀ ရွေးကောက်ပွဲသည် ၉၀ ခုနှစ်ကကဲ့သို့ ထပ်မံမပြုလုပ်ဟု မည်သူက အာမခံနိုင်မည်နည်း၊ ပြီးတော့ ၉၀ ခုနှစ်တွင် ပြည်သူတို့က ပေးအပ်ထားခဲ့သော တာဝန်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မကျေပွန်သေး၊ ယင်းတာဝန်ကို ထမ်းဆောင်ရန် သူ့မှာတာဝန်ရှိသေးသည်၊ နောက်မည်သည့်ရွေးကောက်ပွဲကိုမျှ ၀င်ပြီးနွှဲစရာလည်း မလိုချေ၊ ၉၀ ခုရွေးကောက်ပွဲတွင် အာဏာလွှဲပြောင်းရယူမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် မည်မျပင် ကြာနေကြာနေ ပြည်သူတို့ပေးအပ်ထားသော သမိုင်းပေးတာဝန်ကို သေသေချာချာ ဆုပ်ကိုင်ထားရန်အရေးကြီးသည်၊

တချိန်တည်းမှာ အခြားသောနိုင်ငံရေးအတိုက်အခံပါတီများ၊ လူတမ်းစားအသီးသီးများကပါ ၀န်းရံထောက်ခံထားရန်လိုသည်၊ အိန္ဒယနိုင်ငံ နယူးဒေလီမှ ရဲဘော်ကျော်သန်း၏ ဆောင်းပါးခေါင်းစဉ်အရ ဆိုလျှင် ကျွန်ပွဲစားတို့ လာချေပြီ ဆိုသည့်အတိုင်း ပြည်တွင်းမှာပါမက ပြည်ပမှပါ အတိုက်အခံပါတီများက ကျွန်ပွဲစားများ ဖြစ်သွားသည်ကို ကျနော်မလိုချင်၊ ဖြစ်လည်း မဖြစ်ကြစေလို၊ အထူးသဖြင့် ယခုအချိန်မှာ တသံတည်းထွက်ရမည့်အချိန်ဖြစ်နေသည်၊
တသံတည်းမထွက်လျင် အစည်းအဝေးတွေကိုပင် အတူတကွ တက်ရောက်စရာ မလိုချေ ၊

NCGUB မှ တာဝန်ရှိသူများကလည်း အစည်းအဝေးခေါ်လျှင် သွားရောက်ပြီး အတူတကွ ဆွေးနွေးရန်မသင့်တော်ချေ၊ အကြောင်းမှာ ရွှေဂုံတိုင်ကျေညာစာတမ်းသည် မဟာဗျူဟာမြောက်စာတမ်းဖြစ်သည်။ ၂၀၁၀ ရွေးကောက်ပွဲကို အတိအလင်း မီးမောင်းထိုးထားသော စာတမ်းဖြစ်သည်။ ပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပြန်ထားခြင်းဖြစ်သည်၊ ဆွေးနွေးလျှင် ယင်းစာတမ်းကိုသာ ထောက်ခံဆွေးနွေးမည့် အစည်းအဝေးအဖြစ် တက်ရောက် ဆွေးနွေးသင့်သည်၊ ပြည်တွင်းကလည်း အသိအမှတ်မပြူသော၊ တနည်းအားဖြင့် ပြည်ပမှာပင် အသိအမှတ်မပြူသော အဖွဲအစည်းမျိုးမျိုးနှင့် နိုင်ငံတကာတွင် တစားပွဲတည်းထိုင်ပြီး ဆွေးနွေးစရာ မလိုအပ်ချေ၊

ဒီမိုကရေစီအခွင့်အရေးအရ သဘောတရားကွဲလွဲခွင့်ရှိသည် ဆိုခြင်းမှာ မဟာဗျူဟာ ကွဲလွဲခွင့်ကို မဆိုလိုချေ၊ နည်းပရိယယ် ကွဲလွဲခွင့်ကိုသာ ရည်ညွှန်းပြောဆိုကြခြင်းဖြစ်သည်၊ ၂၀၁၀ ရွေးကောက်ပွဲဝင်ရေး။ မ၀င်ရေးသည် မဟာဗျူဟာဖြစ်သည်၊ ယင်းမှာ ရွှေဂုံတိုင်စာတမ်းကျေညာချက်အရ မရရှိခဲ့လျှင် မ၀င်ရေး ဖြစ်သည်၊ မ၀င်သည်ဟု ဆိုသည်နှင့် မယုံကြည်ခြင်းဖြစ်သည်၊စစ်အစိုးရကို မယုံကြည်၍သာ အတိုက်အခံ ဖြစ်နေကြသည့်အတူတူ မဟာဗျူဟာ ကွဲလွဲစရာ မဖြစ်သင့်ချေ၊ တသံတည်းထွက်ပြီး တညီတည်း သပိတ်မှောက်ကြလျှင် စစ်အစိုးရ၏ ရွေးကောက်ပွဲသည် ပျက်စီးပြိုပျက်မည်မှာသေချာသည်၊

စစ်အစိုးရ၏ ကိုယ်စားလှယ်များ မည်မျှပင် ပါဝင်ရွေးချယ်ခံသွား ရသည်ဆိုရုံမျှနှင့် မြန်မာ့နိုင်ငံရေးကံကြမ္မာ ပြောင်းလဲသွားမည်မဟုတ်ချေ၊ ယခုအချိန်တွင် နိုင်ငံတကာမှာ လွပ်လွပ်ပြီးတရားမျှတမှုမရှိသော ရွေးကောက်ပွဲဆိုလျင် အသိအမှတ်မပြုဟု ကျေညာနေကြပြီ၊ ယင်းမှာ ကျနော်တို့၏ ဒီမိုကရေစီအင်အားစုနိုင်ငံများဖြစ်သည်၊ ဒီမိုကရေစီမဟာမိတ်များဖြစ်သည်၊ သူတို့၏ထောက်ခံမှုများကို အပြည့်အ၀ ရယူနိုင်ရေးအတွက် သွေးစည်းခိုင်မာစွာ အတူတကွ ရှိနေသင့်သည်၊ ရှိနေရမည်၊ ရှိထားရမည်ဖြစ်သည်၊ ရှိပြရမည်ဖြစ်သည်၊

နိုင်ငံတကာမှပင် အသိအမှတ်မပြုဟု ဆိုလျှင် မြန်မာ့နိုင်ငံရေး အတိုက်အခံများတို့မှာ ကျားကုပ်ကျားခဲ တောင့်ခံနေရုံဘဲရှိသည်၊ ဝေလေလေ သွားလုပ်စရာမလိုချေ။ ပြည်ပမှ လူတွေကို စည်းရုံးကြပါ၊ညီညွတ်ကြပါဟု ကျနော်မပြောချင်၊ အဘယ့်ကြောင့်ဆိုသော် သူတို့မှာ မညီညွတ်၍ မစုစည်း၍ သံခမောက်ဆောင်းထားကြ၍ ဖြစ်သည်၊ ပြည်တွင်းတွင် ဒေါ်အောင်ဆန်းစုကြည်လို ခေါင်းဆောင်ကောင်းတဦး ရှိပါလျှက်နှင့် နောက်လိုက်ကောင်း တရာ မပေါ်ပေါက်နိုင်ချိန် ပြည်ပတွင် မှိုလှိုပေါက်နေသော လူတွေက တပြုံကြီးရှိနေသည်၊ သို့သော်သူတို့တွေသည် ဒီမိုကရေစီကို လိုချင်သူအဖြစ်၎င်း၊ မြတ်နိုးသူများအဖြစ်၎င်း ၊ အသိအမှတ်ပြုခံရသူများ ဖြစ်သည်ကိုတော့ မည်သူမျှသံသယမဖြစ်ကြ၊

အဖွဲအစည်းတိုင်းတွင် သူတို့၏ဦးဆောင်မှုကြောင့် စစ်အစိုးရအနေဖြင့် ဘေးကြပ်နံကြပ် ယခုအချိန်ထိ ဖြစ်နေရသည်ကိုလည်း လူတိုင်းလက်ခံရမည်ဖြစ်သည်၊ နိုင်ငံတကာတွင် သူတို့၏ လှုပ်ရှားဆောင်ရွက်မှုကြောင့် ကမ္ဘာကလည်း စစ်အစိုးရကို အရေးယူပိတ်ဆို့နေသည်ကိုလည်း လူတိုင်းလက်ခံ သဘောပေါက်ကြပြီးဖြစ်သည်၊ သို့သော် ခေါင်းဆောင်တဦး၏ အနေအထားတော့ မရှိကြသေး၊ ထို့ကြောင့် အဖွဲအစည်းတိုင်းတွင် တာဝန်ရှိသူများအား နိုင်ငံရေးသင်တန်းများ ပေးအပ်ရန် လိုနေသေးသည်၊ ခေါင်းဆောင်တဦး၏ အရည်အသွေး၊ အရည်အချင်း၊ အမြော်အမြင်၊ လုပ်ငန်းဆောင်ရွက်စေမှု၊ တာဝန်ယူမှု၊ ပူးပေါင်းဆောင်ရွက်မှု၊ စသည့် ခေါင်းဆောင်မှုသင်တန်းများကို ပေးရန်လိုနေသည်၊

သို့မှသာ နိုင်ငံရေးတရပ်၏ မဟာဗျူဟာများ ၊ နည်းဗျူဟာများကို ခွဲခြမ်းစိပ်ဖြာနိုင်ကြမည်ဖြစ်သည်၊ ခုတော့ သည်လိုဖြင့် မဟုတ်ကြတော့ ၊ မိမိပြောရမည့်စကားလား၊ စစ်အစိုးရ၏ အလိုတော်ရိ ပြောမည့်စကားလားလို့တောင် ဝေခွဲမရသူများ ရှိနေကြသည်ဆိုတော့ ဤနိုင်ငံရေး ဇတ်မမျှောလျှင် မည်သိုတို့က မျှောကြပါမည်နည်း၊

ထို့ကြောင့် ကျနော်တို့ တော်တော်အရှက်ရနေမိပါသည်၊ မိမိတို့ အချင်းချင်း သိထားရမည့် နိုင်ငံရေး နည်းပရိယ်များကို ချပြကြသည်ဆိုလျှင် သတိထားရမည့်အပိုင်းများကို သေသေချာချာ သတိထားကြရမည်ဖြစ်သည် ဒီတော့


၂၀၁၀ ရွေးကောက်ပွဲတဲ့ -ဟေ့ --သပိတ်မမှောက်ကြဘူးလား--လို့သာ အော်ပြောရတော့မည့် အနေအထား ဖြစ်နေပါရော့လား
ခိုင်အောင်ကျော် (စစ်တွေ)

No comments: