၁၉၄၈ ခုနှစ် မြန်မာပြည်လွတ်လပ်ရေး ရပြီးနောက် တိုင်းရင်းသားများအခွင့်အရေး တောင်းဆိုမှုကို ကြုံတွေခဲ့ရပြီး တန်းတူ အခွင့်အရေး၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်တို့တောင်းဆိုမှု များရှိခဲ့သလို ဒယ်ဒရယ်မူကို လက်ခံသူများ၊ ဖယ်ဒရယ်မူကို လက်မခံဘဲ ကိုယ့်ကြမ္မာ ကိုယ်ဖန် တီးခွင့် တောင်းပြီး ကိုယ်ပိုင်လွတ်လပ်သော နိုင်ငံထူထောင်လိုသူများ ပေါ်ထွက်လာခဲ့ပြီး ပြည်တွင်း စစ်မီးတောက်လောင်လာခဲ့ရသည်။
ယနေ့အခြေအနေသည် တိုင်းရင်းသားအရေး၊ မြန်မာ့အရေးဟူ၍ ခွဲခြားပြောနေရမည့် အချိန် မဟုတ်ပေ။ တိုင်းရင်းသားများအရေးသည် မြန်မာ့အရေးဖြစ်သလို၊ မြန်မာ့အရေး သည်လည်း တိုင်းရင်းသားများ အရေးပင်ဖြစ်သည်။ ပြည်တွင်းစစ်သည် တိုက်ခိုက်နေသည့် ဘက်များ အားလုံးသို့ အကျိုးထက်အဆိုးကိုသာ ဖြစ်စေခဲ့သည်ကို မြန်မာ့သမိုင်းက သက်သေ ပြခဲ့ပြီး ဖြစ်သည်။ ယနေ့မြန်မာနိုင်ငံသည် မြန်မာ့သမိုင်းတွင် မကြုံစဖူးသော စစ်အာဏာရှင် စံနစ်ဆိုး အောက်တွင် ရောက်ရှိနေခဲ့ရသည်၊ မြန်မာပြည်သူတို့သည် မိမိလူမျိုးချင်း ကျွန်ပြုမှုကို ခါးစည်း ခံနေနေရသည့် အခြေအနေတွင် ရှိသည်။ မြေပြန့်တွင် နေထိုင်သည့် ဗမာလူမျိုးများမှ အစ တောင်းတန်းဒေသတွင် နေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးစုများအားလုံး စစ်အာဏာ ရှင် စံနစ်၏ ခါးသည်းမှုကို တန်းတူညီမျှ ခံစားနေရသည်မှာ ယနေ့မြန်မာနိုင်ငံသားများ၏ ပက တိ အခြေအနေဖြစ်သည်။
စစ်အာဏာရှင်တို့သည် ငြိမ်းချမ်းရေးကို ဆောင်ကျဉ်းသူများဖြစ်သည်ဟူသော ကြွေး ကြော်ချက်ဖြင့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများနှင့် အပစ်အခတ် ရပ်စဲခဲ့သည်မှာ နှစ်ပေါင်း (၂၀) တိုင်ပင် ရှိခဲ့ပြီဖြစ်သည်။ ထိုကဲ့သို့ လုပ်ဆောင်ရာတွင် ရည်ရွယ်ချက်မှာ အမှန်တကယ် ငြိမ်းချမ်ရေးရရှိရန်အတွက်ထက် ၎င်းတို့ ၁၉၈၈ နောက်ပိုင်း တွင် ရင်ဆိုင်နေရသည့် အနီးဆုံးရန်သူဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အား နှိမ်နင်းသည့်အခါတွင် လွတ်လွတ်လပ်လပ် NLD ကိုသာ ဦးတည်တိုက်နိုင်ရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။
(၁) တိုင်းရင်းသား လက်နက်ကိုင်များကို ယာယီငြိမ်းချမ်းရေးယူ၍၊ ဦးစွာ NLD ကို နှိမ်နှင်းရန်။
(၂) NLD ကို နှမိနင်းပြီးနောက် ၎င်းတို့ ဆက်လက်အာဏာရရှိရေးအတွက် အရပ်သား အစိုးရကို ဖန်တီးရန်။
(၃) ငြိမ်းတပ်ဖွဲ့များကို တဖွဲ့ခြင်း မျိုးဖြုတ်၍ တပြည်လုံးစစ်ကွန်ယက်အောက်တွင် ထားရှိရန်။
ဆိုသည့် အဆင့်သုံးဆင့်ကို ချမှတ်ပြီး စံနစ်တကျ လုပ်ဆောင်နေခဲ့ခြင်းဖြစ်သည်။
ပထမအဆင့်အနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲကျင်းပစဉ် ပြင်ပအသိုင်းအ၀ိုင်းတွင် မရှိစေရန် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ချထားခြင်း၊ ငြိမ်းအဖွဲ့များကို ရွေးကောက်ပွဲ မတိုင်မှီ နယ်ခြားစောင့်တပ် အသွင်ပြောင်းလဲရန် တပ်ဖွဲ့ဝင်ဦးရေကို လျော့ချရန် ဖိအားပေး ခြင်းတို့ကို တပြိုင်နက် ပြုလုပ်လာခဲ့ပေသည်။ ငြိမ်းအဖွဲ့များကို ဖိအားပေးရာတွင် အင်အား နည်းသော အဖွဲ့များကို စတင်ပြုလုပ်လာပြီး နောက်ဆုံးကိုးကန်အဖွဲ့အား ဖိအားပေးရာတွင် လက်မခံသည့်အတွက် ဥက္ကဋ္ဌ ဖုံကြားရှင်နှင့် ဒုဥက္ကဋ္ဌ ပိုင်ဆုံချိန်တို့ကြားသပ်လျှို ဖြိုခဲ့သည်။ KNU နှင့် DKBA တို့ ကွဲခဲ့သည်ကို ကိုးကန့်အဖွဲ့မှ နမူနာယူသင့်လျက် မယူနိုင်ခဲ့ခြင်းသည် နအဖ၏ Divide and Rule Policy ကို ပိုမို အားကောင်းသွားစေခဲ့ပေသည်။
သို့ရာတွင် ဖုန်ကြားရှင်တို့၏ ကိုးကန့်လက်နက်ကိုင်အဖွဲ့ ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA) သည် ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSA) တို့ ပူပေါင်း၍ မဟာမိတ်ဖွဲ့ထားခြင်းကြောင်း တဖွဲ့ကို တိုက်လျှင် ကျန်အဖွဲ့များကိုပါတိုက်ခြင်း ဖြစ်သည်ဟု ယူဆထားခြင်းကို ခိုင်မာမှု ရှိမရှိ စမ်းသပ်လိုက်ခြင်းလည်းဖြစ်နိုင်ပေသည်။ ကိုးကန့်ကို တိုက်သည်ကို ၀မှ လက်ပိုက်ကြည့်နေလိုက်ပါက နောင်တွင် အင်အားကြီးသော ၀ကို ချန်၍ KIO ကို တိုက်ပေလိမ့်မည်၊ KIO ပြုတ်သွားလျှင် ၀ကို နောက်ဆုံးထား ခြေမှုန်းဘို့ ရှိပေသည်။
မည်သူနိုင်မည်နည်း
မည်သည့်ဘက်က နိုင်မည်ဆိုသည်ကို KNU ၏ အဖြစ်အပျက်ကို နမူနာ ထား၍ ကြည့် နိုင်သည်။ KNU သည် DKBA ခွဲထွက်သွားပြီးနောက် အင်အားချိနဲ့သွားခဲ့ရသည်။ ထို့အပြင် နအဖ၏ တံခါးဖွင့် စီးပွားရေးဝါဒကြောင့် ထိုင်းနိုင်ငံရေးသမားတို့အတွက် ယ္ခင်နယ်စပ် ကုန်သွယ်ရေးထက် အကျိုးအမြတ်ကြီးမားသော နအဖထံမှ တရားဝင်ကုန်သွယ်ရေးကို ဦးစားပေးလာခဲ့ပြီး KNU နှင့် စီးပွားရေး၊ စစ်ရေး အဆက်အသွယ်များဖြတ်တောက်ပစ်ခဲ့ပြီး၊ လက်နက်ရောင်းဝယ်မှုကို တင်းကြပ်စွာ ထိန်းချုပ်လာခဲ့သည့်အတွက် KNU တို့ အားနည်း သည်ထက် နည်းလာခဲ့ရသည်။ သို့ရာတွင် KNU သည် နှစ်ပေါင်း (၂၀) ကျော် ဆက်လက်၍ ခုခံတိုက်ပွဲဝင်နေတုံးဖြစ်သည်။ ထို့ကြောင့် နအဖအနေနှင့် ၀၊ ကိုးကန့်၊ ကေအိုင်အေတို့ တပ်ပေါင်းစုကို တိုက်မည်ဆိုလျှင် နှစ်ပေါင်း (၂၀) အတွင်း နိုင်အောင်မတိုက်နိုင်ချေ။ ထို့ပြင် ကိုးကန့်နှင့် ၀တိုင်းရင်းသားများသည် ကရင်နှင့် မတူညီကြချေ။ ကရင်နှင့် ထိုင်း(ယိုးဒယား) လူမျိုးတို့ များစွာ ကွဲပြားကြပါသည်၊ ရုပ်ရည်၊ အသားအရောင်၊ ဘာသာစကားမတူညီကြပါ။
သို့ရာတွင် ကိုးကန့်၊ ၀နှင့် ကချင်တိုင်းရင်းသားများသည် တရုတ်ပြည်နှင့် လူမျိုး၊ ဘာသာစကား၊ ရုပ်သွင်မှအစ ဆက်စပ်နေကြပါသည်။ မြန်မာနိုင်ငံတွင် ၀များ ကိုးကန့်များ၊ ကချင်များရှိသကဲ့သို့ တရုတ်ပြည် ယူနန်နယ်တွင်လည်း ၀များ၊ ကချင် (ဂျိန်းဖော)၊ ကိုးကန့် လူမျိုးများနေထိုင်ကြပါသည်။ ယူနန်မြို့တော်ကူမင်းမြို့တွင် တိုင်းရင်းသားကျေးရွာသို့ စာရေး သူသွားရောက် လည်ပတ်ဖူးပါသည်။ မြန်မာပြည်တွင်းရှိ တိုင်းရင်းများ နည်းတူ ယူနန်နယ်တွင် အများအပြားမှီတင်းနေထိုင်ကြပါသည်။
ယူနန်နယ်ကို တရုတ်ပြည်၏ " တောင်ပိုင်းမှ မိုးတိမ်များ" (South of the Clouds) ဟု တင်စားခေါ်ဝေါ်ပါသည်။ ယူနန်နယ်သည် စတုရန်းမိုင်းပေါင်း 15,000 ရှိပြီး မြို့တော်မှာ ကူမင်း ဖြစ်ပါသည်။ ၈ ရာစုနှစ်တွင် ယူနန်ပြည်နယ်အား တိဘက်တို ဘာမင်းစကားပြော မင်းဆက် ဖြစ်သည့် နန်ဇို ( Nanzhao ) များ အုပ်စိုးခဲ့ဖူးပါသည်။ နန်ဇိုသည် လူမျိုးစု ပေါင်းစပ်ထားသည့် မျိုးဆက်ဖြစ်ပြီး ယီ (yi) နှင့် မွန်-မြန်မာ(yi and Mon-Burmese) မျိုးနွယ် စကားပြော သူများဖြစ်ပါသည်။
ထို့ကြောင့် ၀၊ ကချင်နှင့် ကိုးကန့်တို့သည် မြန်မာပြည်ဖွားများဖြစ်သလို၊ တရုတ်ပြည်ဖွား များလည်းဖြစ်ပါသည်။ ဗကပ လွှမ်းမိုးခဲ့စဉ်က ၎င်း ဗကပ တပ်မှုးများသည် ၀၊ ကချင်၊ ကိုးကန့်များဖြစ်ကြပြီး ၎င်းတို့သည် တရုတ်ကွန်မြူနစ်ပါတီ ကေဒါသင်တန်းဆင်း များလည်း ဖြစ်ကြသည့်အတွက် ကွန်မြူနစ်ပါတီနှင့် ရင်းနှီးကြသူများဆိုလျှင် မမှားဟု ပြောနိုင်ပါသည်။ ထို့ကြောင့် ယနေ့နှစ်ပေါင်း (၂၀) အပစ်အခတ်ရပ်စဲထားခြင်းကို နအဖမှ စတင်ချိုးဖောက် လိုက်ခြင်းဖြင့် ဒေသတွင်း တည်ငြိမ်မှုကို ချိမ်းခြောက်လာခဲ့ပါသည်။ တရုတ် အစိုးရက နအဖ အပေါ် ထောက်ခံမှုသည် မိမိတိုင်းပြည်ကို တည်ငြိမ်အောင် ထိန်းထား နိုင်သဖြင့် ထောက်ခံ နေခြင်းဖြစ်ကြောင်း တဖွဖွ ပြောကြားခဲ့ပါသည်။ တဦးပြည်တွင်းရေး တဦးဝင်မစွက်ဖက်ရေး မူဝါဒအရ တရုတ်က နအဖအားကူညီထောက်ခံခဲ့မှုသည် ယနေ့တွင် မေးခွန်းထုတ်ရတော့ မည်ဖြစ်သည်။ နအဖနှင့် ကိုးကန့် တိုက်ပွဲကြောင့် တရုတ်ပြည်သို့ လူတသောင်းကျော်ဝင် ရောက်လာခဲ့သည့်အပေါ် တရုတ်အစိုးရမှ နေရာထိုင်ခင်းများကို လူမနေသော အစိုးရအိမ်ယာ များတွင် ချပေးခြင်းကိုကြည့်လျှင် တရုတ်အစိုးရသည် ထွက်ပြေးလာသည့် ၀၊ ကချင်၊ ကိုးကန့် များကို ၎င်းတို့လူမျိုးများသဖွယ် ဆက်ဆံကြောင်း တွေ့ရှိရသည်။ ထို့ပြင် ၎င်းအချက်သည် ဒေသတွင်း တည်ငြိမ်မှုမရှိတော့ကြောင်း သက်သေပြ ချက်တခုပင်ဖြစ်သည်။ ၎င်းအချက်သည် ယိုးဒယားတို့ ကရင်စစ်ပြေးဒုက္ခသည်များ အပေါ် ဆက်ဆံပုံနှင့် လွန်စွာခြားနားကြောင်း တွေ့ရမည်ဖြစ်သည်။ ကရင်ဒုက္ခသည်များ ကိုယ့်အိမ် ကိုယ်ဆောက်၍ တောထဲတွင် ယိုးဒယား တို့က နေရာပေးခဲ့ခြင်းနှင့် တရုတ်တို့ စစ်ပြေးတို့အပေါ် ဆက်ဆံခြင်းမတူညီချေ။ နအဖ တို့သည် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များတွင် အင်အားအကြီးဆုံးဖြစ်သော ၀တပ်များကို လျော့တွက်၍ မရချေ။ ၎င်းဝတပ်၊ ကချင်တပ်များနောက်တွင် တရုတ်ကရှိနေပေသည်။ တရုတ် ကြီးထံ နအဖမှ ဗိုလ်ချုပ်ရွှေမန်း တိတ်တဆိတ် (၃) ကြိမ်မြောက်သွားရောက် ဆွေးနွေးနေ ကြောင်းလည်း သိသဖြင့် နအဖသည် တရုတ်နှင့် ကိုးကန့်ကိစ္စကို ညှိုနှိုင်းနေသည်ဟု ယူဆ ရသည်။
တိုင်းရင်းသားအရေး အားလုံးအရေး
တိုင်းရင်းသားများအရေး မကြေလည်သမျှ၊ ငြိမ်းချမ်းစွာ မဖြေရှင်းသမျှ မြန်မာပြည်တွင် ပြည်တွင်းစစ်မီးဆက်လက်တောက်လောင်နေမည်သာဖြစ်သည်။ တိုင်းရင်းသားများ တိုင်းရင်း သားအရေး သက်သက်ကိုသာကြည့်နေလျှင်လည်း နအဖသည် သွေးခွဲအုပ်ချုပ်ရေးနည်း (Divide and Rule) အရ သွေးခွဲ အုပ်ချုပ်နေဦးမည်ဖြစ်သည်။ အထူးသဖြင့် ၀တပ်မှုးများနှင့်၊ ကချင် တပ်မှုးများကြား နားလည်မှု ရှိကြရန် နအဖမှ သပ်လျှိုဖြိုခွဲမှုကို အထူးသတိထားကြရန် လေးနက်စွာ တိုက်တွန်းလိုက်သည်။
မည်ကဲ့သို့ ပြင်ဆင်သင့်သနည်း
ယိုးဒယားနယ်စပ် အခြေခံ၍ ထိုးစစ်ဆင်လာသော နအဖတပ်များအား KNU မှ တိုက်နေသည်မှာ နှစ်ပေါင်း ၆၀ ကျော်ပြီဖြစ်သည်။ တဖန် တရုတ်နယ်စပ်ကို ခြေကုတ်ယူ၍ ဗကပမှ တိုက်နေသည်မှာလည်း ၁၉၈၉ ခုနှစ် ပန်ဆိုင်း ကျပြီးနောက်မှသာ ရပ်တန့်သွား ခဲ့သည်။ ထူးခြားသောအောင်ပွဲ ရရှိခဲ့ခြင်းမရှိခဲ့ပေ။ စာရေးသူအနေနှင့် " Some times if you want peace, you have to make war" ဆိုသည့် တခါတရံ သင်ငြိမ်းရေးကို လိုချင်ပါက၊ စစ်ကိုပြုရမည် ကို လက်ခံပါသည်။ စစ်အာဏာရှင်တို့သည် ပြည်တွင်းစစ်မီးကို မွှေးပြီး ၎င်းတို့တပ်၏ အရေးပါမှုကို ထင်းရှားစေလျှက် ပြည်သူကို အုပ်ချုပ်လာခဲ့ကြပေသည်။ ထို့ကြောင့် ပြည်တွင်းစစ်ကို ရပ်စေလိုလျှင် စစ်အာရှင်စံနစ်ကို အားလုံးလက်တွဲ၍ ခြေမှုန်းကြ ရမည် ဖြစ်သည်။ ငြိမ်းချမ်းရေး ရဘို့ စစ်တိုက်ကြရမည်ဖြစ်သည်။ နယ်စပ်အခြေပြု ရပ်တည်ရေးသည်မရှိမဖြစ်လိုအပ်သလို၊ ပြည်တွင်းအင်အားစုများကို တည်ဆောက်ခြင်း၊ လက်နက်တပ်ဆင်ခြင်းတို့သည်လည်း အရေးပါသောအခန်းကဏ္ဍတရပ်တွင်ရှိသည်။
ထို့ကြောင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည်
(၁) ခိုင်မာသော လက်နက်ကိုင် တပ်ပေါင်းစုကြီးကို ဖွဲ့စည်းနိုင်ဘို့လိုသည်။
(၂) ထိုတပ်ပေါင်းစုကြီး၏ မူသည် ပြည်ထောင်စုမြန်မာနိုင်ငံတော် တည်ဆောက်ရေးမူ ဖြစ်ရမည်။
(၃) ထိုတပ်ပေါင်းစုကြီးမှ ပြည်တွင်းပြည်ပ အင်အားစုများနှင့် ပေါင်းစပ်၍ တိုက်ပွဲဝင် အစိုးရကို တပ်ထောက်ခံမှုဖြင့် ဖွဲ့စည်းရမည်။
(၄) ၎င်းအစိုးရ ကြီးကြပ်မှုဖြင့် မိမိနယ်မြေ အသီးသီးမှ ပြည်တွင်းရှိ ဒီမိုကရေစီ အင်အားစုများကို ဆက်သွယ်၍ သင်တန်းပေးခြင်း၊ လက်နက် ခဲယမ်းများပေးပို့ခြင်း၊ ထောက်ပံ့ ခြင်းတို့ဖြင့် မြို့တွင်းရှိ ပြည်သူများ အုံကြွလာသည့်အခါ ပြည်သူများအား ကြေးစားတပ်များမှ ပစ်ခတ်သတ်ဖြတ်လာပါက မြို့ပြပျောက်ကျားများ အဖြစ်ကာကွယ်ရန် စီစဉ်နိုင်ရမည်။ သို့မှသာ နယ်စပ်တိုက်ပွဲများကို နအဖတပ်များအာရုံစိုက် မဲ၍တိုက်ခြင်းမျိုးမှ ကာကွယ်ရန် စစ်မျက်နှာ ၂ ဖက်ဖွင့်၍တိုက်နိုင်ရန် စီမံဘို့လိုသည်။
NLD ပါတီက ယနေ့သမို်င်းဝင် ဆုံးဖြတ်ချက်ကို ချလိုက်ပြီးဖြစ်သည်။ ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ဖြစ်သည်။ NLD၏ တိုက်ပွဲခေါ်သံကို ကျွန်ုပ်တို့ အားလုံး ၀ိုင်းဝန်းပူး ပေါင်းကြဘို့လိုပြီ။ ဦးဆောင်တိုက်မည့် ပါတီရှိသည် ခေါင်းဆောင်မှုလည်းရှိသည် ပြည်သူအ များပူးပေါင်းပါဝင်ကြဖို့ ပြည်သူ့အစွမ်းအားဖြင့် မတရားဥပဒေများထုတ်၍ ပြည်သူကို ကျွန်ပြု အုပ်ချုပ်နေသည့် သန်းရွှေ ဓားပြဂိုဏ်းကို အမြစ်ပြတ် တိုက်ကြရမည့်တာဝန်မှာ ငါတို့အား လုံး၏ တာဝန်ပင် ဖြစ်တော့သည်။
NLD , SNLD နှင့် ငြိမ်းချမ်းရေးယူထားသည့် တို်င်းရင်းသား လက်နက်ကိုင်အဖွဲ့၊ ပါတီများ မပါဝင် သဖြင့် ၂၀၁၀ ရွေးကောက်ပွဲသည် နိုင်ငံတကာ လက်ခံနိုင်သည့် ရွေးကောက်ပွဲ မဖြစ်နိုင်တော့ပေ။ ထို့ကြောင့် နအဖသည် တထစ်လျှော့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးကောင်းပေးလာနိုင်သည်။ လွှတ်ပေးပါကလည်း ၂၀၁၀ အခြေခံ ဥပဒေပါ အချက်များကို ပြင်ဆင်နိုင်ပါသည် ဆိုသည့် သဘောတူညီချက်ရအောင် အတိုက်အခံ နိုင်ငံရေးအင်အားစုများက တင်းခံနိုင်ရမည်။
ယနေ့ မြန်မာပြည်သူတို့ လိုလားသည့် ဒီမိုကရေစီ စံနစ်ကို လက်ဖြန့် တောင်နေရုံနှင့် စစ်အာဏာရှင်များက လိုက်လျောလာမည်မဟုတ်ချေ။ ၎င်းတို့ ကြောက်သည်မှာ ၎င်းတို့အား လက်တုံ့ပြန်နိုင်သူများကိုသာဖြစ်သည်။ " ရရင်ရ မရရင်ချ" ဆိုသည့်မူကို ကိုင်စွဲ၍ ပြည်တွင်း ပြည်ပရှိ တိုင်းရင်းသားလူမျိုးစုများအားလုံး ညီညွတ်ကြဘို့လိုပြီဟု နိုးဆော်လိုက် ပါသည်။
ထွန်းအောင်ကျော်
လွတ်လပ်သော မြန်မာ့လူဘောင်အဖွဲ့
၂၉၊ ၃၊ ၂၀၁၀
Civil Society for Burma
Ph- 607-339-605
အညာနွေတမာမြေ
Tuesday, March 30, 2010
NLD တိုက်ပွဲခေါ်သံ
Labels:
ဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment