-->

Thursday, October 21, 2010

ချီးစားသူများကို ထမင်းစားသူများတိုက်ထုတ်ကြလော့


အမှတ်မှား အထင်မှားနေကြသည်

အချို့လူတို့သည် ထမင်းဟုထင်ရသော သံပူခဲများကို မျိုဆို့ကြ၏။ အချို့လူတို့မှာ ထမင်းဟုထင်မှတ်ရသော ချီးများကိုစားကြ၏။ အချို့သောသူတို့သည် နူနာစွဲနေသည်ကို ဆင်ဖြူတော်ဟု ယူဆကြ၏။ အချို့သော သူတို့မှာကား ရွေးချယ်ပွဲကို ရွေးကောက်ပွဲဟု မှတ်ထင်နေကြလေကုန်၏။ ထိုသူတို့အားလုံးတို့သည် မအပ်သောအရာ၊ မသင့်သောအရာ၊ မမြတ်သောအရာတို့ကို အပ်သည်၊ သင့်သည်၊ မြတ်သည်ဟု ထင်ကြကုန်သောကြောင့်၊ ဖောက်ပြန်သူများပင် ဖြစ်လေတော့၏။ ထိုသူတို့သည် ဖောက်ပြန်သည့်အတွေးအခေါ် မိစ္ဆာဒဿနကြောင့် ဖောက်ပြန်သည့်အယူအဆ မိစ္ဆာဒိဋ္ဌိများပင် ဖြစ်လေတော့၏။ လွန်လေကုန်သော အတိတ်ကာလတို့၌လည်း ဖောက်ပြန်ခဲ့ကြပြီး၊ ရောက်ဆဲ ယ္ခုပစ္စုပ္ပန်၌လည်း ဖောက်ပြန်နေကြ၏။ ရောက်လတ္တံ့သော အနာဂါတ်ကာလ၌ ထိုသူတို့သည် ဖောက်ပြန်ကြဦးမည်ဖြစ်၏။



ဖယ်ရှားသုတ်သင်ရမည်

ထိုသို့သောသူတို့သည် လူသားနှင့်လောကကြီးအတွက် အကျိုးမရှိ၊ အပြစ်ကိုသာ ရှေးရှုခြင်းရှိလေရကား ထိုထိုဖောက်ပြန်သူတို့ လူ့လောကတွင် ရှိနေခြင်းသည် ဓမ္မ(တရား၊ မှန်ကန်၊ လျှော်ကန်၊ သင့်မြတ်) နှင့်ယှဉ်သော အမှုကိစ္စတို့၌ ဆူးငြောင့်ခလုတ်သဖွယ် ဖီလာနေခြင်းကြောင့် လူသားနှင့် လောကကြီးအတွက် အန္တရယ်ပင်ဖြစ်လေတော့၏။ ထိုသို့ ဖောက်ပြန်သူတို့ကို လူ့လောကကြီးမှာ ဖယ်ရှား၊ သုတ်သင်ရန် လိုအပ်ပေ၏။ ထိုသို့ ဖယ်ရှား သုတ်သင်မှ သာလျှင် လူသားတို့သည် ကြီးပွားချမ်းသာပြီး တရားဓမ္မအား ပွားများ ဆောက်တည်မူနိုင်ဖြစ်သည်။ လောကကြီးလည်း တည်ငြိမ်အေးချမ်း သာယာဝပြော များစွာလှပနိုင်မည်ဖြစ်သည်။

ရှိမြဲဓမ္မတာ

မည်သည့်ခေတ်၊ မည်သည့်ကာလ၊ မည်သည့်ဋ္ဌာနတို့၌ပင်ဖြစ်စေ ထိုထို ဖောက်ပြန် သူတို့သည် အစဉ်အမြဲ တည်ရှိ၍ ပေါက်ဖွားခဲ့ကြ၏။ ထိုသို့ပေါက်ဖွားလာခြင်း ကြောင့်လည်း လောကနှင့်လူသားတို့သည် စိတ်ပျက်၊ ညီးငြူ၍ တရားကို မမူနိုင်ကြပေ။ သို့သော် ထိုစိတ်ပျက်၊ ညီးငြူရခြင်းတို့သည် ဖြစ်ပြီး ပျက်ရခြင်းဟူသည့် သင်္ခါရတရားကိုဖြင့် မလွန် ဆန်နိုင်ပါ။ ထိုသို့မလွန်ဆန်နိုင်ရန်၊ ထိုစိတ်ပျက်၊ ညီးငြူခြင်းတို့ကို ရှင်းသန့်ရန်၊ ထိုဖောက်ပြန် သူတို့ကို သုတ်သင်ရန် သူရဲကောင်းများ (သူတော်ကောင်း) ပေါက်ဖွားလာတော့၏။ ထိုအခါ ထိုသူရဲကောင်း (သူတော်ကောင်း)၌များကို မသူတော် ဖောက်ပြန်သူများက အမျိုးမျိုး တိုက်ခိုက်ကြ၏၊ ပျက်စီးစေရန် အမျိုးမျိုးကြံစည် လုပ်ဆောင်ကြ၏။ သို့သော် (အဓမ္မ) ဖောက်ပြန် စဉ်းလဲသူတို့ အယူအဆတရားတို့သည် အရှည်မကြာ၊ မတည်တံ့နိုင်တော့ဘဲ နိမ့်ပါးကာလာ သင်္ခါရသောဖြင့် ကိစ္စချောရလေသည်ချည်း။ ထိုသူရဲကောင်း (သူတော်ကောင်း) တို့သည် လူသားတို့ ဦးဆောင် လမ်းညွန်ကာ ထိုမတရားမှု (အဓမ္မ) တို့ကို တိုက်ခိုက်နှိမ်နင်း၊ ရှင်းလင်းသုတ်သင်ကြ၍ လောကကြီးသည် နေချင့်စဖွယ် သာယာဝပြောလာပြီး လူသားတို့သည်လည်း တရားဓမ္မတို့ကို အဆပွားများ နှလုံးဝယ်ထားနိုင်ကြပြီး ကြည်နူးကြ၍ လူဘဝရခြင်းသည် အဖိုးတန်လေစွဟု ဥဒါန်းကျူးရင့်နိုင်ကြတော့၏။

အချုပ်ဆိုရသော်

ဆိုးရွားယုတ်ညံ့သော မင်းယုတ်တို့ အုပ်ချုပ်လေလျှင် တိုင်းပြည်သည်လည်း ပျက်ရ၏၊ ထိုတိုင်းပြည်ပျက်တွင် မှီးတင်နေထိုင် လုပ်ကိုင်စားသောက်ကြရသော ပြည်သူအပေါင်း မှာလည်း လူပျက်များ ဖြစ်နေလေတော့၏။ ဤမှ တိုင်းပြည်၏ပျက်ခြင်း၊ ဖောက်ပြန်သူတို့ တည်ခြင်း ဓမ္မတာ သဘောသဘာဝပင်ဖြစ်ပေ၏။ သို့သော် ရုပ်နာမ်တရားတို့သည် ဖြစ်ပြန် ပျက်ပြန် သင်္ခါရသဘောတရားအတိုင်း တိုင်းပြည်ပြန်လည်ကောင်းမွန်၍ ဖောက်ပြန်သူတို့ ပျက်စီးကြရခြင်း ရှိလိမ့်ဦးမည်သာ။ မတရားဖောက်ပြန်ရွံရှာစရာကောင်းလှသော ရွှံ့နွံထဲမှ ပြည်တန်ပတ္တမြားဟု ဆိုအပ်သော သူရဲကောင်း (သူတော်ကောင်း) သည်လည်း ရှိခြင်းဖြစ် ရကား ထိုပြည်တန်ရတာနာ သူရဲကောင်း (သူတော်ကောင်း) တို့ကို တူးဖော်ရှာဖွေပြီး လှပသန့်စင်ရန် တိုက်ချွတ်ဆေးကျောကြရမည်ဖြစ်သည်။ တွေ့ရှိ၍ အောင်မြင်လျှင် လူ့ရွာ လောကကြီးသည် တည်ငြိမ်အေးချမ်းကာ ရွှင်တပြုံးပြုံးဖြင့် ရှုမဆုံးဖြစ်ကြရမည်သာဖြစ်၏။ ထိုကြောင့် မည်သည့်ကြီးမားသည့် အခြေအနေကိုပင် ရောက်စေကာမူ အားမလျှော့၊ မနွဲ့မပျော့ဘဲ၊ သူရဲကောင်းများဟု ခံယူထားသူများပီပီ ဝီရိယဆတိုး ကြိုးကုတ်ကြဖို့သာလိုသည်။



ယ္ခုတော့ဖြင့် ရွံရှာစရာ ရွှံ့နွံဖြစ်သော ဖောက်ပြန်သူတို့နှင့် ရွေးကောက်ပွဲ (ရွေးချယ်ပွဲ) အား ပပျောက်အောင် သုတ်သင်ရှင်းလင်းကြပြီး (ဆန္ဒရှိလျှင် နည်းလမ်းရှိသည်) ဒီမိုကရေစီကို လိုလား၊ ဆန္ဒရှိကြသည်အားလျှော်စွာ နည်းလည်းကောင်းများ ရှာကြံကြပြီး အကွဲအပြဲများကို ပြန်လည်စပ်လျဉ်းပြီး မြင်းခွာတချက်ပေါက်လျှင် မီးဟုန်းဟုန်းတောက်ရမည်ဟု မာန်ကိုသွင်းလျှက် အဆုံးသတ်တိုက်ပွဲကို ဆင်နွဲရန် အခုကပင်စုစည်း လှုပ်ရှားကြပါလော့ဟု တိုက်တွန်း နှိုးဆော်အပ်ပါသည်။

တော်လှန်ရဲသူ အားလုံးအား စေတနာဖြင့်
အရှင်ဓမ္မ (ဒေလီ)

No comments: