အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ နိုင်ငံရေးပါတီအဖြစ်မှတ်ပုံမတင်။ ပါတီကိုလည်း မဖျက်သိမ်း ဆိုသောဆုံးဖြတ်ချက်က စစ်အစိုးရကို ရာဇသံပေးရာ၌ ပြင်းထန်သည်။ သည်တော့ စစ်အစိုးရက မည်သို့ ပြုလုပ်လာနိုင်မည်နည်း။ တွက်ချက်ကြည့်ဖြစ်သည်။ သူတို့က လက်နက်အားကိုးနှင့် ရမ်းကားသော ဥပဒေမဲ့ သမားတွေဖြစ်သည်။ မှတ်ပုံမတင်သောအဖွဲ့ချုပ်ရုံးတွေကို ပြန်လည်ပိတ်ရန် ညွှန်ကြားချက်တွေ လာတော့မည်။ မီဒီယာသမားတွေနှင့် အင်တာဗျူးပြောသူများကို ဖမ်းဆီးတော့မည်။ နိုင်ငံတော်ကို အသရေဖျက်မူ အကြည်ညိုပျက်အောင် လှုံ့ ဆော်မူ စတာတွေနှင့် ။ ပြီေးတာ့ တက်ကြွလှုပ်ရှားသူတွေကို မရားအသင်း ကြေညာပြီး လူဖမ်းပွဲလုပ်တော့မည်။ သူတို့တတ်နိုင်သောအလုပ်က လူဖမ်းပွဲအပြင် ဘာမျှမရှိ။ြ့ပီးတော့ ဦးအောင်ရွှေတို့ကို ကမ်းလှမ်းရန်လုပ်တော့မည်။ စင်စစ် ဦးအောင်ဂွှေတို့အုပ်စုမှာ ပြည်သူကို ကြောခိုင်းသွားကြသောသူတွေဖြစ်သည်။ ပြည်သူကိုကြောခိုင်းသောအုပ်စုနှစ်စုဖြစ်သည့် စစ်အုပ်စုနှင့် ပြုတ်ထွက်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ နားလည်မူ ယူကြတော့မည်။
အဘယ့်ကြောင့်ဆိုသော် နအဖစစ်အုပ်စုရွေးကောက်ပွဲတွင် မှတ်ပုံတင်ရန် ဦးအောင်ဂွှေတို့ ပြင်ဆင်မှသာ နိုင်ငံတော်ဧည့်ဂေဟာ၌ နောင်ကာလတွင် တွေ့ဆုံနိုင်မည်ဟု ထင်နေသည်။ ပြုတ်ထွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ လူငယ်ထုတွေမရှိသော်လည်း သူတို့၏ယုံကြည်ချက်နှင့် သူတို့မှတ်ပုံတင်ရမည်ဖြစ်သည်။ သည်အခါ သူတို့၏နိုင်ငံရေးပါတီကို
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မသုံးရဟု ဦးဝင်းတင်က ပြောဆိုထားပြီးဖြစ်သည်။ သည်တော့ ကွင်းစကွင်းပိတ် ထားပြီး ပြုတ်ထွက်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမည်ဖြင့် မှတ်ပုံတင်ပေတော့။ တစည တို့နှင့် တွဲလုပ်ပေတော့ ။ လှလှပပ နိုင်ငံရေးအသုဘပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဥက္ကဌတို့ အဖွဲ့ကား သင်ခဏ်းစာယူစရာ ဖြစ်သည်။အကြောင်းမှာ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြုတ်လည်းပြုတ် ထွက်လည်းထွက်သွားရသောခြင်းကြောင့်ဖြစ်သည်။ မထွက်ဘဲတွယ်ကပ်နေလို့ကတော့ ဗဟိုကော်မီတီတွေကို ချက်ချင်းရွေးချယ်ကာ ပြန်လည်အသစ်ဖွဲ့စည်းကြရန်လိုသည်။
အကြောင်းမှာ ဦးအောင်ရွှေ။ ဒေါက်တာသန်းငြိမ်း။ဦးခင်မောင်ဆွေတို့သည် ပြည်သူများကို ကြောခိုင်းခဲ့ကြသောကြောင့် သူတို့အားထုတ်ပါယ်ရန် အရေးတကြီးလိုအပ်နေသည်။ သူတို့အားလက်သင့်ခံထားပါက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် ရှေ့ဆက်အနာဂါတ်ခရီး၌ ဖြောင့်ဖြူးလှပနေမည်မဟုတ်ပေ။ သူတို့ကို ပြည်သူတွေက မယုံကြည်တော့။ သူတို့က ဒေါ်အောင်ဆန်းစုကြည်၏ယုံကြည်ချက်များနှင့် ထပ်တူထပ်မျကျသော သူများ မဟုတ်။ တိတိကျကျ ပြောရလျှင် ဒေါ်အောင်ဆန်းစုကြည်မှာ စစ်အစိုးရကိုလည်း တိုက်ပွဲဝင်နေရသလို အသားထဲက လောက်ထွက်နေသောသူတို့ကိုလည်း တိုက်နေရသည်မှာ ကြောက်လန့်စရာဖြစ်နေသည်။ ရှင်းရှင်းပြောရလျှင် ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကရေစီတိုက်ပွဲတွင် အပြင်ကရန်သူနှင့် အတွင်းက ရန်သူတို့ ရှိနေသည့်အထဲ ဥက္ကဌတွေ ၊ဗဟိုကော်မီတွေ ပါနေလို့ကတော့ ယခုအနှစ်နှစ်ဆယ်ခရီး ဖြတ်သန်းခဲ့ပြီးပြီ။ သူတို့ကြောင့် ယခုလိုဖြစ်နေသည်ဟု အသံတွေ ထွက်လာပြီ။ သူတို့ရှိလေ ပြည်သူတို့ရွံရှာနေလေမည်မှာ သံသယရှိစရာမလို။ ထို့ကြောင့် သူတို့နှင့်တန်သော ပြုတ်ထွက်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမည်ဖြင့် သူတို့သွားလိုရာသို့ သွားခွင့်သာ ပြုပါလေတော့။
စစ်အစိုးရ၏အကြမ်းဖက်လှုပ်ရှားမူများ မပေါ်ပေါက်လာမှီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နိုင်ငံရေးလှုပ်ရှားမူများကို ဆက်လက်ရှင်သန်စေရန် လိုအပ်နေပြီ။ စစ်အစိုးရက မတရားအသင်းကြေညာလိုက်လျှင် အဖွဲ့ချုပ်ဝင်တွေ မစုစည်းနိုင်ကြသည်မှာ အမှန်ဖြစ်သည်။ သို့သော် သူတို့နေသားကျနေပြီးပါပြီ။ သည်လိုနှင့် သူတို့ရပ်တည်ခဲ့သည်မှာ ဆယ်စုနှစ် နှစ်ကြိမ်တိုင်ခဲ့ပြီ။ ယင်းကြားထဲ အင်္ဂါဘုရားဝတ်ပြုအမျိုးသမီးတွေ။ လူငယ်ထုတွေ လှုပ်ရှားခဲ့ကြသည်။ ဖမ်းဆီးခံရသည်မှာလညိး သူတို့ဘဲဖြစ်သည်။ သူတို့မှာ ရုံးခမ်းမရှိပါဘဲ လှုပ်ရှားခဲ့ကြခြင်းဖြစ်သည်။ စင်စစ် ယခုလည်းသူတို့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရှိနေသည်။ ပြည်သူတို့မှာလည်း ယင်းသို့ခံယူထားသည်။ ရှင်းနေပါပြီ။ လူဖမ်းပွဲကိုမည်သို့ဘဲလုပ်လုပ် အဓိကမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရှင်သန်နေမြဲ။ ရှိနေမြဲ။ ရင်ထဲတွင် ကိန်းအောင်းနေကြမြဲ ။တချိန်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်အပေါ် ဆက်လက်ချစ်ကြည်စွာ ထောက်ခံထားမြဲ။ ဆိုတော့ ပြည်သူတို့က အပြည့်အ၀ ထောက်ခံမူ ပေးထားသော အဖွဲ့ချုပ်အနေဖြင့် ဘာလုပ်ရတော့မည်နည်း ဆိုသည်မှာ ယခုစဉ်းစားဆုံးဖြတ်ရမည့်အချိန်ဖြစ်သည်။
တချို့ ကပြောကြပါသည်။ ပြည်သူတွေက တာဝန်တွေပေးအပ်နှင်းပြီးပြီ။ သူတို့မှာ တာဝန်ရှိပါသည်ဟု။ ကျွန်တော်လည်းယင်းသို့ စာတွေရေးဖူးပါပြီ။ သူတို့ကိုယ်တိုင်ကလည်း တာဝန်ရှိသည်ဟု ယုံကြည်ထားသည်ဟု ဆိုသည်။ ယခုလည်းကြည့်။ ပြည်သူတွေက မှတ်ပုံမတင်ပါနှင့်ဟု တောင်းဆိုမူတွေ တသီကြီးထွက်လာခဲ့သည်ကိုက အားရစရာ။ ကောင်းပါပြီ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ။ရှမ်းအမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ။ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက မည်သို့စစ်အစိုးရအား ဖြုတ်ချရန်ဆောင်ရွက်ကြမည်နည်း။ မေးခွန်းကို မကြာခဏ မေးဖြစ်ကြသည်။ အကောင်အထည်မည်သို့ ဖေါ်ကြမည်နည်း ဆိုသောအချက်ကို တွက်ချက်ကြသည်။
ခုတော့ စင်ပြိုင်အစိုးရသို့မဟုတ် ကြားဖြတ်အစိုးရဖွဲ့စည်းရေး ကို ပြုလုပ်ရန်အချိန်ဖြစ်သည်ဟု ပြောဆိုလာကြသည်။ စင်ပြိုင်အစိုးရဆိုသည်မှာ ၉၀ ခုနှစ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲသော့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၏ တာဝန်ဖြစ်သည်။ သူတို့မှာလုပ်ပိုင်ခွင့် အပြည့်အ၀ရရှိထားသူများဖြစ်သည်။ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မီတီသည် ယင်းကဲ့သို့စင်ပြိုင်အစိုးရကို ဖွဲ့စည်းရန် ဆောင်ရွက်ခဲ့သော အဖွဲ့အစည်းမဟုတ်။ နအဖစစ်အစိုးရမှ ပြည်သူ့လွှတ်တော်မခေါ်ပေး၍ ခေါ်ပေးရန်တောင်းဆိုသော အဖွဲ့အစည်းမျှသာဖြစ်သည်။ တနည်းအားဖြင့် နအဖစစ်အစိုးရမှ ပြည်သူ့လွှတ်တော်တွင် ဖိတ်ကြားခြင်းခံရမည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကို ခေါ်ပေးအောင် လုပ်နိုင်မည်ဟု ထင်ထား ယုံကြည်ထားသူများဖြစ်သည်။ စစ်အစိုးရသည် ပြည်သူ့လွှတ်တော် ခေါ်ယူပေးတတ်သော အာဏာပိုင်အဖွဲ့အစည်းဖြစ်သည်။ မခေါ်တတ်ခြင်းမဟုတ်။ အာဏာလွှဲပြောင်းမပေးလို၍ လွှတ်တော်မခေါ်ခြင်းဖြစ်သည်။ ဆိုရလျှင် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မီတီဆိုသည်မှာ ဘာမျှအသက်မရှိသော ရုပ်ကောင်တကောင်သာဖြစ်ခဲ့ရသည်။ ဤသည်ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တို့မှာ နားလည်လက်ခံရမည့်အချိန်ဖြစ်သည်။ သည်တော့ ၉၀ ခုနှစ်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့သော အဖွဲ့ချုပ်နှင့် အခြားနိုင်ငံရေးပါတီတို့ တခုတည်းသောအလုပ်မှာ စင်ပြိုင်အစိုးရဖွဲ့စည်းရေးဖြစ်သည်။
စင်ပြိုင်အစိုးရဖွဲ့စည်းလိုက်လျှင် အမည်စာရင်းပါရှိသူများမှာ လူဖမ်းပွဲ၌ ပါသွားနိုင်ကောင်းပါသွားလေမည်ဟု တချို့ ပြောကြသည်။ ပြည်တွင်းကလူများကို ထောင်ကျအောင်တွန်းမပို့သင့်ဟု ပြောကြသည်။ ကျွန်တော်တို့မှာပြည်ပမှနေ၍ ပြောဆိုရခြင်းက လွယ်ကူလွန်းပါသည်။ မည်သို့မျှ ပြသနာမတက် ဆိုသည်မှာလည်း မှန်ပါသည်။ သို့သော် တခုတော့ စဉ်းစားကြည့်ရန်လိုသည်။ တပ်မတော်အတွင်းပြိုကွဲမှ ဒီမိုကရေစီရရှိမည့်နည်းလမ်းလည်း မဖြစ်နိုင်။ လူထုအုံကြွမူကြောင့်လည်း မဖြစ်နိုင်သောအခါ ဤအချက်မှတပါး အခြားမရှိဟု ထင်မြင်ယူဆပါသည်။ နောက်တခုက စင်ပြိုင်အစိုးရကိုဖွဲ့စည်းသောအခါ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များထဲက ဒေါင်ဒေါင်မြည်နိုင်ငံရေးသမားများနှင့် ဖွဲ့စည်းရန်လိုပါသည်။
သည်လိုဆိုလျှင် ဖွဲ့ပြီးပြီဆိုပါစို့။ မည်သူတွေကအသိအမှတ်ပြုပါမည်နည်း။ ဤအချက်မှာ အလွန်အရေးကြီးလာသည်။ ရှေးဦးစွာ နအဖစစ်အစိုးရက အသိအမှတ်ပြုပါလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် သူ့အနေနှင့် စင်ပြိုင်အစိုးရဖွဲ့စည်းခြင်းကို ဖျက်သိမ်းရန်တောင်းဆိုလာနိုင်သည်။ သို့မဟုတ် မတရားအသင်းအဖြစ်ကြေညာနိုင်သည်။ ယင်းထက်အခြားလုပ်စရာ သူ့မှာအကြောင်းမရှိ။ ဒုတိယအနေဖြင့် နိုင်ငံတကာမှနေပြီး အသိအမှတ်ပြုလာကြမည်ဖြစ်သည်။ ယခုတောင်မှ ဂျပန်နိုင်ငံက စစ်အစိုးရကို ဒေါ်အောင်ဆန်းစုကြည်မပါသောရွေးကောက်ပွဲကြောင့် မည်သို့မျှ ငွေကြေးထောက်ပံ့ခြင်း မပြုတော့ဟု ကြေညာထားသသည်မှာ ပုပုနွေးနွေးရှိနေဆဲ။ အမေရိကန်အစိုးရကလည်း လက်ပိုက် ကြည့်နေမည်မဟုတ်။ ဤနေရာမှာ ဒေသတွင်းဆူပူမူများ ဖြစ်လာနိုင်သည်ဟု တွက်ဆထားသူများက ဤအစင်ပြိုင်အစိုးရဖွဲ့စည်းလျင် ပို၍စိုးရိမ်စွာ ပြောကြဆိုကြတော့မှာ အမှန်ဖြစ်သည်။
အကယ်၍ စင်ပြိုင်အစိုးရဖွဲ့စည်းရန် အခက်အခဲ ရှိနေလျင် ကြားဖြတ်အစိုးရကို ဖွဲ့နိုင်သည်။ ကြားဖြတ်အစိုးရတွင်မူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအပြင် အခြားနိုင်ငံရေးတက်ကြွသူများပါဝင်နိုင်ရာ လူများ၍ပွဲစည်မည်။
ထို့ကြောင့် ရွေးကောက်ပွဲမပြုလုပ်ခင် ဤအချက်ကို အကောင်အထည်ဖေါ်ဆောင်ရန် ပြုလုပ်သင့်သည်။ စစ်အစိုးရအား ဖြုတ်ချရန် တနည်းအားဖြင့် စစ်အာဏာရှင်စနစ် ဖယ်ရှားရေးအတွက် အဓိကအရေးကြီးဆုံးမှာ ဒီမိုကရေစီအရပ်သားအစိုးရအတွက် အမြန်ဆုံးစင်ပြိုင်အစိုးရပင်ဖြစ်သည်။ ယင်းမှာ မှတ်ပုံမတင်ဟုဆိုသောအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရှေ့ဆက်လုပ်ရမည့် မဟာဗျူဟာ နိုင်ငံရေးလုပ်ငန်းစဉ်ဖြစ်သည်။ မှတ်ပုံမတင်ခြင်းသည် ရွေးကောက်ပွဲကို သပိတ်မှောက်ခြင်းဖြစ်သည်။ သူတို့ကသပိတ်မှောက်လျှင် ပြည်သူတရပ်လုံးကလည်း သပိတ်မှောက်ကြရန်လိုသည်။ ပြောရလျှင် မဲမပေးရေးကို ဆိုလိုခြင်းဖြစ်သည်။ သည်တော့ ရွေးကောက်ပွဲပြုလုပ်မည်ဟု ဆိုသည့် ကာလအထိ မဲမပေးရေးအသိတွေက ပြည်သူတွေဆီမှာ ၀င်ရောက်ခံစားနေဖို့လိုသည်။
ရွေးကောက်ပွဲကာလအထိ ပြည်သူတွေက ထိုင်စောင့်နေရမည်လား ဆိုသော ပြသနာကလည်း ရှိနေလာသည်။ အကြောင်းမှာ ဦးအောင်ရွှေတို့လို ဥက္ကဌတွေက နေရာယူထားသောကြောင့် တိုင်းပြည်နစ်နာခဲ့ကြပြီးပြီ။ ယင်းဒဏ်ကိုပြည်သူတို့ ခါးစည်းအောင် ခံခဲ့ရသည်မှာ မလွယ်လှချေ။ ဤနေရာမှာ ပြည်ပမှနေပြီး လက်နက်ကိုင်တော်လှန်ရေး အဖွဲ့များအနေဖြင့် ကြေညာချက်ကလေးထုတ်ရုံနှင့် မလုံလောက်ပေ။ တယ်လီဖုံးကလေးဖြင့် ပြောဆိုနေ၍ မရ။ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ စုစည်းပြီး နအဖစစ်အစိုးရအား ပြင်းပြင်းထန်ထန် တိုက်ပွဲဆင်နွဲရန်အရေးကြီးသည်။ သို့မှသာ နိုင်ငံတွင်း မငြိမ်သက်မူများ ဖြစ်နေသည်ဟု ပြော၍ရမည်။လက်နက်ဆို၍ အပ်တိုတချောင်းမရှိသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မတရားသော အမိန့်ကို ဖီဆန်ခဲ့ကြပြီးပြီ။ သူတို့ရင်ဆိုင်နေရသူများမှာ တလမ်းကျော်၌ရှိသည်။ ယခုလည်းဝိုင်းထားနေသည်။ ပြည်ပမှ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေက ထောက်ခံပါသည်ဆိုသောကြေညာချက်များကို ထုတ်ပြန်ရန်အချိန်လည်းမဟုတ်။ တနိုင်ငံလုံး မီးဟုန်းဟုန်းတောက်စေဖို့ ပြည်တွင်းမှာ ဗုံးသံအမြောက်သံတွေ မြည်နိုင်အောင် ပြုလုပ်ရန် စုစည်းညီညွတ်ဖို့ အချိန်ဖြစ်သည်။
သို့အတူ ပြည်ပတွင်ဖွဲ့စည်းထားသော နိုင်ငံရေးအဖွဲ့အစည်းများကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မှတ်ပုံမတင်ရေးကို ဆုံးဖြတ်ခြင်းကြောင့် ထောက်ခံပါသည်ဟု ပြောစရာမလိုချေ။ အလုပ်လုပ်ပြရန်သာလိုသည်။ ပြည်ပတွင် ရွေးကောက်ပွဲကို သပိတ်မှောက်ကြသောအဖွဲ့အစည်းများအနေဖြင့် စုစည်းညီညွတ်ပြီး စင်ပြိုင်အစိုးရဖွဲ့စည်းရေးအတွက် နိုင်ငံတကာအစိုးရများမှ မည်သို့အကူအညီမျိုး အသိအမှတ်မျိုးရနိုင်မည်ကို ကြိုးစားရမည့်အချိန်ဖြစ်သည်။ ENC ဆိုသော တိုင်းရင်းသားလူမျိုးများကောင်စီကမူ သူတို့၏ နိုင်ငံတကာတွင် လှည့်ပါတ်ကြေညာပြောဆိုချက်အတိုင်း ယခုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဆုံးဖြတ်ချက်ကို ထောက်ခံကြောင်း ပြောဆိုပိုင်ခွင့် မရှိ။ ကြေညာပိုင်ခွင့် မရှိ။ အဘယ့်ကြောင့်ဆိုသော် ရွေးကောက်ပွဲကို သပိတ်မှောက်ထားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် မည်သူတဦးတယောက်ကိုမျှ ရွေးကောက်ပွဲဝင်ရန်လည်း တိုက်တွန်းနေသူများ မဟုတ်။
မတရားသောအမိန့်အာဏာကို တာဝန်အရဖီဆန်ကြသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြည်တွင်းရော ပြည်ပမှာပါ တက်ညီလက်ညီ လုပ်ကြရန်အချိန်ကျပြီ။ ယင်းမှာ ဒေါ်အောင်ဆန်းစုကြည်က ၀န်းရံပေးကြပါဟု ခဏခဏ
တိုက်တွန်းဟောပြောနေသော အမှာစကားကြောင့် ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သောအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သစ္စာဖေါက်လောက်ကောင်များကို ရှင်းပြီးနေကြပြီ။ နိုင်ငံရေးစနစ်တခုကို ပြောင်းလဲရန် လောက်ကောင်များကိုလည်း ပြတ်သားစွာ ရှင်းရမည့်အချိန်ဖြစ်သည်။ လောက်ကောင်ကိုရှင်းပြီးမှ ရန်သူကိုရှင်းရသည်မှာ လွယ်ကူပါလိမ့်မည်ဟု ယုံကြည်သည်ဆိုလျင် မှားအံ့မထင်။
ခိုင်အောင်ကျော် ( နယူးယောက် )
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment