ရွေးကောက်ပွဲဆိုသည်က ရှင်းရှင်းလေး။ လူဘဲရွေးရွေး ပစ္စည်းဘဲရွေးရွေး ချပြထား။ ကြိုက်သည့်သူကို ကြိုက်သည့်ပစ္စည်းကို ရွေးချယ်ဆုံးဖြတ်။ ခုတော့ ဖြင့် သည်လိုမှမဟုတ် ။ နိုင်ငံရေးသမား ရွေးကောက်ပွဲမှာ နိုင်ငံရေးသမားတွေ မပါရ။ သည်တော့ နိုင်ငံရေးပါတီက မှတ်ပုံမတင်။ ရှင်းနေသည်။ မရှင်းသည်က ပြည်ပက နိုင်ငံရေးပါတီနှင့် ပုဂ္ဂိုလ်တွေ။ မှတ်ပုံမတင်တာ မှားတယ်လို့ ပြောသည့်သူကပြောတော့ ခေါင်းနပမ်းကြီးသွားသည်။ ထပ်၍တခါ ပြောမည်။ နိုင်ငံရေးသမား အလိုရှိသော ရွေးကောက်ပွဲလုပ်မည်။ သို့သော် နိုင်ငံရေးကြောင့် ထောင်ကျနေသော အယူခံဝင်နေရသော နိုင်ငံရေးသမားများကို နိုင်ငံရေးပါတီမှာ မပါစေရဟု ဆိုပြီး တားထားသည်။ ဤသည်ကို မည်သည့်နိုင်ငံရေးသမား မည်သည့်နိင်ငံရေးပါတီကမှ လက်မခံ။ သည်တော့ ပြည်ပက လူတွေ ဘာကြောင့်များ လက်မခံနိုင်အောင် ဖြစ်သွားပြီး မှားတယ်လို့ ပြောရသနည်း။
တချို့ က မှတ်ပုံမတင်တာကို ထောက်ခံသည်။ သို့သော် ရွေးကောက်ပွဲကိုဝင်ကြမည့်သူများအား အားပေးပါသည်ဟု ဆိုပြန်ရော။ လျှာနှစ်ခွနှင့် ပြောခြင်းမျိုး။ အကြောင်းပြချက်က မည်သို့ရှိရှိ မလုံလောက်ထင်သည်။ ကြည့်လေ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မှတ်ပုံမတင်တာသည် ရွေးကောက်ပွဲကို မ၀င်ခြင်းဟု ဆိုထားသည်။ ယင်းမှာ လူတိုင်းကို သိစေထားသည်။ နိုင်ငံရေးသမားတွေကို သိစေထားသည်။ နိုင်ငံရေးပါတီတွေကို သိစေထားသည်။ တကမ္ဘာလုံးကို သိစေထားသည်။ သိစေထားသည်ဆိုခြင်းမှာ နအဖစစ်အစိုးရ၏ ရွေးကောက်ပွဲဥပဒေက မတရား၍၊ စစ်အစိုးရ၏ ၂၀၀၈ ဥပဒေကို လက်မခံ၍ ၊ ရွေဂုံတိုင်ကြေညာချက်ကို လက်မခံ၍ ဖြစ်ကြောင်း သိထားစေခြင်းဖြစ်သည်။
စစ်အစိုးရက ရွေးကောက်ပွဲကို ပြုလုပ်မည်။ သို့ကြောင့် ပွဲစားတွေလိုသည်။ နိုင်ငံခြားသို့ တချို့ လာပြီးပြောသွားပြီ။ ယခုပြည်ပကလူတွေ ရွေးကောက်ပွဲဝင်ဖို့အတွက် လုပ်မည့်သူတွေကို အားပေးထောက်ခံကြောင်း ပြောနေပြီ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပယ်တာမှန်သည်ဟု ပြောသောလေသံမျိုးပြောသကဲ့သို့ မှတ်ပုံတင်ရမည်ဟု ဆိုခြင်းမှာ အဝေးရောက်ကြံ့ဖွတ်တွေဖြစ်နေပြီလို့ ပြောရတော့မည်။ သူတို့မှ စစ်အစိုးရ၏အကြီးစားပွဲစား။သည်တော့ ဒီမိုး ဒီရေ ဒီလူတွေနဲ့ နိုင်ငံရေးရေစက်က ဆုံစည်းနေမှတော့ ပြည်ပက ဇာတ်ကတော့ မျောအုံးမှာ သေချာနေသည်။
ခုတော့ လူတွေစုလာကြပြီထင်ရသည်။ ကွဲတာတွေ ပြဲတာတွေ ဘေးဖယ်ထား။ ဘယ်ပုဂ္ဂိုလ်ဆိုတာတွေကို မေ့ထား။ စုလုပ်ရန် ပေါင်းလုပ်ရန် အဖြေရှာချင်ကြပြီ။ ဆရာကြီးလာမလုပ်ကြနှင့်။ အတွေးတွေကိုစု ပြသနာကိုရှာ ရလဒ်ကိုဆုပ်ကိုင်ရန်ကြိုးစားကြမည်ဆိုသည့် အသံများကြားလာရသည်။ သည်တော့ အမျိုးသားညီညွတ်ရေးတပ်ဦးလို့ ခေါ်ရမည်လားမသိ။ ညီညွတ်အောင်လုပ်ကြရန်သာရှိသည်။ တသံတည်းထွက်ကြရန်ရှိသည်။ တသံတည်းမထွက်၍ ပြသနာများကို ခါးခါးသီးသီးခံစားနေရသည်မှာ ခုအထိ။
သည်နေရာမှာ ၁၉၇၄ ခုနှစ်က မဆလက နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ရွေးကောက်ပွဲကို ပြောချင်သည်။ ဘယ်နယ်ကမှန်းမသိသော ဘယ်မှာနေမှန်းမသိသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ နာမည်ကို မဲရုံတွင် ရေးပြထားသည်။ မဲပေးရန်လူတွေက လာပြီးတော့ မဲပေးကြသည်။ အတိုက်အခံနိုင်ငံရေးပါတီတွေမရှိ။ မဲရုံကိုလာ ဆိုသော စတီရီယိုတေးသံက မဲရုံတိုင်းမှာ လွှင့်ထားသည်မှာ မြို့ လုံးကျွတ်ညံနေသည်မဟုတ် နိုင်ငံလုံးကြွက်ကြွက် ညံနေခဲ့သည်။ နောက်ဆုံးမှာ ရွေးကောက်ပွဲကော်မရှင်က နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အတည်ပြုပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကို ၉၀ ရာခိုင်နုန်းကျော် တခဲနက်မဲပေးရွေးချယ်ခဲ့သည်ဟု ကမ္ဘာကို ကြေညာခဲ့သည်။
မဆလရွေးကောက်ပွဲကို ယင်းသို့ပြုလုပ်ခဲ့ရာ၌ အတိုက်အခံ မြေပေါ်နိုင်ငံရေးပါတီ မရှိ၍ ပြည်သူတရပ်လုံးမှာ အဖြူလည်းမသိ ။ အမဲပုံးလည်းမသိကြ။ ၁၉၉၀ ခုနှစ်တွင် န၀တ ရွေးကောက်ပွဲပြုလုပ်တော့ အတိုက်အခံ နိုင်ငံရေးပါတီရှိနေပြီ။ ထို့ကြောင့် မဆလကို ကြောထောက်နောက်ခံပြုထားသော တစညပါတီမှာ အနိုင်မရခဲ့။ အတိုက်အခံ နိုင်ငံရေးပါတီဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရခဲ့သည်။သို့သော် အာဏာလွှဲပြောင်း မပေးခဲ့။
ယခုတဖန် ရွေးကောက်ပွဲလုပ်မည်။ အတိုက်အခံနိုင်ငံရေးပါတီတွေ အသက်မရှိအောင် လုပ်ထားသည်။ အမှန်တော့ ၁၉၇၄ ခုနှစ် ရွေးကောက်ပွဲနှင့် ထူးမခြားနားပုံစံမျိုး။ ဤရွေးကောက်ပွဲကို ၀င်လို့ကတော့ ဘာမှပြောပိုင်ခွင့်လည်း ရှိမည်မဟုတ်။ ဆိုပိုင်ခွင့်လည်း ရှိမည်မဟုတ်။ မှတ်ပုံမတင် ရွေးကောက်ပွဲမ၀င်ဟု ကြေညာသောနေ့က မှတ်ပုံ့တင်ချင်သော ရွေးကောက်ပွဲဝင်ချင်သော သူများမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစည်းအဝေးခမ်းမ ရှေ့တွင် ရှေ့ဆုံးထိုင်ခုံနေရာများ၌ ထိုင်နေခဲ့ကြသည်။ သူတို့တလုံးတပါဒမျှ စောဒကတက်ပြီးမှတ်ပုံတင်ချင်ပါသည်ဟု မပြောမဆိုခဲ့။ မပြောရဲခဲ့ ။မဆိုရဲ့ခဲ့။ ဒီမိုကရေစီရုံးခမ်းမထဲ လွပ်လွပ်စွာဆွေးနွေးသည့် ယင်းအခမ်းအနားမှာ မှတ်ပုံတင်ချင်သော သူများမပြောဆိုခဲ့ဝံ့။ သူတို့မှာ လက်နက်ကိုင်သမားများလည်းမရှိ။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို သိရှိသော သူများဖြစ်သည်။
သို့ပေမင့် အကယ်၌ရွေးကောက်ပွဲဝင်ပြီး လွှတ်တော်ကျလျှင် သူတို့လိုချင်သော ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံပြန်လည်ပြင်ဆင်ရေးတို့ကို ထောက်ြ့ပဝေဖန် ဆွေးနွေးမည်ဟု ဆိုသည်။ ယင်းမှာ လက်မခံနိုင်စရာ။ စစ်အစိုးရ ပြည်သူ့လွှတ်တော်မှာ လက်နက်ကိုင်တွေ တပုံကြီး။ အတွင်းပိုင်းမှာလည်း လုံခြုံရေး အပြင်မှာလည်း လုံခြုံရေးနှင့်။ လွှတ်တော်ကိုယ်စားလှယ်တွေလည်း စစ်ဗိုလ်ချုပ်တွေ ဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးခမ်းတွင် ဘာမျှမပြောဆိုခဲ့ဝံ့သော သူတို့၏သတ္တိကို တွေးကြည့်က သိနိုင်သည်။ စစ်အစိုးရနှင့် ပုလဲနံပသင့်ချင်၍ ရွေးကောက်ပွဲဝင်မည်ဆိုလျှင် လုံလောက်နေပြီ။ထပ်ပြီးစောဒက တက်ပြစရာမလို။
ခုအချိန်မှာ ၂၀၁၀ ရွေးကောက်ပွဲကို မှတ်ပုံမတင် ရွေးကောက်ပွဲမ၀င်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တသားတည်းကျနေရန်လိုသည်။ ရွေးကောက်ပွဲမ၀င်ဟု ဆိုလိုက်ခြင်းသည် အသိအမှတ်မပြုခြင်းဖြစ်သည်။ ပြည်တွင်းနိုင်ငံရေးပါတီများက အသိအမှတ်မပြုကြချိန် ပြည်ပမှဒီမိုကရေစီအတိုက်အခံများက ပို၍ပင်အသိအမှတ်ပြုစရာမလို။ ခက်နေသည်မှာ ပြည်ပမှာရှိနေသော ပုဂ္ဂိုလ်တွေက ဆရာကြီးတွေများသည်။ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ လုပ်တုံးက အရှေ့ဘက်မှ NO ဆိုပြီးထအော်လိုက်သည်။ သည်တော့ ပြည်တွင်းမှာ တခါတည်းနိုးသံထွက်သွားသည်။ အဖွဲ့ချုပ်က ဘာမျှမပြောလိုက်ရသေး။
သိုသော် အနောက်ဘက်မှ လက်မခံ။ အိန္ဒိယနိုင်ငံ နယူးဒေလီမှာရှိသော ကျွန်တော်တို့ကမူ NO ကိုလက်မခံ။ အပြတ်ပြောချင်သည်။ဆိုချင်သည်။ သပိတ်မှ သပိတ်ဆိုပြီး ကြေညာချက်တွေထုတ်သည်။ အရှေ့ဘက်ကိုကန့်ကွက်စာတွေထုတ်သည်။ နယူးဒေလီရှိ အတိုက်အခံအစည်းအဝေးခမ်းမ ဆွေးနွေးပွဲများတွင် စကားရည်လုပွဲများ ကျင်းပပြီး သပိတ်လုပ်ရမည်ဟု ပြောကြသည်။ဆိုကြသည်။ မည်သို့ပင်ဆိုစေ ကျွန်တော်တို့ နောက်ကျခဲ့ရသည်။ ပြည်သူတို့မှာ နောက်ကြောကို သေနတ်နှင့် ချိန်ထားသောသူတွေရှေ့မှာ နိုးဆိုသော မဲကို ပေးရန် မည်သည့်အကြောင်းပြချက်မျှမရှိခဲ့။ ဖြူလျှင်လည်း မဲလည်းဖြူ နေသော အခြေအနေကို မည်သူမှလုပ်၍ မရ။ သူတို့စစ်တပ်မှာ ဥပဒေမျှမရှိခြင်းဆိုတော့ သေပေရော့။
ကောင်းပြီ။ ခုလည်းကြည့်။ တရားမျှတမူ ရှိမည့်အနေအထားကို တစက်မျှ မတွေ့ရ။ မလုပ်ခင်ကတည်းက အတွေ့အကြုံတွေ တနိုင်ငံလုံးသားတွေမှာ ကိုယ်စီကိုယ်ငှရှိပြီးသား။ ဤပွဲကို လက်သင့်ခံနိုင်စရာမရှိ။ ဤပွဲမှ အသွင်ကူးပြောင်းပြီး မြန်မာနိုင်ငံ တိုးတက်ဖွဲ့ဖြိုးသာယာလှပလာမည်ဟု မည်သူမျှ အတပ်မပြော။ ကမ္ဘာမှလည်း သံသယရှိကြသည်ဟု ဆိုသည်။
အာဆီယံနိုင်ငံတွေမှာလည်း သံသယတွေအပြည့်။ ဆိုရလျှင် ကျွန်တော်တို့ တသံတည်းထွက်ပေးရုံသက်သက်။ လျှာနှစ်ခွလိုပုံစံတွေနှင့် ပြောစရာတကွက်မျှမရှိ။ မောင်မင်းကြီးသားတို့ ဆရာကြီးမလုပ်နှင့်။ ပွဲကြည့်ပရိတ်သတ်လိုနေပေးရုံ။
၂၀၁၀ ရွေးကောက်ပွဲကို မည်သည့်နည်းနှင့်မဆိုဖျက်ရမည့် တာဝန်မှာအတိုက်အခံတို့ တာဝန်ဖြစ်သည်။ ယင်းမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မတ် ၂၉ ရာဇသံ အလိုအရ ဖြစ်သည်။ သည်တော့ မည်သို့ဖျက်မည်နည်း။ ရှေးဦးစွာ အမျိုးသားညီညွတ်ရေးတပ်ဦးဆိုသော အဖွဲ့အစည်းတခုကို ခိုင်မာစွာ ဖွဲ့စည်းရန်အရေးကြီးသည်။ ယင်းအဖွဲ၏ မဟာဗျူဟာ ရည်မှန်းချက်မှာ ၂၀၁၀ ရွေးကောက်ပွဲမပြုလုပ်နိုင်ရေးဖြစ်သည်။ မဟာဗျူဟာကို အကောင်အထည်ဖေါ်ဆောင်ရန်အတွက် နည်းဗျူဟာများကို တိကျစွာချမှတ်ရန်အရေးကြီးသည်။
ပြည်ပရောက်အတိုက်အခံများအဖို့ နိုင်ငံတကာ သံခင်းတမန်းခင်းတွင် အာရုံစိုက်လုပ်ရန် အရေးကြီးနေမူကို သတိထားရမည်ထင်သည်။
အဘယ့်ကြောင့်ဆိုသော် အမေရိကန်အစိုးရမှ လှ့တ်တော်ကိုယ်စားလှယ်တွေက ရွေးကောက်ပွဲဆိုင်ရာ မဲပေးပုံ မဲပေးနည်းတွေ သဘောတရားတွေကို မီဒီယာများမှ ဥပမာ RFA,BBC, VOA, DVB တို့မှ သင်ကြားပို့ချပေးရန်လိုအပ်နေပြီဟု ပြောဆိုသွားသည်။ ယင်းစကားမှာ ကျွန်တော်တို့ တချိန်လုံးလုပ်ခဲ့သမျှ အမေရိကန်အစိုးရက နားလည်လိုက်သော နိုင်ငံရေးဖြစ်နေသည်။ ထို့ကြောင့် ပြည်ပမှာနေကြသော ကျွန်တော်တို့တွေ တသံတည်းထွက်ကြဖို့ အရေးကြီးနေသည်ဟု ပြောခြင်းဖြစ်သည်။ ယင်းအသံကို အမေရိကန်အစိုးရ ဆီးနိတ်တာများထံသို့ ပြတ်ပြတ်သားသား ရှင်းလင်းပြရတော့မည်ဖြစ်သည်။
သူတို့က ကျွန်တော်တို့ဆီလာသောအခါ လမ်းမှားက လာနေပြီ။ ကျွန်တော်တို့က လမ်းမှန်ဖြင့် သွားကြရန် နည်းဗျူဟာချမှတ်ဖို့လိုသည်။ ယင်းနည်းဗျူဟာသည် မဟာဗျူဟာသို့ ခရီးပေါက်ရမည်။ ဗြောင်ဘဲဖြစ်ဖြစ် လျှို့ ဝှက်ဖြစ်ဖြစ် ထောက်ခံမူကို မည်သူ့ထံမှမဆို ရရှိဖို့ ဆောင်ရွက်ဖို့ဘဲလိုသည်။ နိုင်ငံတကာမှ အကူအညီများမှာ အခုအချိန်တွင် သေရေးရှင်ရေးတမျှ အရေးကြီးသည်။ ပျော့ညံ့ညံ့အတွေးအခေါ်တွေနှင့် လုပ်နေ၍တော့မရ။ လုံခြုံရေးကောင်စီထိ တက်လာသည့်တိုင်အောင် တရုပ်နိုင်ငံသည် မြန်မာ့ဒီမိုကရေစီအင်အားစုတို့ကို ဂရုမစိုက်။ သို့သော် ၁၉၉၀ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မဲအနိုင်ရရှိသောအခါ ကွန်ဂရက်ကျူးလေးရှင်းပါဟု ပြောကြားသောနိုင်ငံမှာ အယင်ဆုံးတရုပ်နိုင်ငံဖြစ်ခဲ့သည်။ ဆိုတော့ တရုပ်ကို ချဉ်းကပ်ဖို့ သို့မဟုတ် ရာဇသံပေးဖို့ တခုခု လုပ်ရတော့မည်။
ထို့ကြောင့် ယခုကျွန်တော်တို့ သံခင်းတမ်ခင်းစကားကို အပြတ်ပြောရတော့မည်ဖြစ်သည်။ ယင်းသို့ ပြောနိုင်အောင် ကိုယ့်လူတွေပါးစပ်ကို ပိတ်ထားရတော့မည်။ ပြည်တွင်းက ကြံ့ဖွတ်တို့ ရွေးကောက်ပွဲကို ၀င်ဖို့၊ တစညတို့ ရွေးကောက်ပွဲကိုဝင်ဖို့၊ ကြိုးစားချင်ကြိုးစားနေပါလေစေ။ ပြည်ပမှ အငှားလိုက်ပြီး ဗိုက်ကိုအထိုးမခံကြဖို့လိုသည်။ တနည်းအားဖြင့် ပြည်ပမှာ အဝေးရောက်ကြံ့ဖွတ်တွေ မဖြစ်ဖို့လိုသည်။ ဒင်းတို့တွေ ဖြစ်နေလို့ကတော့ ကျွန်တော်တို့မှာ မည်သို့မျ အောင်မြင်မူမရရှိနိုင်။ အိန္ဒိယနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ကနေဒါနိုင်ငံတို့တွင် ရွေးကောက်ပွဲကို ၀င်လျှင်ထောက်ခံပါသည်ဟုဆိုပြီး ရုံးခမ်းတွေဖွင့်ပြီးနေသော သူတို့မှာ နအဖစစ်အစိုးရမှ လူယုံများမဟုတ်။ ဒီမိုကရေစီအတိုက်အခံများမှ လူများဖြစ်နေသည်။တချို့ 
လူငယ်များက ယင်းလူများကို နားမလည်နိုင်စွာဖြစ်နေကြရသည်။ သူတို့က ဒီမိုကရေစီအတိုက်အခံများဆိုလျှင် ရွေးကောက်ပွဲကို ဆန့်ကျင်သည်ဟု ထင်ထားသည်ကိုး။
ထိုပုဂ္ဂိုလ်လ်ကြီးတို့က ယင်းနိုင်ငံအစိုးရလွှတ်တော်ကိုယ်စားလှယ်များနှင့် ဆွေးနွေးထားနေတော့ သူတို့အစိုးရက မည်သို့မျှ ပါးစပ်ကေ၇ွးကောက်ပွဲနှင့် ပါတ်သက်၍ မပြောတော့။အားလုံးပါဝင်နိုင်ရေးလောက်ကိုသာ ပြောတတ်ပြီး သပိတ်မှောက်ကြမည်ဆိုသော စကားကိုမူ သူတို့မကြားဖူးချေ။ သူတို့ကြားဖူးအောင် ပြောဆိုဖို့အချိန်သည် သင်္ကြန်မတိုင်မှီဖြစ်သည်။
ဆိုတော့ နိုင်ငံတွေကို ရွေးကြဖို့လိုပြီ။ ဆရာကြီးတွေက ရင်းနှီးပြီးသောနိုင်ငံများကို သတိမရခင်စပ်ကြားမှာ ဒီမိုကရေစီအတိုက်အခံများက လက်ဦးမူယူပြီး သွားရန်လိုပြီ။ ရွေးကောက်ပွဲကို သပိတ်မှောက်စေသော နည်းလမ်းကိုချပြပြီး ထောက်ခံမူရအောင် တင်ပြဆွေးနွေးဖို့ အချိန်မှာ ယခုအချိန်ဖြစ်သည်။
တိကျစွာပြောချင်သည်။ အမေရိကန်အစိုးရသည်ပင်လျှင် ဒီမိုကရေစီအတိုက်အခံများက သပိတ်မှောက်ကန့်ကွက်မည်ဟု ယခုအချိန်ထိ ပြည့်ပြည့်၀၀ မယုံကြည်သေး။ အားလုံးပါဝင်နိုင်ရေးကို တောင်းဆိုနေတုံးဟု ထင်နေဆဲ။ တွေ့ဆုံဆွေးနွေးရေးကို တောင်းဆိုနေဆဲဟု ထင်နေသည်။ စင်စစ်ခုအချိန်မှာ ညံ့နေ၍ဖြင့် မဖြစ်တော့။ တက်သုတ်ရိုက်ပြီးလုပ်ကြဖို့ အရေးတကြီးအချိန်ဖြစ်သည်။ ကျွန်တော်တို့က သပိတ်မှောက်ကန့်ကွက်ကြောင်းကို နိုင်ငံတကာသိအောင် ကြေညာရန်လိုသည်။ တချိန်ထဲမှာ မဲမပေးရေး သပိတ်မှောက်အကြောင်းကို ပြောဆိုထားရမည်။
တခုတော့ ရှိသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဆောင်ပြီး စင်ပြိုင်အစိုးရကို ဖွဲ့စည်းခဲ့လျှင်မူ ၂၀၁၀ ရွေးကောက်ပွဲကို ပြုလုပ်နိုင်သည့် အလားအလားတစက်မျှမရှိချေ။ အကြောင်းမှာ သူတို့နှင့် စင်ပြိုင်အစိုးရတရပ်ရှိနေလို့ကတော့ နိုင်ငံတကာအစိုးရများမှ အသိအမှတ်ပြုခြင်းအပေါ် စစ်အစိုးရသည် မျက်ကလဲဆန်ပြာ ဖြစ်သွားမှာသေချာသည်။ ထို့ကြောင့် ယင်း ၂၀၁၀ ရွေးကောက်ပွဲဖျက်ဆီးရေး ဆိုသော မဟာဗျူဟာမှာ အထမြောက်သွားမည်ဖြစ်သည်။ မည်သည့်နည်းနှင့်မျှ ရွေးကောက်ပွဲကို သူတို့မပြုလုပ်နိုင်တော့ ။ နည်းတူ တွေ့ဆုံဆွေးနွေးရေးလမ်းစသည်လည်း ယင်းအချိန်မှာ ပေါ်ပေါက်လာနိုင်သည်။
အကယ်၍ပိုးစိုးပက်စက် ဖမ်းဆီးမည်ဆိုလျှင်တောင်မှ စင်ပြိုင်အစိုးရမှ လူပုဂ္ဂိုလ်တိုင်းကို ဖမ်းဆီးနိုင်မည့်လက္ခဏာ မရှိချေ။ ထို့ကြောင့် စင်ပြိုင်အစိုးရသည် မြန်မာနိုင်ငံအတွင်း၌ ရှိနေလျှင် ကမ္ဘာကြီးသည် နိုင်ငံတကာရွေးကောက်ပွဲဥပဒေကို လေးစားစွာဖြင့် ကိုင်တွယ်ဖြေရှင်းရတော့မည်ဖြစ်သည်။ ၄င်းမှာဒေသတွင်းငြိမ်းချမ်းမူများကို ထိခိုက်လာခြင်းကြောင့်ဖြစ်သည်ဟု ဆိုချင်သည်။
သည်တော့ တသံတည်းထွက် ၊ နိုင်ငံတကာအစိုးရများနှင့် တိုက်ရိုက်စကားပြောရန်လိုပြီ။ သို့သော် ယခင်ကရှိခဲ့သော အဝေးရောက်ကော မရောက်ကော အဖွဲ့စည်းမျိုးမဟုတ်ဘဲ အသစ်စက်စက် အဖွဲ့မျိုး၊ နာမည်ပျက်မရှိသူများဖြစ်သင့်သည်။
ပြီးတော့ ၂၀၁၀ ရွေးကောက်ပွဲကို ဘယ်နည်းနှင့် မဆို သပိတ်မှောက်သည်ဟု ပြောပြရန်လိုသည်။စင်ပြိုင်အစိုးရဖွဲ့လျှင် မည်သည့်နိုင်ငံက အသိအမှတ်ပြုမည်လဲဆိုသည်ကို ဆွေးနွေးရမည့်အချိန်မှာ ယခုအချိန်သာ ဖြစ်သည်ဟု ပြောချင်သည်။ ယင်းမှာအကောင်းဆုံး ၂၀၁၀ ရွေးကောက်ပွဲမပြုလုပ်နိုင်သော နည်းလမ်းဟု ထင်မြင်ကြောင်းပြောက လွန်အံ့မထင်။။။။။
ခိုင်အောင်ကျော် ( စစ်တွေ )
အညာနွေတမာမြေ
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment