-->

Sunday, February 12, 2012

ပြည်ထောင်စုထမနဲ

  • တပို့တွဲလသည် ဆောင်းရာသီဖြစ်၍ ညဥ့်အချိန်အခါတွင် အလွန်အေးမြသောကာလဖြစ်သည်။ နှာရည်ရိုရွဲတပို့တွဲဟုခေါ်ဆိုကြသည်။ တပို့တွဲလကို မြန်မာမှုအရကုံရာသီဟုခေါ်၍ ထိုလတွင် စန်းပြည့် နက္ခတ်မှာမာဃနက္ခတ်ဖြစ်သည်။ ယှဉ်သောတာရာမှာချိန်တာရာဖြစ်၍ ရာသီရုပ်မှာရေထမ်းသမားရုပ်ဖြစ်သည်။ ရာသီပန်းကားပေါက်ပန်း၊လဲပန်း ဖြစ်သည်။ ရာသီပွဲတော်ကားမီးပုံးအလှုပွဲ ထမနဲပွဲ ဖြစ်သည်။စာဆိုတော် ဦးပုညက "လှေခအလှူခံမေတ္တာစာ" ရေးသားခဲ့ရာတွင် - "ယာဂုထမနဲ၊ အိုးကြီးကွဲခါမှ၊ စွန့်ကြဲသည့် ဒါနလည်းနိပ္ဖလမဆိုသာ၊ စေတနာဇောသန်၍၊ သမုဌာန်လွန်ကဲ ၍၊ အိုးကွဲမှ စွန့်လှူသည့်၊ ထိုသူတို့ကုသိုလ်လည်းမဂ်ဖိုလ်ဧကန်ရပေမည်"ဟု ပါရှိသည်။ ထို့ကြောင့် အစဉ်အလာယဉ်ကျေးမှုများမပပျောက်စေရန်နှင့် ကောင်းမှုကုသိုလ်မရရှိစေရန်အတွက် မီးဖုန်းပွဲ၊ ယာဂုထမနဲအလှူပွဲများကိုမြန်မာလူမျိုးများအနေဖြင့် တပို့တွဲလတွင် နှစ်စဉ်ကျင်းပခြင်းဖြစ်သည်။


ထမနဲဟူသည် အများနှင့်ဝိုင်းကြ/ဝန်းကြသောသဘောဆောင်သည့် မြန်မာ့သဘော ဖြစ်ပေသည်။ “ထမနဲကိုအဘိုးအိုအဘွားအိုများပင်လျှင် တမြုံ့မြုံ့စားနိုင်၏။ ငါတို့နိုင်ငံ၏ စေတနာဂုဏ်သိက္ခာကိုထမနဲစားရင်းဆင်ခြင်နိုင်၏။ ထမနဲသည် တရားမဟော။ သို့သော် ညီညွတ်မှု၊ ချစ်ကြည်မှုတို့၏ လက်တွေ့ ကောင်းကျိုးကို ပြသနေဘိသကဲ့သို့ရှိ၏။ အာဂထမနဲပေ” ဟူ၍ “ယာဂုထမနဲတပို့တွဲ” မောင်သုံည မြန်မာ့ရာသီပွဲတော်များ (သာရဝေါ-စိုးကြည်) ပန်းကဗျာဘလော့တွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။
ယနေ့ဆိုလျှင် တပို့တွဲလရာသီ ဖြစ်သည်နှင့်အညီ (၆၅) ကြိမ်မြောက် ပြည်ထောင်စုနေ့လည်း ဖြစ်သည်။ ထို့ကြောင့် မြန်မာလူမျိုးတို့၏ယဉ်ကျေးမှုအစဉ်အလာအားထိမ်းသိမ်းခြင်းနှင့် ပြည်ထောင်စုတိုင်းရင်းသားညီအစ်ကိုမောင်နှမများ ငြိမ်းချမ်းစွာစည်းလုံးညီညွှတ်မှုကိုလိုလားတောင်းတမှုကိုဖော်ကျူး သည့်အနေဖြင့်၎င်း၊ လူမှုရေးမျိုးဆက်သစ်များစည်းလုံးညီညွှတ်မှု အင်အားကိုဖော်ဆောင်သည့် အနေဖြင့် ၄င်း၊ ကုသိုလ်ကောင်းမှုတစ်ရပ်အနေဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပထမအကြိမ်မြောက် ထမနဲထိုးပြိုင်ပွဲအားကျင်းပခဲ့သည်။
ညနေ (၃း၀၀) နာရီအချိန်တွင် ဒိုးပတ်ဝိုင်းများ၊ ရှမ်းတီးဝိုင်းအဖွဲ့များဖြင့် ပျော်ရွှင်တက်ကြွစွာပြိုင်ပွဲကိုစတင်ခဲ့သည်။ နေ့အလိုက် တာဝန်ကျသောအသင်းသား/သူများနှင့် မျိုးဆက်သစ်လူငယ်အသင်းစုစုပေါင်းအသင်း (၈)သင်းစည်းလုံးညီညွှတ် စွာဖြင့် ပြိုင်ပွဲအားစတင်ကျင်းပခဲ့သည်။ ပြိုင်ပွဲပြီးလျှင်ပြီးချင်းအကဲဖြတ်ဒိုင်အဖွဲ့ (၁၀) ဦးတို့မှ ထမနဲ၏ အရသာ၊ အရောင်အဆင်း၊ နူးနှပ်ခြင်း ရှိ/မရှိ၊ သန့်ရှင်းသပ်ရပ်မှု၊ အဖွဲ့လိုက်အားပေးမှုအင်အားတို့ကို ကြည့်ရှုကာဒိုင်တစ်ဦးချင်းမှ အမှတ်ပေးစနစ်ဖြင့်ပေးကာအမှတ်အများဆုံး ရရှိသွားသော “ဗုဒ္ဓဟူးနေ့ အသင်းသား/သူ”များအားပထမဆု၊ “တနင်္ဂနွေနေ့ အသင်းသား/သူ” များအားဒုတိယဆု၊ “၁/၂၀၁၂ မျိုးဆက်သစ် အသင်းသား/သူ” များအားတတိယဆုအဖြစ် ချီးမြှင့်ပေးအပ်ကာကျန်ရှိသောအသင်း (၅) သင်းအား နှစ်သိမ့်ဆုအဖြစ် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူမှ အသီးသီးချီးမြှင့် ပေးအပ်ဂုဏ်ပြုခဲ့သည်။
နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ပြိုင်ပွဲဝင် ထမနဲများအားနံနက်အာရုံတက်ချိန်တွင် မြတ်စွာဘုရားရှင်အားဆက်ကပ်လှူဒါန်းခြင်း၊ သံဃာတော်များလောင်းလှူခြင်း၊ သုခကုသိုလ်ဖြစ်ဆေးခန်းသို့ လာရောက်၍ ဆေးဝါးကုသကြသောလူနာများ၊ လူနာရှင်များနှင့် အလှူရှင်များ၊ အသင်းသား/သူများ၊ ဝန်ထမ်းများအားကျွေးမွေးဒါနပြုသွားမည် ဖြစ်ပါသည်။ထို့ကြောင့် ယနေ့ ပြည်ထောင်စုနေ့တွင် ကျင်းပသောနာရေးကူညီမှုအသင်း(ရန်ကုန်)၏ ထမနဲထိုးပြိုင်ပွဲသည် စည်းလုံးညီညွှတ်ခြင်း၏ ပြယုဂ်တစ်ခု ဖြစ်ခဲ့သည်နှင့်အညီ မြန်မာ့ရိုးရာယဉ်ကျေးမှုအားထိမ်းသိမ်းခဲ့သောကုသိုလ်အလှူပွဲတစ်ပွဲပင်ဖြစ်တော့ သည်။

No comments: