ခိုင်အောင်ကျော် (နယူးယောက်) ပေးပို့သည်။
အမျိုးသမီးလေးတွေအဖို့ ယခုလို ဖွင့်ဟ ပြောဆိုခြင်းမှာ ကြီးမားသော ပြသနာ တရပ်ဖြစ်သည်။
သို့သော် သူတို့လေးတွေ ဖွင့်ပြောဖြစ်ကြပြီ။ အစစ်အဆေးခံကြပြီ။ နိုင်ငံတကာတရားခုံရုံးနှင့် အလားတူပုံစံမျိုဖြင့် ကြားနာပွဲကို ပြုလုပ်ကြခြင်းဖြစ်သည်။ ခုံရုံးတရားသူကြီးတွေက နိုဘယ်ငြိမ်းချမ်းရေး ဆုရှင်တွေဖြစ်သည်။
အီရန်က ဒေါက်တာ Shirin Ebabi မှာ နိုင်ငံရေးအကျဉ်းသူတဦးဖြစ်ခဲ့ပြီး လူ့အခွင့်အရေးနှင့် အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူတဦးဖြစ်သလို ယခုအချိန်တွင် အီရန်နိုင်ငံတွင် ခုံရုံးတရားသူကြီးချုပ်ဖြစ်သည်။ ဒေါက်တာ Heisoo Shin မှာ တောင်ကိုးရီးယားနိုင်ငံ အမျိုးသမီးတက္ကသိုလ်မှ ဖြစ်ပြီး လိင်ပိုင်းဆိုင်ရာ အမျိုးသမီးများအပေါ် လူကုန်ကူးခြင်းနှင့် အကြမ်းဖက်ခြင်းအပေါ် နှစ်ပေါင်း ၃၀ တိုင်တိုင် ဦးဆောင် လှုပ်ရှား ဆောင်ရွက်နေသူဖြစ်သည်။ နိုဘယ်ငြိမ်းချမ်းရေး ဆုရှင် Jody Willians မှာ မြေမြုပ်မိုင်း ရှင်းလင်းရေးကမ်ပိန်း လှုပ်ရှားသူဖြစ်ပြီး Vitit Muntarbhorn မှာ ချူလာလောင်ကွန်တက္ကသိုလ်မှ ပါမောက္ခတဦးဖြစ်သည်။
နိုင်ငံတကာမှ လေးစားခြင်းခံရသော သူတို့ရှေ့ မှောက် ကြားနာစစ်ဆေးခံရသည်မှာ မြန်မာတိုင်းရင်းသူတွေအဖို့ ယခုအကြိမ် ပထမဆုံးအကြိမ်ဖြစ်သည်။ နအဖစစ်အစိုးရ အာဏာသိမ်းယူထားသည့် အချိန်ကာလ အနှစ်နှစ်ဆယ်ကာလအတွင်း သူတို့တွေခမျာ လူမဆန်သော အဖြစ်အပျက်မျိုးနှင့် တွေ့ကြုံခဲ့ရသည်။ ဤအဖြစ်အပျက်ဆိုးကို ဖြစ်ပျက်ခဲ့ချိန်တွင် သက်ဆိုင်ရာ တရားရုံးများ၌ တရားစွဲဆိုနိုင်ခြင်း မရှိခဲ့ကြ။ ရဲဌါနာတွင် တိုင်ကြားခြင်း မရရှိခဲ့ကြ။
ခုတော့ အမေရိကနိုင်ငံ နယူးယောက် မြို့ တော်မှာ ကြားနာစစ်ဆေးပွဲကို လာရောက်တင်ပြနိုင်ကြပြီ။ အမျိုးသမီးလေးတွေများ၏ မိုက်ကရိုဖုန်းမှ သတ္တုသံနှင့် ရော၍ ထွက်လာသော အသံသည် ရင်နင့်စရာဖြစ်သည်။ သူတို့တွေ၏ အဖြစ်အပျက်များကို ပြောနေရင်းမှာ နိုဘယ်ငြိနမ်းချမ်းရေးဆုရှင်များဖြစ်သော တရားသူကြီးလေးဦးမှာ မှင်သက်မိနေကြရသည်။
အစည်းအဝေးခန်းမထဲတွင် အပ်ကျသံတောင်ကြားနိုင်သည်။ ဆိတ်ငြိမ်လွန်းလှပါသည်။
ကနေ့ထွက်ဆိုသော သူတို့တွေ၏ အဖြစ်အပျက်များကို တကမ္ဘာလုံးမှ တိုက်ရိုက်ရုပ်မြင်သံကြား လွှင့်ပေးထားသည်။ သည်တော့ စစ်အစိုးရကလည်း ကြည့်ရှုနိုင်သွားမည်ထင်သည်။ ဤအခါ သူတို့၏ ဂုဏ်သိက္ခာကို ထိခိုက်နစ်နာအောင် လုပ်ခြင်းဟု ပြောနိုင်လိမ့်မည် မထင်ရတော့။ အမျိုးသမီးလေးတဦးက ဂုဏ်သိက္ခာအပိုင်းနှင့် ပါတ်သက်၍ ခုလို ငိုယိုပြီး ပြောပြနေသည်။
“ကျမကို အဲဒီလို မုဒိမ်းကျင့်တာကို အမေ့ကိုလဲ ဖွင့်မပြောရဲဘူး။ ဘယ်သူ့ကိုမှလဲ ဖွင့်မပြောရဲဘူး။ ဘုရားကျောင်းက ဆရာတဦးထဲကိုပဲ ဒီအဖြစ်အပျက်ကို ပြောဖြစ်ပါတယ်။ ဘီဘီစီမှာ ကျမတို့အကြောင်းကို အသံလွှင့်တော့ စစ်တပ်က ကျောင်းကို ခြိမ်းခြောက်တယ်။ ဆရာက ကျမတို့ကို ရိုက်တယ်။ နိုင်ငံတော်ဂုဏ်သိက္ခာကို ထိခိုက်စေတယ်တဲ့။ ကျမတို့ကို ကျောင်းက ဒီအကြောင်းနဲ့ ပါတ်သက်လို့ ထုတ်လိုက်ပါတယ်"
မိန်းခလေးငယ်တဦး၏ ကိုယ်တွေ့အဖြစ်အပျက်၊ ကာယိအိနြေ္ဒပျက်ပြားသော မိန်းခလေးငယ်၏ ဂုဏ်သိက္ခာ ညှိုးနွမ်းကျဆင်း သွားခြင်းကို မစဉ်းစား၊ စစ်သားတွေက မုဒိမ်းကျင့် တညလုံး စော်ကားနေပါလျှက် နိုင်ငံတော် ဂုဏ်သိက္ခာ ကျဆင်းအောင် ယင်းမိန်းခလေးတွေကဘဲ ပြုလုပ်သည်ဟု စွပ်စွဲပြောကြားသေးသည်။
နယ်ကျေးလက်တွေမှာ အိမ်အပြန်မိုးချုပ်သွားသော မိန်းခလေးငယ်က သူ့အကြောင်းကို ပြောပြခြင်းမှာ အလွန်ပင် ကြိုးစားရခြင်းဖြစ်သည်။ မည်သူမဆို မိမိ၏ အရှက်သိက္ခာ မဲ့စွာ ဖြစ်သွားရမူကို ပြောချင်မည် မဟုတ်ပေ။
သည်လိုအဖြစ်အပျက်မျိုးကို တိုင်ကြားပြောဆို၍လည်း မည်သူမျှ အရေးယူကြမည်မဟုတ်။ အဘယ့်ကြောင့်ဆိုသော် သူတို့မှာ နအဖစစ်သားတွေ ဖြစ်နေသောကြောင့်ပင်။
ကိုယ်ဝန်ဆောင် မိန်းခလေး တဦးက သူမအဖြစ်အပျက်ကို ခုလိုထွက်ဆိုသွားသည်။
“ကျမက ကိုယ်ဝန် ၅ လရှိပါတယ်။ အဖေလဲ နေမကောင်း အမေလဲ နေမကောင်းတော့ ပေါ်တာမလိုက်နိုင်ဘူး။ ဒါကြောင့် ကျမက လိုက်သွားရပါတယ်။ စားသောက်စရာတွေကို ကိုယ့်အိမ်က ယူသွားရတယ်။ တနေ့စစ်သားတွေက ကျမကို စော်ကားလာပါတယ်။ ကျမက ကိုယ်ဝန် ၅လ ရှိပြီဖြစ်ကြောင်း ငိုယို တောင်းပန် ပြောပါတယ်။ ( ယင်းအချိန် ထွက်ဆိုနေသော အမျိုးသမီးက ရှိုက်နေပြီး မျက်ရည်ကျလာသောကြောင့် ရပ်တန့်နေရသေးသည်) ဒါပေမဲ သူတို့တွေ တညလုံး ကျူးလွန်ကြပါတယ်။ ပေါ်တာဆွဲရာကအပြန်မှာ အိမ်ရောက်တော့ အမေ့ကို ကျမဘာမှ ပြန်မပြောတော့ပါ။ အမေက ကျမမျက်နာကို ကြည့်နေပါတော့တယ်။ အဲဒီကိစ္စကို ဘယ်သူ့ကိုမှ ကျမ ဖွင့်မပြောဝံ့တော့ပါ။ ပြောရင် သတ်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။ တခြားကျမနဲ့ အတူ ပေါ်တာလိုက်ပါလာတဲ့ မိန်းမတွေကလည်း အဲဒီလိုဘဲ တညလုံး ဖြစ်ပျက်ကြရပါတယ်။ ကျမက အမေ့ကို မပြောပေမဲ့ အမေက သိနေသလိုဘဲလို့ ထင်ရပါတယ်။ အမေလဲဘဲ ပေါ်တာလိုက်သွားရာက အိမ်ကို ပြန်ရောက်လာတဲ့အခါ ဘယ်သူ့ကိုမှ စကားမပြောတော့ပါ။ အမေလဲ ကျမကို ထင်ထားသလို ကျမကလဲ အမေဟာ ကျမလို တွေကြုံခံစားခဲ့ရတယ်လို့ ထင်မိနေပါတယ်”
အင်းစိန်ထောင်တွင်းမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးအပေါ် ရိုင်းပြစွာ ဆက်ဆံမူကိုလည်း ထွက်ဆိုသွားသည်မှာ ရှက်စရာ ကောင်းလှသည်။ အမျိုးသား ထောင်ဝန်ထမ်းတွေက ကိုယ်ဝန်ဆောင်အမျိုးသမီးကို ခလေးမွေးဖွားရန်ဆိုကာ ပက်လက်လှန်စေသည်။ ပြီးတော့ လက်နှင့် မဖွယ်မရာ ပြုလုပ်နေသည်ကို တဖက်အခန်းမှာ ရှိနေသော သူတွေက ၀ိုင်းဝန်းအော်ကြမှ ရပ်တန့်သွားသည်။ အင်မတန် ရှက်စရာ အပြုအမူမျိုးကို မြင်ရသော သူမမှာ စစ်ကြောရေးစခန်းတွင် စစ်ဆေးစဉ်ကလည်း တွေ့ကြုံခဲ့ရမူကို ပြောပြသေးသည်။ သူမကို ၀ိုင်းဝန်းပြီး ကိုယ်လုံးတီးဖြင့် ပြသနေကြသော စစ်သားတွေအကြောင်းကို ပြောပြရာ ကြားရသူတို့မှာ စိတ်မကောင်းကြီးစွာ ဖြစ်သွားကြရသည်။
အလုပ်ကြမ်းပေါ်တာလိုက်ခဲ့ရပြီး ငွေကြေးတပြားတချပ်မျ မရရှိသော အတင်းအဓမ္မလုပ်အားပေးစေခိုင်းခြင်း ကိစ္စကိုလည်း ထွက်ဆိုကြသည်။ အမျိုးသမီးတွေကသာ လိုက်ရသော အမ်း-ရမ်းဗြဲ ရထားလမ်း ဖေါက်လုပ်ရေး၌ သေဆုံးမူမျိုး များစွာ ရှိသည်ဟု ထွက်ဆိုသွားသည်။ စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်မှ ကူကီးမိန်းခလေးငယ်တဦးမှာ သူမတို့၏ နေအိမ်ဖျက်ဆီးခံရမူနှင့် ရွာလုံးကျွတ်ဖျက်ဆီးခံရမူကို ခုလိုထွက်ဆိုပြောပြရှာပါသည်။
“ကျမတို့အိမ်က နှစ်ထပ်တိုက်အိမ်ဖြစ်တဲ့အတွက်ကြောင့် ဘူဒိုဇါနဲ့ဖျက်ရပါတယ်။ တခြားရွာမှာ ရှိတဲ့အိမ်တွေကိုလည်း စစ်သားတွေက ဖျက်ဆီးကြပါတယ်။ ကျမတို့မှာ လဘက်ခင်းတွေ ရှိပါတယ်။ နေအိမ်တွေကိုဖျက်ဆီး စီးပွါးရေးလုပ်ငန်းဖြစ်တဲ့ လဘက်ခင်းတွေကိုလည်း ဖျက်ဆီးတော့ ကျမအမေ စိတ်ရောဂါခံစားရသွားပါတယ်။ ဒါကြောင့် ဒီဇင်ဘာလ ခရစ်စမတ်နေ့မှာ ကျမအမေဟာ သင်္ချိုင်းကိုသွားပြီး ခရစ်စမတ်ပွဲတော်ကြိုဖို့ အော်ခေါ်တတ်ပါတယ်။ တိုက်အိမ်ကိုဖျက်ခံရတဲ့အတွက် အမေဟာ အဲဒီနေရာမှာ တဲထိုးနေပါတယ်။ ဒါကို စစ်တပ်က မနေရဆိုပြီး မောင်းထုတ်ပါတယ်။ တခြားရွာသားတွေက ပြောင်းရွှေ့ကြပါတယ်။ ရွှေပြည်အေးဆိုတဲ့ ရွာသစ်ကို ပြောင်းရွှေ့နေရမယ်လို့ ပြောပါတယ်။ အဲဒီရွာသစ်မှာ သောက်ရေလဲ မရှိ၊ မြေသြဇါလဲ မကောင်းတဲ့အတွက် ဘာမှ စိုက်ပျိုးလို့ မရပါဘူး။ ကျမတို့အိမ်အတွက် လျှော်ကြေးငွေ ငါးသောင်းလာပေးပါတယ်။ မြန်မာငွေငါးသောင်းဆိုတာဟာ အမေရိကဒေါ်လာ ၅၀ခန့်ဘဲ ရှိပါတယ်။ ကျမတို့အိမ်ဟာ မြန်မာငွေ သိန်းသုံးရာလောက်တန်ဖိုး ရှိပါတယ်။ ကျမတို့အိမ်ကို ပြန်လည်ဆောက်မယ်ဆိုရင် နှစ်ပေါင်း ငါးဆယ်လောက် ကြိုးစားရမှာပါ။ အဲဒီရွာမှာ ကျမတို့ မောင်နှမတွေ အသက်ရှင်နေထိုင်ခဲ့ကြပါတယ်။ အခုဆိုရင် ကျမတို့ ခွဲခွာနေကြရပါတယ်။ ကျမအမေဟာလဲ စိတ်ရောဂါခံစားနေရပါတယ်။ ကျမစစ်အစိုးရကို အရမ်းမုန်းပါတယ်။ ဒီစစ်အစိုးရကို ဖြုတ်ချပေးဖို့ လူကြီးမင်းတွေက ပြုလုပ်ပေးဖို့ တိုက်တွန်းချင်ပါတယ်”
ဤမိန်းခလေးငယ်မှာ နယူးဒေလီမှ အမေရိကနိုင်ငံကို ရောက်လာသော သူဖြစ်သည်။ သူကလေးမှာ ကြားနာစစ်ဆေးခံနေသည့် တချိန်လုံး ငိုရှိုက်နေရှာပါသည်။
နအဖစစ်အစိုးရ၏ နာမည်ကျော် ဒီပဲယင်းလူသတ်မူအကြောင်းကို ဒေါ်ညွန့်ညွန့်က ထွက်ဆိုသွားသည်။ သူမ၏ ပြောပြချက်တွင် စစ်အစိုးရ၏ တင်ကူးကြံစည် ဆောင်ရွက်မူ ဖြစ်ကြောင်း မျက်မြင်သက်သေများ အခြေအနေကို ဖွင့်ဟပြောဆိုသွားသည်။ လူသတ်မူဖြစ်သည့်ယင်းနေ့တွင် ၄ ဦးသာ သေဆုံးမူရှိခဲ့သည်ဟု စစ်အစိုးရမှ ကြေညာခဲ့သည်။ ဒေါ်ညွန့်ညွန့်ကမူ အမှန်တကယ် သေဆုံးသူစာရင်းမှာ ၈၀ ကျော်သည်ဟု ယုံကြည်ကြောင်းး ထွက်ဆိုသွားသည်။
အင်းစိန်အကျဉ်းထောင်တွင် နေခဲ့ရသော ဒေါ်ခင်စန်းနွယ်ကလည်း ထောင်ထဲတွင် ဖမ်းဆီးခံနေရစဉ်ကာလက မွေးဖွားခဲ့ရသော သားကလေးနှင့် မတွေ့ရသည်မှာ နှစ်ပေါင်း ၁၉ နှစ်ခန့်မျှ ရှိပြီဖြစ်ကြောင်း နှင့် ရက်စက်ယုတ်မာမူများကို ဖွင့်ဟပြောပြရှာပါသည်။
စင်စစ်အားဖြင့် သူတို့တွေ၏ ရင်နင့်စဖွယ် အဖြစ်အပျက်များသည် မြန်မာနိုင်ငံအတွင်းရှိ ပြည်သူတရပ်လုံး ခံစားနေရသော နေ့တဓူဝများဖြစ်သည်။
နယူးရောက်မှာ နေထိုင်သော ဦးကျော်ဝင်းက ယခုလိုအဖြစ်အပျက်များသည် လူတိုင်းကိုယ်စီ ရှိကြလိမ့်မည်လို့ ထင်ကြောင်း ပြောပြသည်။ မည်သို့ပင် ဆိုစေ ယခုသူတို့တွေ ဖွင့်ဟကြသော အခါ နိုဘယ်ငြိမ်းချမ်းရေးပိုင်ရှင်တို့မှာ စစ်အစိုးရအား ယခုလိုအမျိုးသမီးများအပေါ် အကြမ်းဖက်မူများကို ချက်ချင်းရပ်တန့်ပေးရန် တောင်းဆိုကြသည်။
လုံခြုံရေးကောင်စီမှနေ၍ ဤကိစ္စများကို ကိုင်တွယ်ဖြေရှင်းရန်လည်း တောင်းဆိုသွားကြသည်။
မုဒိမ်းကျင့်သောနာမည်ဆိုးနှင့်ကျော်ကြားသည့် နအဖစစ်အစိုးရကို ကြားနာစစ်ဆေးခံကြသော အမျိုးသမီးများက အမြန်ဆုံးဖယ်ရှားပေးရန်၊ နိုင်ငံတကာမှ အရေးယူဆောင်ရွက်ပေးရန်၊ တောင်ဆိုကြသည့်အပေါ် နိုဘယ်ငြိမ်းချမ်းရေးပိုင်ရှင်များက တညီတညွတ်တည်း ထောက်ခံတောင်းဆိုပေးကြသည်။
တရားဥပဒေစိုးမိုးမူ မရှိသော မြန်မာနိုင်ငံ၏ တရားစီရင်မူစနစ်ကို ကမ္ဘာက သိရှိခဲ့ကြပြီဖြစ်ရာ အနာဂါတ်တွင် အမျိုးသမီးများ၏ အနာဂါတ်သည် နိုင်ငံတကာမှ ၀ိုင်းဝန်းထောက်ခံမူအရ လုံခြုံမူ၊ ငြိမ်းချမ်းမူ၊ယံကြည်မူတို့ဖြင့် ဘ၀ကိုတည်ဆောက်နိုင်ကြလာစရာ ရှိလိမ့်မည်ဟု ထင်မြင်ယူဆမိပါတော့သည်။
ကနေ့ပြုလုပ်သော ခုံရုံးစစ်ဆေးမူသည် နောင်တနေ့တွင် လုံခြုံရေးကောင်စီမှ ကိုင်တွယ်ဆောင်ရွက်လာမည်ဆိုလျင် အမျိုးသမီးတို့၏ ဘ၀အနာဂါတ်သည် မည်ကဲ့သို့မဆို လှပသာယာလိမ့်မည်ဖြစ်သည်။ သည်တော့ ကျွန်တော်တို့၏ မိခင်များ၊ ညီမများ၊ အစ်မများ၊ တူမလေးများ၏ ဘ၀သာယာလှပစေဖို့ ၀ိုင်းဝန်းကြိုးပမ်းပေးကြဖို့ လိုအပ်နေပြီဟု ပြောရတော့မည်။
ခိုင်အောင်ကျော် (နယူးယောက်)
Thursday, March 4, 2010
မုဒိမ်းကျင့်တဲ့အစိုးရကို ခုံရုံးတင်နိုင်ရန် မြန်မာတိုင်းရင်းသားအမျိုးသမီးတွေက စစ်ဆေးခံ
Labels:
ဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment