-->

Sunday, October 24, 2010

ဆင်ခြင်စဉ်းစား လှုပ်ရှားမှုများ


အောက်တိုဘာ ၂၁ ရက်က အင်တာနက် သတင်းဌာနတခုမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ အထွေထွေသပိတ်ကော်မတီကနေ ၂၃ ရက်နေ့မှာ တနိုင်ငံလုံး အထွေထွေသပိတ်မှောက်မယ်၊ ပါဝင်ကြပါလို့ လှုံ့ဆော်တဲ့ သတင်းတခုကိုဖတ်လိုက်မိပါတယ်။ ဒါကို ဖတ်ပြီးပြီးခြင်းပဲ ဒီထုတ်ပြန်ချက်ကို ထုတ်တဲ့ သပိတ်ကော်မတီက နိုင်ငံရေးခေါင်းဆောင်ဆိုသူတွေရဲ့ လုပ်ရပ်ကို အတော်အံသြတုန်လှုပ်မိပါတယ်။

ဒီအဖွဲ့ထဲမှာပါတဲ့သူတဦးနဲ့ ဆွေးနွေးကြည့်တော့ ပြည်တွင်းထဲမှာ ဘာမှရေရေရာရာ ပြင်ဆင်ထားတာမရှိပဲ လူထုစိတ်ဝင်စားမလား အကဲစမ်းကြည့်တဲ့ပုံစံ လုပ်ထားတယ်ဆိုတာကို ရိပ်မိလိုက်ပါတယ်။ ဒီလိုမျိုး ပြင်ဆင်မှုမရှိပဲ သတင်းတွေကြိုထုတ်တာဟာ အတွင်းက လှုပ်ရှားနေသူတွေအတွက် အန္တရာယ်ရှိနိုင်တယ် ဆိုတာကိုလည်း ခေါင်းမာစွာနဲ့ လက်မခံပဲ ငြင်းဆန်သွားပါတယ်။

သင်္ကြန်အမြှောက်နဲ့ ပစ်လို့ရရိုးလား

အဝေးရောက် ခေါင်းဆောင်တွေဟာ မြန်မာပြည်ကို ဒီမိုကရေစီရစေချင်တဲ့စိတ် အနည်းနဲ့အများရှိကြတာပါပဲ။ ဒီထဲမှာ နာမည်ကြီးချင်တဲ့သူ၊ ငွေရချင်တဲ့သူ၊ ဘာမှမလုပ်ပဲ ဘေးထွက်ထိုင်နေသူ၊ ဘာမှမလုပ်ပဲ ဘေးထိုင်ဘုပြောနေသူနဲ့ တကယ်လုပ်နေသူရယ်လို့ ပြည်ပရောက်တွေကို ခွဲခြားပြီး ကျနော်မြင်ပါတယ်။



နာမည်ကြီးချင်တဲ့သူတွေက မီဒီယာတွေနဲ့ချိတ်ဆက်ကြပြီး သူတို့ဘယ်နေ့မှာဘာလုပ်မယ် ညာလုပ်မယ် ကြိုပြောပြီး သတင်းတင်ကြပါတယ်။ ငွေရချင်သူကတော့ သူတို့တောင်းထားတဲ့ ငွေတွေရဖို့ ဘယ်လိုလှုပ်ရှားမှုတွေလုပ်မယ် လုပ်ခဲ့တယ် ဆိုတာတွေကို သတင်းဦးအောင်တင်ကြပါတယ်။ နာမည်ကြီးချင်မှုကို ရှေ့တန်းတင်ပြီး မဆင်မခြင်လုပ်တဲ့ လုပ်ရပ်လေးတခု သက်သေပြပါ့မယ်။ အောက်က ဥပမာဖတ်ကြည့်ပါ ဘလော့ခ်တွေ စီဘောက်တွေမှာ ဖြန့်တဲ့ အခြေအမြစ်မရှိတဲ့ သတင်းတရပ်ပါ၊

"သရက်တောကျောင်းတိုက်တွင် သံဃာနဲ့ပြည်သူများ လူစုနေကြပြီ သွားရောက်ဝန်းရံပြီး အင်အားဖြည့်ပေးကြပါ ရန်ကုန် သရက်တောကျောင်းတိုက်အနီး နဲ့ ပုစွန်တောင်မြို့နယ်ရှိ စင်ကာပူကျောင်းတိုက်အနီးမှာ ရွေးကောက်ပွဲ သပိတ်မှောက်ရန် သံဃာနှင့် လူပရိသတ်စုဝေးလျက် ရှိကြောင်း ရန်ကုန်မြို့ခံတဦးက ပြောသည်။ ရွှေတိဂုံခြေရင်းပတ်လည်တွင် လုံထိန်းတပ်ဖွဲ့ဝင်များ နေရယူထားကာ နံနက်ပိုင်းက ရွှေတိဂုံဘုရားအနီးရောက်ရှိနေသော သံဃာ ၂ ပါးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။"

ဒီသတင်းကို စတင်ဖြန့်ချီတဲ့သူကတော့ လှုပ်ရှားမှုဖြစ်စေချင်တဲ့ ရည်ရွယ်ချက်လား နအဖကို ကြိုတင်သတင်းပေးချင်တာလား ရည်ရွယ်ချက်ကတော့ လုပ်တဲ့သူကိုယ်တိုင်ပဲသိပါမယ်။ ဒီသတင်းတွေကို အခြေခံပြီး အတည်ဖြစ်ဖို့ ကျနော်စုံစမ်းတဲ့အခါ ဘာအရိပ်ရောင်မှ မမြင်ရပါ။

ခုလိုမဖြစ်နိုင်တဲ့ သတင်းစကားတွေ၊ ထုတ်ပြန်ချက်တွေကို ထုတ်ခြင်းအားဖြင့် ကောင်းကျိုးကတော့ အတော်နည်းပြီး ဆိုးကျိုးများမယ်ဆိုတာကိုတော့ လုပ်ဆောင်နေသူတွေ ထည့်တွက်သင့်ပါတယ်။ ရန်သူ နအဖကို လျော့မတွက်သင့်ပါဘူး ကိုယ်က သူတို့ကို သတင်းပေးသလိုဖြစ်တဲ့အတွက် ပြည်တွင်းက လှုပ်ရှားရသူတွေမှာ ဘယ်လိုမှ လှုပ်လို့မရနိုင်ပါဘူး။ ဒီလိုမျိုး အဝေးကနေ သင်္ကြန်အမြှောက်နဲ့ပစ်တာကတော့ လူတိုင်းပစ်တတ်ကြပါတယ်။ လှုပ်ရှားမှု တစုံတရာမှမရှိသေးခင် ကြိုတင်သတင်းမပေးမိစေဖို့ သတိထားသင့်ပါတယ်။

အတွေ့အကြုံ

၂၀၀၇ စက်တင်ဘာ သံဃလှုပ်ရှားမှုမဖြစ်ခင် ပခုက္ကူ အတွေ့အကြုံကို အနည်းငယ်တင်ပြပါရစေ။ သြဂုတ်လမှာ ရန်ကုန်က ၈၈ ကျောင်းသားတွေနဲ့ ကုန်ဈေးနုန်းကျဆင်းရေးအဖွဲ့တွေရဲ့ ကုန်ဈေးနုန်းကျဆင်းရေး လှုပ်ရှားမှုတွေဖြစ်တော့ ပခုက္ကူမှာလည်း နိုင်ငံရေးအသိတွေနိုးကြားလာပါတယ်။ ကိုမင်းကိုနိုင်တို့ ၈၈ ကျောင်းသားတွေနဲ့ ကိုထင်ကျော်တို့ဟာ အလုပ်နဲ့ပဲ သက်သေပြသွားတာပါ။

သြဂုတ်လကုန်ပိုင်းမှာ ပခုက္ကူမှာရှိတဲ့ ဘုန်းကြီးကျောင်းတွေကို ၀င်ထွက်ပြီး စည်းရုံးရေးဆင်းရပါတယ်။ စက်တင်ဘာ ၅ ရက်နေ့ ကျောင်းတကျောင်းကျောင်းက စရင်အားလုံးစုရုံးထွက်ကြဖို့ လျို့ဝှက်သတင်းတွေပို့ထားရပါတယ်။ အနောက်တိုက်ခေါ် သာသာနာ့ဝိပုလာရာမ ကျောင်းတိုက်က စထွက်တော့ အားလုံး သံဃာ ၅၀၀ ကျော်ပေါင်းမိပြီး သံဃာ ၃ ပါး ကိုဖမ်းဆီးရိုက်ခံရတဲ့အတွက် တနိုင်ငံလုံး ရွှေဝါရောင် သံဃလှုပ်ရှားမှုကို အစပျိုးခဲ့ရတာပါ။ ဘယ်အင်တာနက်မှာမှ ပခုက္ကူကိုယ်တော်တွေ ၀ါဒမဖြန့်ခဲ့ပါ။

ဒီနောက်မှာတော့ ပခုက္ကူသံဃာတွေကို အကြမ်းဖက်ဖြိုခွဲခဲ့တဲ့အတွက် သံဃာအားလုံးကျေနပ်သည်ထိ တောင်းပန်ဖို့ ၁၈ နေ့မှာ မတောင်းပန်ရင် တနိုင်ငံလုံး ပတ္တနိက္ကုဇ္ဇနကံဆောင်မယ်ဆိုပြီး ထုတ်ပြန်ချက်ဆိုတဲ့ ရာဇသံကို ထုတ်ခဲ့တယ်။ တကယ်လည်း ၁၈ရက်နေ့နောက်ပိုင်းမှာ တနိုင်ငံလုံး သံဃလှုပ်ရှားမှုတွေဖြစ်ခဲ့တာ အားလုံးအသိဖြစ်ပါတယ်။ ကြိုတင်အသိပေး ကြေငြာတယ်ဆိုရင် ဒီလိုပဲ ရာဇသံ ဖြစ်သင့်တယ်လို့ ယူဆပါတယ်။ တောင်းဆိုတာတွေလိုက်လျောရမယ် မလိုက်လျောရင် ဘာလုပ်မယ်ဆိုတာ တိတိကျကျ ထုတ်ပြန်ပြီး တကယ်လည်းလုပ်ဆောင်သင့်ပါတယ်။

ပြင်ဆင်မှု

အခုဆိုရင် နအဖက ရွေးကောက်ပွဲကို တဖက်သတ်ကျင်းပပါတော့မယ်။ ကျနော်တို့ မဲမပေးပဲနေနိုင်တယ်လို့ အော်နေယုံနဲ့ ပွဲကပြီးသွားမှာမဟုတ်ဘူး။ ပြည်သူအားလုံး လုံးဝကို မဲမပေးကြပါနဲ့ဆိုတဲ့ ပြတ်သားတဲ့ သတင်းစကားတွေ၊ ဘာကြောင့် မဲမပေးသင့်တယ်ဆိုတဲ့ ရှင်းလင်းတဲ့ အကြောင်းပြချက်ကို တောရောမြို့မှာရှိတဲ့ မဲပေးခွင့်ရှိသူတွေကို လှုံ့ဆော်ပေးရပါမယ် ဒါကတော့ အားလုံးပါဝင်နိုင်တဲ့နည်းပေါ့။ နောက်တနည်းကတော့ လူထုလှုပ်ရှားမှုတွေ နိုင်ငံတ၀ှမ်းပေါ်ပေါက်အောင်လုပ်ပြီး ရွေးကောက်ပွဲကို ဖျက်တဲ့နည်းတခုပါပဲ။ ဒီနည်းကို အောင်မြင်အောင် လုပ်နိုင်ဖို့ကတော့ အတော်ကို ပြင်ဆင်ရပါမယ်။

လက်ရှိပြည်တွင်းမှာ နိုင်ငံရေးကို စိတ်ပါလက်ပါလုပ်နေတဲ့သူတွေမှာ လုပ်ချင်စိတ်တခုပဲရှိပြီး ငွေအား နည်းပညာအား အတော်ချို့တဲ့ကြပါတယ်။ ပြည်ပရောက်တွေအနေနဲ့ လုပ်နိုင်တာက ဆရာကြီးလုပ်ပြီး ဟိုဟာလုပ်ပါ ဒီဟာလုပ်ပါဆိုပြီး အဝေးကနေ ညွှန်ကြားနေမဲ့အစား အတွင်းကလူတွေ ဘာလုပ်ချင်လဲ ဘာလုပ်နိုင်လဲ မေးပြီး လိုအပ်တဲ့အရာတွေကူညီပေးဖို့ပါပဲ။ အတွင်းလှုပ်ရှားမှုဖြစ်လာမှ ပြည်တွင်းပြည်ပ ဟန်ချက်ညီညီ လုပ်ကြယုံကလွဲလို့ တခြားဘာမှမရှိပါဘူး။

ဒီလိုလှုပ်ရှားမှုလုပ်ရာမှာ ပြည်တွင်းကအခြေအနေကို ပြည်တွင်းကလူပဲသိပါတယ်။ အစစအရာရာ တင်းကြပ်နေတဲ့ကြားက အခက်အခဲအမျိုးမျိုးနဲ့ ရုန်းကန်ဖေါက်ထွက်ဖို့ လှုပ်ရှားနေကြသူတွေရဲ့ လုပ်ငန်းစဉ်တွေကို စည်းကမ်းမဲ့သူတယောက်ရဲ့ လက်လွှတ်စပယ် ပြောဆိုမှု သတင်းတင်မှုကြောင့် ပျက်ခဲ့ရတဲ့ ဖြစ်စဉ်တွေအများကြီးရှိပါတယ်။ ဒါ့ကြောင့် ကျနော်တို့ အစစအရာရာ ပိရိသေသပ်စွာ စနစ်တကျပြင်ဆင်ပြီးမှ လုပ်ငန်းတွေကို အကောင်အထည်ဖေါ်သင့်ပါတယ်။

သင်္ခန်းစာ

မနေ့က အောက်တိုဘာ ၂၃ ရက် အထွေထွေသပိတ်မှောက်မယ်ဆိုတဲ့ သရက်တောကျောင်းတိုက်နားမှာ နိုင်ငံရေးစိတ်ဝင်စားသူတချို့ စောင့်နေပေမဲ့ ဘယ်သူမှဦးဆောင်တဲ့သူမမြင်ခဲ့တဲ့အတွက် သတင်းမှားကြီးပေးတယ်ဆိုပြီး ကောက်ချက်ချပြန်လာခဲ့တယ်လို့ လူငယ်တဦးက ကျနော့်ကို ပြောပြပါတယ်။ ဒီလိုမျိုး ခဏခဏ လုပ်ရင် ကျနော်တို့ တော်လှန်ရေးအင်အားစုက လုပ်ဆောင်ချက်တွေကို လူတွေအယုံအကြည်မဲ့ကုန်ပါလိမ့်မယ်။ ခုလည်း လူထုက စတိန့်မန့်ဆို အပြောသက်သက်ဖြစ်တဲ့အတွက် စိတ်ဝင်စားမှုနည်းလာပါပြီ။

စတိန့်မန့်နိုင်ငံရေး၊ မီဒီယာနိုင်ငံရေး၊ ဘလော့ခ်ဂါနိုင်ငံရေးလောက်နဲ့ အချိန်မကုန်စေချင်တော့ဘူး။ မြန်မာလူထုက နိုင်ငံရေးနိုးကြားပြီးသားဖြစ်လို့ တကယ်ခေါင်းဆောင်နိုင်မဲ့ လူထုနဲ့တသားတည်းရှိတဲ့ ခေါင်းဆောင်ကောင်းကို မျှော်လင့်နေကြတာပါ။ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဘယ်သူ့နောက် လိုက်ရမှန်းမသိဖြစ်နေတဲ့ လူငယ်တွေလည်းအများကြီး ရှိမယ်လို့ထင်ပါတယ်။ ပြည်ပရောက်တွေအနေနဲ့ ဘာမှမလုပ်နိုင်ရင်အေးဆေးနေသင့်ပါတယ်။ ပြည်တွင်းကလှုပ်ရှားနေသူတွေကို ထောင်ထဲ ထည့်မယ့်လုပ်ရပ်များကို ရှောင်ရှားဖို့ တက်ကြွသူတွေအပါအ၀င် မီဒီယာသမားအားလုံးလည်း ဆင်ခြင်သင့်ကြောင်း အတွေ့အကြုံ လက်တဆစ်လောက်နဲ့ ပြောလိုက်ပါရစေ။

မြန်မာ့ဒီမိုကရေစီရေးအတွက် နည်းမျိုးစုံနဲ့ လှုပ်ရှားနေသူအားလုံးကို လေးစားဦးညွတ်လျှက်

ဇာနည် (ပခုက္ကူ )


Rest of your postအညာနွေတမာမြေ

2 comments:

Unknown said...

အမှန်ပဲဖြစ်ပါတယ်။ အထဲကလူတွေရဲ့
လှုပ်ရှားမှုတွေကို ထိခိုက်စေမယ့်
အသံထုတ်မှုမျိုးကိုရှောင်ကျဉ်သင့်ပါတယ်။

Anonymous said...

ရန်သူဟာ ရန်ကုန်မြို့မှာ အင်အားအလုံးအရင်းနဲ့ လုံခြုံရေးတွေချ အလုပ်ရှုပ်နေချိန် အခြားမြို့တွေမှာ လှုပ်ရှားနေကြပြီတဲ့ဗျာ။ သူတို့ရဲ့ မဟာဗျူဟာမြောက်တွေကို ခင်ဗျားတို့ လေ့လာစောင့်ကြည့် လိုက်ပါဦး။ အဲဒါတွေကိုတော့ ခင်ဗျားတို့တွေရဲ့ အတွေးအခေါ်လေးတွေနဲ့တော့ လိုက်မှီနိုင်ကြမှာ မဟုတ်သေးပါဘူး။