-->

Thursday, June 23, 2011

ကလေးအကျဉ်းထောင်က ဦးဂမ္ဘီရရဲ့ ၃၂နှစ်ပြည့်မွေးနေ့

စစ်ကိုင်းတိုင်း ကလေးအကျဉ်းထောင်မှာ ထောင်ဒဏ် ၅၈နှစ်ချခံထားရတဲ့ ၂၀၀၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုရဲ့ ဦးဆောင်ဆရာတော်တပါးဖြစ်တဲ့ ဆရာတာ်ဦးဂမ္ဘီရကို မယ်တော်ဒေါ်ရေးက ထောင်ဝင်စာ သွားတွေ့ခဲ့ရာမှာ ထောင်အာဏာပိုင်တွေက လွတ်လပ်စွာစကားပြောခွင့်မပေးဘူးလို့ သိရပါတယ်။ ဦးဂမ္ဘီရနဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ ပြီးခဲ့တဲ့လတုန်းက ထောင်တွင်း အကျဉ်းသားအခွင့်အရေးရရှိဖို့အတွက် အစာငတ်ခံ တောင်းဆိုခဲ့ကြပါတယ်။ ဒါကြောင့် ယခုအခေါက် ထောင်ဝင်စာတွေ့ချိန်မှာလည်း မိနစ် (၂၀) ကျော် တွေ့ခွင့်ရပေမဲ့ ခါတိုင်းကထက် ပိုပြီး အစောင့်တွေ ချထားပြီး နိုင်ငံရေးနဲ့ပါတ်သက်တာတော့ ဘာမှပြောလို့မရခဲ့ကြောင်း ဆရာတော်ရဲ့မယ်တော် ဒေါ်ရေးက ပြောပြပါတယ်။

ခါတိုင်းဆို တယောက်တည်းရယ် ခုက ၃ယောက်တောင်တော့ ဘေးမှာဝိုင်းစောင့်နေတယ်။ ဦးဇင်းကတော့နေကောင်းပါတယ်။ မျက်နှာတော့မကောင်းဘူး အမေတို့လည်း သူ့မွေးနေ့အမှီသွားတာ ဇွန်လ ၁၉ ရက်နေ့က သူ့ရဲ့ ၃၂နှစ်ပြည့်မွေးနေ့လေ ဒါပေမယ့် လမ်းမှာကားကမှောက်တော့နောက်ကျသွားတယ်။ ဦးဇင်းကို ၂၀ ရက်နေ့ကမှတွေ့ရတယ် ဘာမှကောင်းကောင်းမပြောရဘူး ဒေါ်အောင်ဆန်းစုကြည်တို့ ဦးတင်ဦးတို့ နေကောင်းလားသူကမေးတယ် ဦးဇင်းရယ် အပြင်ကလူတွေအတွက်မပူပါနဲ့ ကိုယ့်ကျမ္မာရေးကိုပဲ ဂရုစိုက်ပါလို့ ပြောခဲ့ရတယ်။

ဦးဂမ္ဘီရဲ့မယ်တော် ဒေါ်ရေးနှင့်အတူ ဆရာတော်ရဲ့မွေးနေ့အထိမ်းအမှတ်အနေနဲ့ ကလေးထောင်က နိုင်ငံရေးအကျဉ်းသား ၂၀အတွက် အလှူလုပ်ဖို့လိုက်သွားတဲ့ မိတ္ထီလာမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီအတွင်းရေးမှူး ဒေါ်မြင့်မြင့်အေးကတော့ ထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေကို ကိုယ်ချင်းစာနာစွာနဲ့ စိတ်ဓါတ်မကျစေဖို့ရည်ရွယ်ပြီး တယောက် (၁) သောင်းဖိုးစီနဲ့ ကျန် တခြားပစ္စည်းတွေ ပေးလှူခဲ့တယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ပါတ်သက်ပြီး မိတ္ထီလာမြို့ အန်အယ်လ်ဒီအတွင်းရေးမှူး ဒေါ်မြင့်မြင့်အေးက

“အရှင်ဂမ္ဘီရရဲ့ ၃၂ နှစ်ပြည့်မွေးနေ့မှာ ထောင်ထဲကနိုင်ငံရေး အကျဉ်းသားတွေ စိတ်ဓါတ်ကျမှာစိုးလို့ သူတို့ကို တတ်နိုင်သမျှ လိုက်တွေ့ချင်တဲ့ စိတ်ဆန္ဒနဲ့ပေါ့နော်။ ကျမတို့ အပြင်ကနေပြီး လှူလိုက်တယ်။ သူတို့ကို သတိရတယ်၊ အမှတ်ရတယ်ဆိုရင် ထောင်ထဲကထွက်လာတဲ့ တော်တော်များများက တော်တော်ကို အားဖြစ်တယ်လို့ သိရတယ်။ ၂၀ စာကို တယောက်ကို ၁ သောင်းဖိုးဆိုတော့ ၂ သိန်းဖိုးပေါ့… မွေးနေ့က ၁၉ ရက်နေ့ပေမယ့် ၂၀ ရက်နေ့မှ လှူနိုင်ခဲ့တယ်…”

လို့ ပြောပြခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေလွတ်မြောက်ဖို့အတွက် အပြင်ဘက်က တတ်နိုင်သမျှ ကြိုးပမ်းလုပ်ကိုင်သွားမယ်လို့လဲ ဒေါ်မြင့်မြင့်အေးက ပြောပြခဲ့ပါတယ်။
ထောင်ဝင်စာတွေဖို့အလာမှာ ခရီးစရိတ်ရဖို့ သယ်ယူလာတဲ့ပစ္စည်းတွေလည်း သူတို့စီးလာတဲ့ကား ပုံတောင်ပုံညာနားက ခင်အေးရွာချောင်းထဲ နောက်ပြန်လျောပြီး နစ်မြုပ်သွားလို့ ပျက်စီးဆုံးရှုံးကုန်တယ်လို့ သိရပါတယ်။ ကလေးမြို့အကျဉ်းထောင်မှာ ဆရာတော်ဦးဂမ္ဘီရအပါအ၀င် ဂွမြို့နယ်အန်အယ်လ်ဒီလွှတ်တော်ကိုယ်စားလှယ် ဦးညီပု ၈၈ကျောင်းသားအဖွဲ့က ကိုအောင်နိုင်နဲ့ တခြားနိုင်ငံရေးအကျဉ်းသား ၂၀ ရှိတယ်လို့ သိရပါတယ်။

No comments: