-->

Monday, June 28, 2010

ချစ်ကြသူများ

၁၉၄၁
ချစ်ခင်သူတွေကြား ကတိထားခဲ့တယ်
သမီးလေးမွေးလာခဲ့ရင်
အားလုံးထဲမှာအလှဆုံးဖြစ်ရမယ်တဲ့။
အဆင်းရော၊အချင်းပါရှိရမယ်တဲ့။

ဒို့သမီးကို
အိမ်နီးနားချင်း၊ အပေါင်းအသင်းတွေ
ချီးမွမ်းကြ၊ အားကျစေရမယ်တဲ့။

ဒါပေမယ့်
သမီးလေး မမွေးခင်
ချစ်ခင်သူတစ်ချို့ ကြွေလွင့်သွားတယ်။
ခေါင်းကိုင်ဖခင် သမီးကို မြင်မသွားရဘူး။

ကျန်ရစ်သူတွေ ကတိစကား
သူတို့မရှိတော့ပေမယ့်လည်း ၊ ဒို့ရှိသေးသတဲ့။
ဒီသမီးဘ၀ လှပဖို့ ဒို့ကြိုးစားကြမတဲ့။
သို့သော်

သမီးလေးမမွေးခင်ကပဲ
ကွာရှင်းပြတ်စဲစကား
ပြောသံကြားနေရပြီ။

အူဝဲသံ မစဲခင်
လမ်းခွဲခဲ့ကြပြီ။

သမီးအက်ႌ
အနီလား၊ အျပာလား၊ အ၀ါလား၊ အျဖဴလား
အရောင်ရွေးရင်း သွေးကွဲခဲ့ပြီ။

အရှေ့ကျောင်း၊ အနောက်ကျောင်း
တောင်ကျောင်း၊ မြောက်ကျောင်း
ဘယ်ကျောင်းထားမလဲ
ငြင်းရင်း၊ ခုန်ရင်း။
ထိုးကြ၊ ကြိတ်ကျ၊ သွေးမြေကျခဲ့ပြီးပြီ။

အုပ်ထိန်းခွင့်ရှိသူ
သူလား၊ ငါလား။

ဘယ်သူက တကယ်ချစ်သတုံး
အငြင်းပွားလို့မဆုံး
ရုံးရောက်၊ ဂါတ်ရောက်
ဘုန်းကြီးအမှုရွာပတ်၊ အရပ်လည်းမနေသာ
အကြံပေးရ၊ ဖြန်ဖြေရ၊ သတိပေးရ
အလုပ်များခဲ့လှပေါ့။

ဒီလို
အချစ်ပြိုင်ရင်းနဲ့
သမီးအရွယ်
၆၀ ကျော်ပေမယ့်
ဘ၀မလှပသေး

သားသမီးနဲ့
ပွားစည်းခွင့်လဲမရ
သက်တူရွယ်တူတွေ၊ ကိုယ်ထက်ငယ်သူတွေဘဝ
ငေးပြီး အားကျနေရတုံး

ကဲ
ဒါဆိုရင်
ချစ်ပါတယ်ဆိုသူများ

သမီးကိုချစ်လို့ ရန်ဖြစ်နေကြတာလား
ကိုယ့်အတ္တကို ပုံဖော်ထုဆစ်နိုင်ဖို့အတွက်
ငြင်းခုန်ခဲ့ကြတာလား

သင်တို့အချစ်၊ သမီးကို
နှစ်ရာရောက်မရောက်
စဉ်းစားမိပါသလား။

(ကဗျာလေး ပို့ပေးတဲ့ သူငယ်ချင်းကို ကျေးဇူးတင်ပါတယ်။ ကဗျာရေးတဲ့သူ နာမည် ဖော်မပြနိုင်တာ နားလည်ပေးပါခင်ဗျာ။)

အညာနွေတမာမြေ

No comments: